သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကောလင်းမှာ ၈ ဦးထက်မနည်း သေဆုံး 


ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ဈေးအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာ (ဇန်နဝါရီ ၂၊ ၂၀၂၄)
ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ဈေးအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာ (ဇန်နဝါရီ ၂၊ ၂၀၂၄)

ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ကောလင်းမြို့ကို စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သား အနည်းဆုံး ၆ ဦးသေဆုံးပြီး ၁၅ ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ထီးချိုင့်မြို့မှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ် ရက်ဆက် တိုက်ပွဲတွေရှိနေပါတယ်။ စစ်ကိုင်းတိုင်းထဲက အခြေအနေကို ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်လည်ပတ်နေတဲ့ ကောလင်းမြို့ကို ဇန်နဝါရီ ၂ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ ဝန်းသိုအမြှောက်တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ဈေးထဲကိုကျခဲ့တာမှာ အနည်းဆုံး ဒေသခံ ၆ ဦး သေဆုံးခဲ့တယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦး ဖြစ်တယ်လို့ ကောလင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် ၈ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြားသိရကြောင်း ကောလင်း ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“၈ ခွဲလောက်ကပစ်တာ။ အထင်ကတော့ ဝန်းသိုကနေ လှမ်းလှမ်းပစ်နေတာ ကောလင်းကိုကလေ။ တော်တော်ဆိုးတယ်။ အိမ်တွေအပေါ် ကျရင်လည်း တော်တော်ဆိုးတယ်။ ဒီနေ့က ဈေးထဲတွေကျတာ၊ ၈ ဦး ဆုံးတယ်တဲ့။ ဒဏ်ရာရတာက ၁၅ ဦးလောက်တော့ ကြားတယ်။”

လက်နက်ကြီး ၆ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဈေးစည်ကားနေချိန် ကျရောက်ပေါက်ကွဲတာ ဖြစ်တဲ့အတွက် အခုလို သေဆုံး ဒဏ်ရာရတာတွေများပြီး ဒဏ်ရာရသူတွေထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ဈေးအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာ (ဇန်နဝါရီ ၂၊ ၂၀၂၄)
ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ဈေးအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့်နေရာ (ဇန်နဝါရီ ၂၊ ၂၀၂၄)

ကောလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကတော့ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၅ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဝန်းသိုအမြောက်တပ်ကနေ ကောလင်းမြို့ကို မကြာခဏပစ်ခတ်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး သက်တော် ၁၀၀ ကျော်ရှိတဲ့ ဆရာတော်တပါး အပြင်၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့ဘက်မှာဆိုရင်လည်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်တပ်ဘက်က အရပ်သားတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကန်ပေါက်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ရပါသေးတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ ကာကွယ်ရေး တပ်ဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကို တိုက်ခိုက်ချိန်မှာ အရပ်သားတွေနေအိမ်အပေါ် ကျရောက်ပြီး သေဆုံးတာလို့ ထီးချိုင့်မြို့ခံ တဦးက အခုလို ပြောပြပါတယ်။

“အဖွဲ့အစည်းတွေရှိတယ် ထင်တဲ့နေရာတွေကို (သတင်း) လှမ်းပေးတာ မှားပေးတာတွေကြောင့် လာကြဲနေတာ။ သတင်းအမှားပေးတာ။ သူတို့ပေးတဲ့နေရာက ဘာမှမရှိတဲ့နေရာတွေကို သွားကျတာပေါ့။ လူနေအိမ်တွေပေါ်ကို သွားကျတာ ၇ နှစ်အရွယ် ယောကျ်ားလေးတယောက် သေသွားတယ်။ အဲ့နေရာတွေက တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ အဝေးကြီးပါပဲ။ တိုက်ပွဲကတော့ နေ့စဉ်လိုလို ဖြစ်နေတာပဲ။ လေယာဉ်ကလည်း နေ့စဉ်လိုလို လာကြဲနေတာပေါ့။ ဖြစ်နေတာက မြို့ထဲမှာပဲ ဖြစ်နေတာပေါ့။”

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ထီးချိုင့်မြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာပါ။ အဲဒီလို စစ်တပ်ရဲ့ လေကြောင်းက ပစ်ခတ်မှုတွေကြောင့် ၂၀၂၃ ခုနှစ်ထဲမှာတင် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ စာရင်းကောက်ယူထားသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG