သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟုမ္မလင်း-ရွှေပြည်အေး စစ်ကောင်စီထိုးစစ်ဆင်


ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့
ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတာ ၁ လ အကြာမှာပဲ စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။ ဖောင်းပြင်မြို့ဘက်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်တပ်က လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

နိုဝင်ဘာလ နောက်ဆုံးအပတ်မှာ ဟုမ္မလင်းနဲ့ ဖေါင်းပြင်ကြား ချင်းတွင်းမြစ်ကြောင်းပေါ်က ရွှေပြည်အေးမြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက အလုံးစုံသိမ်းပိုက်ခဲ့တာဖြစ်ပြီး အခု ၁ လအကြာမှာတော့ စစ်တပ်က ပြန်လည်ထိုးစစ် ဆင်လာတာ ဖြစ်ပါတယ်။ ရွှေပြည်အေးမြို့ အနီးတဝိုက်က ကျေးရွာတွေမှာ ကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်တပ်၊ ရှမ်းနီအမျိုးသားများ တပ်မတော်နဲ့ ပျူစောထီး အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ စစ်တပ်ဘက်က လေကြောင်းကနေပါ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဟုမ္မလင်း ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ တဦးက VOA ကို ပြောပါတယ်။

“တပ်ရင်း ၄၀ က နဲ့ SNA ရယ် ဟုမ္မလင်း မြို့ပေါ်မှာရှိတဲ့ ပျူရယ်ပေါင်းပြီးတော့မှ စစ်ကြောင်းထိုးတယ်။ ရွှေပြည်အေးကို ထိုးစစ်ဆင်လာတာပဲ။ ရွှေပြည်အေးကိုထိုးပေမယ့် ရွှေပြည်အေးနားတော့ မရောက်သေးဘူး။ ရွှေပြည်အေးနားက ရွာတွေမှာ ဒီဘက် ကာကွယ်ရေးတပ်ဖွဲ့တွေက ရှေ့ပွိုင့်တွေ ထွက်ပြီးတော့ သွားကာတော့ အဲ့မှာ ထိတွေ့မှုတွေ ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှု တွေကရှိတယ်။ နေ့စဉ်လိုလို ဖြစ်နေတာ။ မနေ့လည်း တကြိမ်ဗုံးလာကြဲတယ်လို့သိရတယ်။ ရွှေပြည်အေး တင်မကဘူး သူတို့ဆုတ်ခွာ လိုက်ရတဲ့ ရွာတွေက စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းထားတော့ အဲ့ရွာတွေကိုပါ ဗုံးလိုက်ကြဲနေတာ။”

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ရွှေပြည်အေးမြို့ဟာ မြန်မာစစ်တပ်အပြင် စစ်တပ်ကို ထောက်ခံသူ ပျူစောထီးတွေပါရှိပြီး ချင်းတွင်းမြစ် အနောက်ဖက်ကမ်းမှာ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ရဲ့တပ်မဟာ (၈၉၁)လည်း ရှိတယ်လို့ သိရပါတယ်။

ရွှေပြည်အေးမြို့ဟာ ချင်းတွင်းမြစ်ဘေးမှာတာကြောင့်လည်း ရေကြောင်းကို အဓိက အားထား အသုံးပြုရတဲ့ မြို့ဖြစ်ပါတယ်။ စစ်ရေးအရ ဗျူဟာကျတဲ့ မြို့ဖြစ်တဲ့အတွက် စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်နေတာလို့လည်း ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ မြေပြင်မှာ စစ်ရေးတင်းမာနေပြီး နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွါး နေတာပါ။ ရွှေပြည်အေးမြို့ထဲမှာတော့ မြို့ခံအချို့သာ ကျန်ရှိနေပြီး အများစုက ဘေးလွတ်ရာ ကျေးရွာတွေနဲ့ ဟုမ္မလင်းမြို့ပေါ်ကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့ကို သွားလာဖို့အတွက် ချင်းတွင်းမြစ်ကို အဓိကထား အသုံးပြုနေရတာဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်း တလျှောက်နဲ့ မြစ်ကြောင်းပေါ်က ရွှေပြည်အေး မြို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားတာကြောင့် စစ်တပ်က အခုလို ပြန်လည် ထိုးစစ်ဆင်လာတာပါ။ ရွှေပြည်အေးမြို့ကို အခုလို ထိုးစစ်ဆင် တိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဖောင်းပြင်မြို့ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးမှု မရှိပေမဲ့ စစ်တပ်က အနီးဝန်းကျင်ကျေးရွာတွေမှာ ၁ ပတ်အတွင်းမှာပဲ ၂ ကြိမ် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူကတော့ ၁၄ ဦး ထက်မနည်း ရှိခဲ့တာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့က ချင်းတွင်း မြစ်ဘေးက သရောင်း ထောမ ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၆ မှာတော့ ရွှေထီးကုန်း ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတဲ့ အခြေအနေကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

“လေကြောင်းတိုက်ခိုက်မှုက တိုက်ပွဲဖြစ်ပွားတဲ့ ဖြစ်စဉ်မရှိဘဲ ဒီအတိုင်း ရွာတွေကို ရမ်းကြဲတဲ့ဖြစ်စဉ်တော့ ရှိတယ်။ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်း ၄ နာရီ ၂၀ လောက်က ဟုမ္မလင်းက တက်တဲ့ MI2 ထင်တယ်။ သရောင်း ထောမ ကျေးရွာကို ဗုံး ၁၃ လုံး ကြဲချသွားတယ်။ ထိခိုက်ပျက်စီးမှုက ကိုကျော်စိုးဆိုတဲ့ အသက် ၃၂ နှစ်အရွယ် မုံရွာက ကားဆရာတယောက်က ဗုံးဆံထိမှန်ပြီးတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျဆုံးတာက ၁ ယောက်ဗျ။ ဒဏ်ရာရတာက ၉ ယောက်ခင်ဗျ။ ဒီဇင်ဘာ ၂၆၊ ၁၂ နာရီဝန်းကျင်မှာ ရွှေထီးကုန်းရွာကို ဟုမ္မလင်းတက်တဲ့ MI2 ပဲ ဗုံးလာကြဲသွားတယ်။ ပြည်သူ ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်။ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲ။ ”

စစ်တပ်က ကာကွယ်ရေး တပ်ဖွဲ့တွေရှိမယ်ထင်တဲ့ နေရာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်နေတာ ဖြစ်ပြီး အခုလို ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ် ၉ လုံးလည်း ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG