သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်စခန်းကို အမည်မသိလက်နက်ကိုင်များ တိုက်ခိုက်


 မွန်ပြည်သစ် တပ်ဖွဲ့ဝင်များ
မွန်ပြည်သစ် တပ်ဖွဲ့ဝင်များ

မွန်ပြည်နယ်၊ မရမ်းချောင်းနဲ့ ဗလဲဒွန်ဖိုက်ဘက်မှာရှိတဲ့ မွန်ပြည်သစ်ပါတီစခန်းနှစ်ခုကို ဒီမနက် အစောပိုင်းမှာ KNU အဖွဲ့ကလို့ ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူ ၁၀ဦး လောက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ KNU တာဝန်ရှိသူကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စိစစ်ဆဲဖြစ်ပြီး ဘယ်အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်သွားတယ်ဆိုတာကို မသိရှိသေးဘူးလို့ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ မွန်ပြည်သစ် မရမ်းချောင်းအခြေစိုက်စခန်းနဲ့ ဘုရားသုံးဆူမြို့နယ်၊ ဗလဲဒွန်ဖိုက်ကျေးရွာနားက မွန်ပြည်သစ်ပါတီ တပ်ခွဲရုံးတို့ကို ဒီကနေ့မနက် ၄နာရီဝန်းကျင်မှာ KNU ဘက်က လက်နက်ကိုင်တချို့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောပါတယ်။ မွန်ပြည်သစ်ပါတီတပ်ခွဲရုံးကို ဝင်ရောက်ပစ်ခတ်ချိန် တပ်ဆုတ်ခဲ့ရပေမယ့် မရမ်းချောင်းဘက်ကို ပစ်ခတ်ချိန်မှာတော့ လာရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ခဲ့တဲ့ နှစ်နေရာလုံးကို KNU ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်အေးမွန်က ပြောပါတယ်။

“ဒီတိုက်ပွဲဖြစ်စဉ်တွေမှာတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေတော့ မကြားမိသေးဘူး။ ဒီဖြစ်တဲ့ တိုက်ပွဲနှစ်နေရာစလုံးဟာ KNU အဖွဲ့နဲ့ပဲဖြစ်တာပါ။ သူတို့ကအစီအစဉ်ရှိရှိနဲ့ ကျတော်တို့တပ်စခန်းကို ဝင်ပစ်တယ်လို့ယူဆရတယ်။”

ဒီမနက်ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ပစ်ခတ်မှုဖြစ်ခဲ့တာကို သိပေမယ့် ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာ မသိသေးကြောင်း ပြောပါတယ်။

KNU အဖွဲ့ဝင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ပစ်ခတ်မှုသတင်းကြောင့် အခြေအနေ တိတိကျကျသိရဖို့ ဘုရားသုံးဆူဘက်ကိုသွားနေတယ်လို့ ဆိုပါတယ်။

“ဖြစ်တော့ဖြစ်တယ်။ ပစ်ခတ်မှုတော့ဖြစ်တယ်။ ဘယ်သူနဲ့ဘယ်သူ ဖြစ်မှန်းမသိသေးဘူး။ အဲဒါကတော့နော် ကျတော်တို့အခြေအနေ၊ ကျတော်တို့အနေအထားအရ ဆက်သွယ်မှုကလည်း မကောင်းတဲ့အပေါ်မှာ အဲဒါကိုပြန်ပြီးတော့ တိတိကျကျဖြစ်ဖို့ ပြန်ပြီးတော့ စိစစ်ဆဲပဲပေါ့နော်။”

ပစ်ခတ်မှုဖြစ်တဲ့နေရာက ဘုရားသုံးဆူနဲ့ ရေးမြို့ကိုသွားတဲ့ တောင်ပေါ်လမ်းဖြစ်တာကြောင့် လူနေအိမ်တွေနဲ့ဝေးပေမယ့် အဲဒီနားမှာရှိနေတဲ့ တပ်ဖွဲ့ဝင်မိသားစုတွေနဲ့ ရွာခံတချို့ကတော့ ထွက်ပြေးခဲ့ရတယ်လို့ ဘုရားသုံးဆူဒေသခံတဦးက ပြောပါတယ်။

“ဒီစခန်းတွေက တောနက်ထဲမှာ မွန်ပြည်သစ်တပ်တွေရှိရင် ရွာသားတွေက အဲဒီဘေးနားမှာ အိမ်တွေဆောက်တယ်။ တပ်မိသားစုတွေလည်း အိမ်ဆောက်တယ်ဆိုတော့ ဈေးဆိုင်တွေဖြစ်လာတယ်။ အဲလိုရွာဖြစ်သွားတာပေါ့။ ရွာဖြစ်တော့ စခန်းကအရင်လား၊ ရွာကအရင်လားတော့ မသိဘူူူး။ အဲဒီမှာ လူတော့စုံတာပဲ။ ပစ်တာခတ်တာဖြစ်လာမှ အဲကလူတွေ ထွက်ပြေးတာပေါ့။”

ဘုရားသုံးဆူဒေသတဝိုက်မှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ နှစ်ဖက် လက်နက်ကိုင်အဖွဲ့ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေကြား အခုနှစ် ဧပြီလပိုင်းကစပြီး အခြေအနေတင်းမာပြီး နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်လည်း နောက်မှာ အဲဒီလို ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရင် ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာနဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေ ဆက်မဖြစ်ရေးတို့အတွက် နှစ်ဘက် ခေါင်းဆောင်တွေ ဘုရားသုံးဆူမြို့၊ ချောင်းဆုံရွာနားက မက္ကသာချောင်းဆုံရေတံခွန်စခန်းမှာ အခုလ ၄ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ KNU အဖွဲ့ဝင် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ ၄ရက်နေ့တုန်းက ကျတော်တို့တွေ့ခဲ့တာက ပြဿနာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် အောက်ခြေအချင်းချင်း ပြဿနာပိုမိုပြီးတော့ မကြီးထွားဖို့အတွက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်ကြဖို့။ ပြီးတော့ အပြန်အလှန်ဆက်သွယ်မှုတွေ လုပ်ဆောင်ပြီးတော့မှ ရှိနေကြဖို့ပေါ့နော်။ ပြဿနာရှိလို့ရှိရင်တော့ စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် လွယ်ကူအောင်ဆိုပြီးတော့ အဆက်အသွယ်ယူထားဖို့။ အဲဒီလိုမျိုး အနေအထားမှာပဲ ရှိပါတယ်။”

ဒီကနေ့ နောက်ဆုံးဖြစ်သွားခဲ့တဲ့ နှစ်ဘက် ပစ်ခတ်မှုနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီက တာဝန် ရှိသူကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတဲ့အခါ ထိခိုက် သေဆုံးမှု မရှိကြောင်း ပြောပါတယ်။ ဒါပေမယ့် ပစ်ခတ်မှုအတွင်း မွန်ပြည်သစ်ပါတီဘက်က တဦးကျဆုံးခဲ့ကြောင်း မွန်သတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

........................

{Unicode}















တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG