သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထု မျက်စိနားပွင့်စေမယ့် စာပေ မထုတ်ရဲအောင် ပိတ်ပင်မှု စာရေးသူရဲ့အမြင်


ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးက တိုးမြစ်စာအုပ်တိုက်ကို ပြောလာတဲ့ ဒေါက်တာအောင်ခင်ရဲ့ စိတ်ဓါတ်တော်လှန်ရေး စာအုပ်။
ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးက တိုးမြစ်စာအုပ်တိုက်ကို ပြောလာတဲ့ ဒေါက်တာအောင်ခင်ရဲ့ စိတ်ဓါတ်တော်လှန်ရေး စာအုပ်။

မြန်မာလူထု မျက်စိနားပွင့်စေမယ့် စာပေ မထုတ်ရဲအောင် ပိတ်ပင်မှု စာရေးသူရဲ့အမြင်

နိုင်ငံရေးစာပေတွေ အဓိက ထုတ်ဝေနေတဲ့ စာအုပ်တိုက် တတိုက်နဲ့ ပုံနှိပ်စက်တခုတို့ရဲ့ လုပ်ငန်းလိုင်စင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းထဲ စစ်ကောင်စီက ပိတ်သိမ်းလိုက်တာဟာ လူငယ်ထုကြား စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်လိုတဲ့ စိတ်ဓါတ်တွေ ပိုမို ရှင်သန်ဖွံ့ဖြိုးလာတာမျိုး မဖြစ်ရအောင် ၊ ဟန့်တားလိုက်တဲ့ သဘောမျိုး ဖြစ်နိုင်တယ်တဲ့ စာရေးသူတချို့နဲ့ ဝါရင့် သတင်းစာဆရာတချို့က သုံးသပ်ပါတယ်။ တချိန်ထဲမှာပဲ မြန်မာလူထု မျက်စိ၊နား ပွင့်စေမယ့် စာပေမျိုး ထပ်မထုတ်ရဲအောင် စာအုပ်တိုက်တွေကို ပြင်းထန်စွာ သတိပေးလိုက်တဲ့ သဘောလို့လည်း မြင်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။

ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ပြဌာန်းခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေ ပုဒ်မ(၈)ပါ အချက်တွေနဲ့ ငြိစွန်းလို့ဆိုပြီး ရန်ကုန်အခြေစိုက် "တိုးမြစ်" စာအုပ်တိုက် ထုတ်ဝေသူ ဦးဝင်းဇော်လတ်ရဲ့ ထုတ်ဝေခွင့်လိုင်စင်နဲ့ သူတို့တိုက်က စာအုပ်တွေ ရိုက်နှိပ်ပေးတဲ့ "လပြည့်လင်း" ပုံနှိပ်တိုက်ရဲ့ လုပ်ငန်းလိုင်စင်ကိုပါ ၂၀၂၄ ဇန်နဝါရီ ၂၇ ကစလို့ ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီပိုင် သတင်းစာနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဖေါ်ပြခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တရားဝင် ထုတ်ပြန်ချက်ထဲမှာတော့ ဘယ်စာအုပ် ထုတ်မိလို့ ခုလို လိုင်စင်ပိတ်သိမ်းရတယ်ဆိုတာ မဖေါ်ပြပေမယ့် ၊ "တိုးမြစ်"တိုက် ပိုင်ရှင် ဦးဝင်းဇော်လတ်ဆီ အကြောင်းကြားစာထဲမှာတော့ သမိုင်းပညာရှင် ဒေါက်တာ အောင်ခင်ရေးတဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ စာအုပ်ကို ထုတ်ဝေလို့ တိုးမြစ်တိုက်ကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းရတာလို့ ဖော်ပြထားကြောင်း "တိုးမြစ်" စာအုပ်တိုက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖြေရှင်းထားတာပါ။

တိုးမြစ်စာအုပ်တိုက် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ သတင်းဖေါ်ပြချက် ( Screenshot: ကြေးမုံသတင်းစာ)
တိုးမြစ်စာအုပ်တိုက် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ သတင်းဖေါ်ပြချက် ( Screenshot: ကြေးမုံသတင်းစာ)

လူအများသိအောင် ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာ ‘စိတ်ဓာတ်တော်လှန်ရေး’ ဆိုတဲ့ စာအုပ်အမည်ကို ထိန်ချန် ထားတာဟာ လူငယ်ထုကြား စစ်အာဏာရှင် ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ပို ရှင်သန်လာတာမျိုးကို မလိုလားတာ ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် ဒေါက်တာ အောင်ခင်က သုံးသပ်ပါတယ်။

" ကျနော် ရေးတဲ့စာအုပ်က ‘စိတ်ဓာတ်တော်လှန်ရေး’ ဆိုတဲ့စာအုပ်ပါ။ ဒီမိုကရေစီသမားတွေအတွက် အသုံးဝင်တဲ့ စာအုပ်ပဲ။ စိတ်ဓါတ် မပြောင်းလဲနိုင်တဲ့အတွက် အနှစ်(၁၀၀)ကျော်ကြာမှ တော်လှန်ရေး အသီးအပွင့်ကို ခံစားရတဲ့ ပြင်သစ်တော်လှန်ရေး အကြောင်းကိုလည်း ထည့်ပြီး ရေးထားပါတယ်။ ဒီ စာအုပ်ကို ကြောက်လို့ရှိရင် စာအုပ်ကို လိုက်သိမ်းပေါ့ဗျာ ၊ ထုတ်ဝေခွင့်နဲ့ ပုံနှိပ်ခွင့် လိုင်စင်တွေကို ဘာလို့ ရုပ်သိမ်းရတာလဲ။ ဒါ သက်သက် မတရားလုပ်တဲ့ကိစ္စပဲ။ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ရုပ်သိမ်းကြောင်း အသိပေးကြေညာတယ်လို့သာ ဖေါ်ပြထားတာ စိတ်ဓါတ်တော်လှန်ရေးဆိုတဲ့ စာအုပ်အမည်ကို မဖေါ်ပြဘူး။ ဒီစာအုပ်ကိုလည်း သူတို့က (စစ်ကောင်စီက) လူသိမှာကိုလည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့်မို့ တမင်တကာ ထိန်ချန်ထားတာပဲ။ သူတို့ကတော့ ကြောက်တာပေါ့ဗျာ ၊ လွတ်လွတ်လပ်လပ် တွေးခေါ်မှာ ကြောက်ပြီးတော့ အခုလိုဖြစ်လာတာပေါ့။ သူတို့ပြောတာကိုပဲ ယုံစေချင်တယ် .. သူတို့ပြောတာ မယုံတဲ့အတွက် အခု တော်လှန်ရေး ဖြစ်နေတာပေါ့။ "

ဒေါက်တာ အောင်ခင်ဟာ VOA ရဲ့ ပြင်ပဆောင်းပါးရှင်တဦး ဖြစ်ပြီး သူ့ရေးသားတဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ စာအုပ်ကို NLD အစိုးရလက်ထက် ၂၀၁၉ ဇန်နဝါရီလထဲမှာ ပထမအကြိမ် ထုတ်ဝေခဲ့တာပါ။ ပရိသတ်တောင်းဆိုမှုကြောင့် ၂၀၂၃ ဒီဇင်ဘာလထဲ ပြည်လည်ပုံနှိပ်ကာ ဒုတိယအကြိမ်အဖြစ် ထုတ်ဝေချိန်မှာ စစ်ကောင်စီက ခုလို အရေးယူတာလို့ တိုးမြစ်က သတင်းထုတ်ပြန်ပါတယ်။

၂၀၁၄ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေထဲမှာတော့ စာအုပ်တအုပ်ရဲ့ ထုတ်ဝေခွင့်ကို ပိတ်ပင်နိုင်တဲ့ အခွင့်အာဏာဟာ တရားရုံးမှာသာရှိတယ်လို့ ဖေါ်ပြခဲ့တာပါ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနက ညွှန်ကြားမှူးတဦးဦးရဲ့ ဆုံးဖြတ်ချက်အရ စာအုပ်ထုတ်ဝေခွင့်ကို ပိတ်သိမ်းနိုင်တဲ့ အခြေအနေမျိုးထိ ပြောင်းလဲလာခဲ့ပါတယ်။

တိုးမြစ်စာအုပ်တိုက် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ အကြောင်းပြချက်( Screenshot: ToeMyit Publishing FB)
တိုးမြစ်စာအုပ်တိုက် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနရဲ့ အကြောင်းပြချက်( Screenshot: ToeMyit Publishing FB)

ဒါဟာ စစ်ကောင်စီအပေါ် ဆန့်ကျင်လိုစိတ် တိုးပွားလာအောင် စေ့ဆော်ပေးနိုင်မယ့် စာပေမျိုးတွေကို ဟန့်တား ကန့်သတ်နိုင်အောင် ကြိုတင်ပြင်ဆင်ခဲ့တဲ့ သဘောလို့ ဝါရင့် သတင်းစာဆရာတဦးက မှတ်ချက်ပေးပါတယ်။

" ခုချိန်မှာတော့ တော်လှန်ရေးဆိုတဲ့ဟာရယ် ၊ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ဟာရယ် ၊ နောက်တခုက မြို့ပြမှာ အာဏာဖီဆန်ရေး ဆိုတဲ့ဟာမျိုးတွေရယ် ဒီလို စိတ်ဓါတ်မျိုးတွေကို အားပေးတယ်လို့ သူတို့ယူဆမယ်။ ဒါမျိုးတွေက သူတို့ကြောက်တယ်ပေါ့နော်။ အခုလိုမျိုး စာအုပ်တွေထုတ်တဲ့ ဟာတွေမှာလည်း စာပေတိုက်ကို လိုင်စင်သိမ်းလိုက်တာ။ အကယ်၍ စာရေးသူသာ မြန်မာပြည်ထဲမှာ ရှိနေမယ်ဆိုရင် စာရေးသူပါ ၅၀၅−က လိုပုဒ်မမျိုးနဲ့ အဆွဲခံရကိုး ။ ဆိုတော့ ဒီအနေထားမျိုးကိုကြည့်ရင် စာပေလွတ်လပ်ခွင့်ဆိုတာ မရှိတာ သေချာတယ်။ ခုချိန်မှာ စာပေစိစစ်ရေး မရှိတာ တခုပဲ၊ ဒါပေမဲ့ ဒီဟာမျိုး လုပ်လို့မရဘူး .. ဒါမျိုးလုပ်ရင် ပြစ်ဒဏ်ပေးမယ်ဆိုတဲ့ဟာမျိုးကို ပြန်ပြီး ကျင့်သုံးတာလို့ ကျနော်မြင်တယ်။ ဒီဖြစ်ရပ်က ကျန်တဲ့ ထုတ်ဝေသူတွေအားလုံးပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။ "

တကယ်တော့ လန်ဒန်အခြေစိုက် သမိုင်းပညာရှင် ဒေါက်တာအောင်ခင်ရဲ့ ‘စိတ်ဓာတ်တော်လှန်ရေး’ စာအုပ်ဟာ ၂၀၁၀-၁၁ ခုနှစ် ကာလအတွင်း ရေဒီယိုအသံလွှင့်ချက်တွေကို စုစည်းထားတဲ့ စာအုပ်ဖြစ်သလို၊ Jonathan Israel ရဲ့ A Revolution of the Mind ဆိုတဲ့စာအုပ်ကို မိတ်ဆက်ထားတာပါ။ လူ့သမိုင်းတလျှောက် လူသားတွေရဲ့ အတွေးအခေါ် တော်လှန် ပြောင်းလဲ တိုးတက်လာပုံအကြောင်းတွေ ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ "တိုးမြစ်"ရဲ့ စာအုပ်တိုက် ထုတ်ဝေခွင့်လိုင်စင်၊ "လပြည့်လင်း" တိုက်ရဲ့ ပုံနှိပ်ခွင့်လိုင်စင်တို့ကို ပိတ်သိမ်းရတာဟာ ‘နိုင်ငံတော် လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးအပြင်၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်တရားမျှတမှု အခွင့်အရေးတွေကို ထိခိုက်စေတဲ့အတွက်ကြောင့်မို့ ဖြစ်တယ်လို့ စစ်ကောင်စီပိုင် သတင်းစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး မှတ်ချက်ရယူနိုင်ဖို့ "တိုးမြစ်"စာအုပ်တိုက်ကို ဆက်သွယ်ခဲ့မယ့် အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီလက်ထက်မှာ "တိုးမြစ်" စာပေတိုက် မတိုင်ခင် အခြားစာအုပ်တိုက်တွေ အပိတ်ခံရဖူးတာ ရှိပြီး၊ ရိုဟင်ဂျာတွေပေါ် လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ရေးထားတဲ့စာအုပ် ထုတ်ဝေခဲ့တဲ့ လွင်ဦးစာပေတိုက်နဲ့ စစ်အာဏာပိုင်တွေ လုပ်ရပ်က ဗုဒ္ဓအဆုံးအမနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ရေးထားတဲ့စာအုပ်ကို ထုတ်ဝေတဲ့ ရန်အောင် စာအုပ်တိုက်တို့ ဖြစ်ပါတယ်။

VOA က ထပ်မံ စုံစမ်းသိရတာတော့ "တိုးမြစ်"ထုတ်ဝေသူနဲ့ "လပြည့်လင်း"ပုံနှိပ်သူ နှစ်ဦးတို့ကို ရန်ကုန် ပုဇွန်တောင်တရားရုံးက − တယောက် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်စေပြီး ဖေဖေါ်ဝါရီ ၁၃ ရက်မှာ အမှုကို ပိတ်သိမ်းလိုက်တယ်ဆိုပေမယ့် ၊ "တိုးမြစ်"ရဲ့ ထုတ်ဝေခွင့်လိုင်စင်ကိုတော့ ဆက်လက်ပိတ်ပင်ထားဆဲပဲလို့ ဆိုပါတယ်။

XS
SM
MD
LG