သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီဆန့်ကျင်ရေး မွန်ပြည်သစ်အဖွဲ့ခွဲထောင်


မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ
မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ

အာဏာသိမ်းစစ်ကောင်စီကို ပြန်တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)ဆိုတဲ့ အမည်နဲ့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ နွေတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ့်အကြောင်း ပြောဆိုပါတယ်။ ဒီကြေညာချက်ကို မွန်နွေဦးတော်လှန်ရေးအဖွဲ့နဲ့ မွန်ပြည်သူတွေကလည်း ကြိုဆိုကြောင်း ပြောဆိုကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က ပြောပြမှာပါ။

အာဏာသိမ်းစစ်ကောင်စီကို ပြန်တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ဆိုတဲ့ အမည်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့ NCA စာချုပ် သဘောတူညီချက်အရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ဖြေရှင်းဖို့ ကြိုးပမ်း အားထုတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ မျှော်မှန်းတဲ့ရလဒ်တွေ လုံးဝ မရရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံမှာ အကျေအလည်ဆွေးနွေးခဲ့ပြီး လတ်တလောအခြေအနေကို အပစ်ရပ်စာချုပ်အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားမယ့် ဆုံးဖြတ်ချက်ကိုလုံးဝ လက်မခံနိုင်တဲ့ ပါတီခေါင်ဆောင်တွေ ပါတီဝင်တွေ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်တွေနဲ့ ပူးပေါင်းပြီး မိခင်ပါတီဖြစ်တဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ ပူးပေါင်းတိုက်ခိုက်ခြင်းသာ ရလဒ်ကောင်းရမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မွန်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက အခုလို ထောက်ပြပြောဆိုပါတယ်။

“လုပ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ ဘာလို့လဲဆိုတော့လေ ကိုယ်တစ်ဖွဲ့တည်း၊ ကိုယ့်မျိုးသားတစ်ခုတည်းနဲ့ တိုက်ခဲ့တာပေါ့နော်၊ သူ့ဟာသူတိုက် ကိုယ့်ဟာကိုယ်တိုက် တိုက်ခဲ့တာ အနှစ် ၇၀ ကျော်ပြီး၊ ဘာမှ ထူးမှာမဟုတ်ဘူးပေါ့နော်။ ဒီအချိန်မှာ ဒီလိုမျိုး မလုပ်ဘူးဆိုရင်တော့ ဘယ်လိုမှ မျှော်မှန်းတဲ့ ပန်းတိုင်ရမှာမဟုတ်ဘူး။ ဒါကတော့ လုပ်သင့်တဲ့ကိစ္စတစ်ခုလို့ မြင်တယ်။”

မွန်ပြည်သစ်ပါတီနဲ့ လူငယ်တွေအကြား ချိတ်ဆက်မိပြီး နွေဦးတော်လှန်ရေးရဲ့ အခြေအနေကို ထိန်းညှိနိုင်မယ့် လုပ်ရပ်ဖြစ်တာကြောင့် ဒီကြေညာချက်ဟာ ကောင်းမွန်တဲ့ ကြေညာချက်ဖြစ်ကြောင်း ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဥက္ကဋ္ဌ ခွန်ဘီဒူးက ပြောပါတယ်။

“မွန်ကြေညာချက်ကတော့ ကောင်းတယ်လို့ ယူဆတာပေါ့နော်။ နှစ်ဘက်ကတော့ နဲနဲလေး ကွဲနေတယ်ဆိုပေမယ့် မွန်လူငယ်တွေ၊ မွန်တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့ မွန်ပြည်သစ်ပါတီက ပြန်တွဲမိပြီးမှ ဒီ နွေဦးတော်လှန်ရေးရဲ့ အခြေအနေတွေကိုပေါ့နော်၊ ပိုပြီးမှ ထိန်းညှိနိုင်လိမ့်မယ်ပေါ့နော်။ သို့မဟုတ်ရင်တော့ မွန်တွေရဲ့ နိုင်ငံရေးတွေကလည်း မကြာခင်မှာပေါ့နော်၊ မှေးမှိန်သွားလိမ့်မယ်ပေါ့နော်။ မွန်ပြည်နယ်နဲ့ အမျိုးသားနိုင်ငံရေး ရပ်တည်ချက်ကို ဒီ နည်းနဲ့သာဘဲ တည့်မှတ်နိုင်မယ်လို့ ယူဆတယ်။”

အခြားသော နွေးဦးတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်တိုက်ဖျက်မယ့် အစီအစဉ်ကို ထောက်ခံ ကြိုဆိုတဲ့အကြောင်း မွန်လူငယ် အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

“အရင့်အရင်ကတည်းကလည်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း အခြားသော တော်လှန်ရေးတွေနဲ့ အတူပေါ့၊ ရပ်တည်ပြီးတော့ အချိတ်အဆက်လုပ်သင့်ပါတယ်ဆိုတဲ့ သွားလည်းပေးခဲ့ဖူးတယ်ပေါ့နော်။ သို့သော်လည်း အခုလို အချိန်ကောင်းအခါကောင်းမှာ ယခုလို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးကနေ အမျိုးသားတန်းတူရေးအတွက် ကိုယ်ပိုင်ပြဌာန်းရေးအတွက် ဒီအခြားသော တော်လှန်ရေးအစုအဖွဲ့နဲ့ အတူပေါ့နော် ဒီအကြမ်းဖက်စစ်တပ်ကို တိုက်ဖျက်ဖို့ ရှင်းရှင်းလင်းလင်းဖြစ်လာတာ ကောင်းတာပေါ့နော်၊ ထောက်ခံပါတယ်။”

စစ်မျက်နှာဖွင့်လိုက်ပြီး ဖြစ်တာကြောင့် ပြည်သူတွေလည်း ပြင်ဆင်ထားကြဖို့ လိုအပ်သလို မွန်ပြည်နယ်အတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေ ပေးနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားဖို့ မွန်လူငယ်တွေအပါအဝင် အခြားသော မဟာမိတ်အဖွဲ့အစည်းတွေနဲ့ အချိတ် အဆက်လုပ်သင့်တယ်လို့ မွန်ပြည်သူတွေနဲ့ နိုင်ငံလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်နက်အားကိုးပြီး ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်၊ ဖိနှိပ်မှုမျိုးစုံလုပ်နေပြီး မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာလည်း လက်နက်ကြီးပစ်ခတ်၊ လေကြောင်း တိုက်ခိုက်နေသလို နေအိမ်မီးရှို့မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်ဗညားလယ်၊ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူကြတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သား ရဲဘော်များနဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကာကွယ်ဖို့ တိုင်းရင်းသားလူမျိုးများ လိုလားတောင်းတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်း လက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သတ်လို့ မွန်ပြည်သူတွေက လူမှုကွန်ရက်စာမျက်နှာမှာ ထောက်ခံကြိုဆိုတဲ့ စာတွေ ရေးတင်ကြသလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(M.L.A) ၊ မွန်ပြည်ဖယ်ဒရယ်ကောင်စီ စတဲ့ အဖွဲ့တွေကလည်း ထောက်ခံကြိုကြောင်း ပြောဆိုကြပါတယ်။ ဒါ့အပြင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ချေးမှုန်းတိုက်ခိုက် တိုက်ပွဲဝင်သွားမယ်လို့ လည်း ကြေညာချက် အသီးသီး ထုတ်ပြန်ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီရဲ့ သဘောထားသိရှိဖို့ ထိပ်ပိုင်းခေါင်ဆောင်တွေကို VOA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ စစ်ကောင်စီဘက်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG