သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းမြို့အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ


ကောလင်းမြို့ ( photo: Kawlin People Defense Force - KLPDF )
ကောလင်းမြို့ ( photo: Kawlin People Defense Force - KLPDF )

အမျိုးသားညီညွတ်ရေး အစိုးရ NUG က တိုက်ခိုက်သိမ်းယူထားတဲ့ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေက ပြန်လည် သိမ်းယူနိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲ ၁၀ ရက်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ဘက်က မြို့တွင်းနေရာတချို့ ဝင်နိုင်လာတာရှိသလို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ခုခံ တိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြပါမယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက လေးရက်ကြာ ထိုးစစ်ဆင်ပြီး ၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့က တိုက်ခိုက် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ စစ်အင်အား ထောင်ဂဏန်း ဝန်းကျင်သုံးပြီး မြို့မြောက်ဖက်နဲ့ တောင်ဖက် နှစ်ဖက်ညှပ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲ ၁၁ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကောလင်းမြို့တိုက်ပွဲ အခြေအနေကို NUG အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက VOA ကို ခုလိုပြောပါတယ်။

“မြေပြင်အနေအထားမှာ စစ်ကောင်စီဘက်က ဝင်လာတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ဘက်က ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေက နေရာယူထားတာတွေလည်း ရှိပါတယ်။ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲတွေလည်း အပြန်အလှန်ဖြစ်နေပါတယ်။ တိုက်ပွဲရဲ့ သဘောတရားအရ အတိုးအဆုတ်တွေနဲ့ တိုက်နေရတာတွေလည်း ရှိပါတယ်။ ဗျူဟာအရကတော့ မြေပြင်မှာ အဲ့လိုအနေအထားတွေ ရှိပါတယ်။ ကျွန်တော်တို့ကတော့ မြေပြင်တွေမှာလည်း ကျေးရွာတွေမှာလည်း သူတို့ရဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်ပြီးတော့ ပိတ်ဆို့ထားတာတွေလည်း ရှိပါတယ်။”

ကောလင်းမြို့တိုက်ပွဲအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးမှု၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတွေကိုတော့ စာရင်းကောက်ယူနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကောလင်းတစ်မြို့လုံး ဖေဖော်ဝါရီ ၃ ရက်နေ့မတိုင်ခင်ကတည်း စစ်ရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီဖက်က ဝန်းသို၊ ကန့်ဘလူ စတဲ့ အထိုင်တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ကောလင်း အနီးတဝိုက်မှာ မနေရဲကြတော့ဘဲ မြစ်ကြီးနား၊ မန္တလေး စတဲ့ ဒေသတွေကို သွားရောက် စစ်ဘေးရှောင်ကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်က ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေရှိသလို လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း အများကြီးရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်.

“ဒီနေ့ကတော့ တော်တော့်ကိုရှို့တာ၊ စျေးပတ်ပတ်လည်အကုန်လုံး ကုန်သွားပြီ။ အခု ငပွေးလေး ရွာက ဆန်စက်တွေအကုန်လုံးလည်း မီးရှို့ထားပြီ။ တော်တော်များများရှို့တာ၊ ရွာတွေလည်း တော်တော်များများ ရှို့ထားတယ်။ အခု လောလောဆယ် သူတို့(စကစ) အကုန် ထိမ်းချုပ်ထားပြီးတော့ အကုန်ပတ် မီးရှို့နေတယ်။ ၃ ရက်နေ့လောက်ကနေစပြီး မြို့သိမ်းတိုက်ပွဲတွေ လုပ်ကတည်းက ရှောင်နေတာ၊ မပြန်ရဲကြတော့ဘူး၊ ခဏတော့ ပြန်လိုက်သေးတယ်။ ခဏခဏ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေနဲ့ ပစ်တော့ မနေရဲတော့လို့ ရှောင်နေလိုက်ကြတော့တာ။”

စစ်ကောင်စီဘက်က ကောလင်းမြို့ကို ပြန်လည်းသိမ်းပိုက်နိုင်ရေးအတွက် စစ်အင်အား ထောင်ဂဏန်း ဝန်းကျင်အပြင် လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်သလို ဝန်းသို၊ ကန့်ဘလူ စတဲ့ စစ်ကောင်စီ အထိုင်စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ပွဲမှာ နှစ်ဖက် အထိအခိုက် ရှိပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။

စစ်ကောင်စီက ကောလင်းမြို့ဖက်သို့ သွားရာလမ်းဖြစ်တဲ့ ကန့်ဘလူမြို့နယ်က ချပ်သင်း၊ ချပ်ကြီး၊ သင်တော၊ ဦးကင်းကြည် စတဲ့ ကျေးရွာတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၈ ရက်နေ့မှာလည်း ကန့်ဘလူ ကာကွယ်ရေးတပ်ဖွဲ့တွေက ကောလင်းကိုသွားတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ကောလင်းမြို့နယ် ဆေးရုံကို ဗုံး ၄ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့ အနီးဖြစ်တဲ့ ဂုဏ်ညှင်းလျှို၊ ဆီဆုံ၊ ဝါးရုံခုံ၊ ဇီးခုံ စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကစလို့ ကောလင်းမြို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကိစ္စတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စီမံနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG