သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့မီဒီယာနှိပ်ကွပ်မှု RSF ရှုတ်ချ


ရခိုင်အခြေစိုက် DMG သတင်းဌာန
ရခိုင်အခြေစိုက် DMG သတင်းဌာန

မြန်မာ အာဏာသိမ်း စစ်ကောင်စီက လွတ်လပ်တဲ့ ပြည်တွင်း အခြေစိုက် ဒေသဆိုင်ရာ မီဒီယာ တခု ဖြစ်တဲ့ Development Media Group (DMG) ကို ပိတ်သိမ်းခဲ့တာအပေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ရှုတ်ချလိုက်ပြီး DMG ရုံးခန်းကို စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးခဲ့တဲ့ ဝန်ထမ်းနှစ်ဦးကိုလည်း ပြန်လွှတ်ပေးဖို့ သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အရင်က မကြုံစဖူးတဲ့ အနေအထားနဲ့ သတင်းပညာနဲ့ သတင်းရယူပိုင်ခွင့်တွေကို ဖိနှိပ်ချုပ်ချယ်ခံနေရချိန်မှာ Development Media Group ဟာ စစ်အစိုးရက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လွတ်လပ်တဲ့ သတင်းအချက်အလတ်တွေ ပေးနေတဲ့ မီဒီယာတွေထဲက တခုပါ။ RSF က ဒီသတင်းမီဒီယာတွေကို မတရားပိတ်ပစ်တာကို ရှုတ်ချပြီး လက်ရှိဖမ်းဆီးထားတဲ့ သတင်းထောက် ၇၁ ဦးကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ RSF ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ဗျူရိုဒါရိုက်တာ Cédric Alviani က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ရခိုင် အခြေစိုက် သတင်းဌာန DMG ရဲ့ သတင်းထောက် ကိုထက်အောင်ဟာ စစ်တွေမြို့မှာ ယဉ်ကျေးမှုပွဲတော် တခုမှာ သတင်းယူနေတုန်း စစ်ကောင်စီ လုံခြုံရေး တပ်တွေက ပထမ ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် နာရီအနည်းငယ်အကြာမှာ စစ်သားတွေဟာ DMG ရဲ့ ရုံးခန်းကို ဝင်ရောက်စီးနင်းကာ ညစောင့် ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့ပါတယ်။ DMG ရဲ့ ကျန်ဝန်ထမ်းတွေကတော့ ပုန်းအောင်းနေခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေက DMG ရုံးခန်းကို ချိတ်ပိတ်ကာ ကင်မရာတွေနဲ့ ကွန်ပျူတာ လက်တော့ပ်တွေကို တစုံတရာ အကြောင်းပြချက် မပေးဘဲ သိမ်းဆည်းသွားခဲ့ပါတယ်။

DMG ဟာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတင်ပြနေတဲ့ လူထုမီဒီယာအဖွဲ့အစည်းတခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် တုန်းကလည်း စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက DMG ရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်း ဆက်သွယ်မှုနဲ့ တရားစွဲဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာလည်း စစ်တပ်ဟာ တခြား DMG သတင်းထောက်တွေကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာ့မီဒီယာ အခင်းအကျင်းက ဖိနှပ်မှုတွေ ဆက်တိုက်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီက သတင်း မီဒီယာ အများအပြားရဲ့ ထုတ်ဝေခွင့် လိုင်စင်တွေကို ရုပ်သိမ်းခဲ့ပြီး မီဒီယာ အများအပြားက နယ်စပ်နဲ့ ပြည်ပ ထွက် လုပ်ကိုင်နေရပါတယ်။ ဒါ့အပြင် အလွတ်တန်း ဓာတ်ပုံဆရာ ကိုအေးကျော်နဲ့ ကိုစိုးနိုင်၊ ပြည်ထောင်စုသတင်းဂျာနယ် အယ်ဒီတာ စိုင်းဝင်းအောင်၊ ချင်းပြည်နယ် အခြေစိုက် ခေါနုသုမ်ချင်းသတင်းဌာန တည်ထောင်သူနဲ့ အယ်ဒီတာ ပူးသွီဒင်း (Pu Tuidim) တို့ အပါအဝင် သတင်းထောက် လေးဦးထက်မနည်း အသတ်ခံခဲ့ရပါတယ်။ RSF ရဲ့ ၂၀၂၃ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၃ မှာ ရှိနေပြီး ကမ္ဘာပေါ်မှာ သတင်းထောက်တွေ အများဆုံး အကျဉ်းကျခံနေရတဲ့ နိုင်ငံများ စာရင်းမှာလည်း တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးနိုင်ငံဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG