သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်နဲ့ KNU ပစ်ခတ်မှုဖြစ်ပွား


KNU တပ်ဖွဲ့များ
KNU တပ်ဖွဲ့များ

(၂၈)နှစ်နီးပါးပဋိပက္ခရပ်တန့်နေတဲ့ မွန်ပြည်သစ်ပါတီနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့အကြား အောက်ခြေ ပိုင်းမှာ စစ်ရေးပဋိပက္ခတွေဖြစ်ပွါးလာနေတာပါ။ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာအရှေ့ဘက်ဒေသမှာ သစ်ထုတ်လုပ်နေတဲ့ KNU တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ် ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား စနေနေ့မှာ ပစ်ခတ်မှုအနဲငယ်ဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ပြောပါတယ်။ ဒီပဋိပက္ခဖြစ်စဉ်ကိုအသေးစိပ်မသိရသေးပေမဲ့ မဟာမိတ်အဖွဲ့ချင်း အောက်ခြေတပ်တွေဖြစ်ပွါးတဲ့ ပြဿနာတခုဖြစ်နိုင်တယ်လို့လဲ KNUထိပ်တန်းတာဝန်ရှိသူတွေကဆိုပါတယ်။ နှစ်ဖက်အဖွဲ့တွေအကြားဖြစ်ပွါးခဲ့တဲ့ တင်းမာမှုအခြေအနေနဲ့ပက်သက်လို့ VOAထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထား ပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုဝန်းကျင်ဒေသရေးချောင်းဖျားဘက်မှာ သစ်ခုတ်လုပ်နေတဲ့KNUကရင်အမျိုးသားအစည်း အရုံး တပ်မဟာ(၆)လက်အောက်ခံတပ်ရင်း(၁၆)တပ်ဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့အကြား စစ်ရေးထိတွေ့မှုဖြစ်ပွါးခဲ့တာပါ။

ပြီးခဲ့တဲ့စနေနေ့မွန်းလွှဲပိုင်းလောက်မှာ ထိတွေ့မှုဖြစ်ပွါးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်စစ်ဖက် အရာရှိ တဦးကမွန်ဘာသာနဲ့အခုလိုပြောပါတယ်။

"ပသာချောင်းဖျားဘက်မှာ ဗဟိုလုံခြုံရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်တယ်။ သေနတ်(၂)လက်တော့သိမ်းဆီးရခဲ့တယ်။ ဖြစ်ပုံက အရင်တုန်းကသူတို့လုပ်ထားတဲ့သစ်ကိစ္စ ပြဿနာဖြစ်ခဲ့တယ်မဟုတ်လား။ ကျွန်တော်တို့ဘက်က သစ်ခုတ် သူတွေကိုထိမ်းထားရတယ်။ နောက်သူတို့ဘက်က ခိုးလုပ်ခိုးထုတ်လာပြန်တော့ ကျွန်တောို့အဖွဲ့က နယ်မြေလုံခြုံ ရေး လှည့်နေတုန်းတွေ့လို့ ထိတွေ့မှုခနဖြစ်သွားတာပါ။"

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးအစပ် ရေးချောင်းဖျားအစွန် မာန်အောင်ကျေးရွာ အရှေ့ဘက်(၇)မိုင် အကွာဒေသမှာပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက သစ်ခိုးထုတ်နေတဲ့ သစ်ခုတ်သမား ၃၂ ဦးနဲ့တကွ စက်ယန္တယား တွေကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးမိခဲ့ပါတယ်။

နောက်ပိုင်းမှာကေအင်န်ယူ ဝင်းရေးမြို့နယ်ဘက်ကို ပြန်လည်လွှဲ ပြောင်းပေးခဲ့ပေမဲ့ အခုအခါမှာလည်း သစ်ထုတ် လုပ်မှုပြသနာကြောင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ ဒီပစ်ခတ်မှုအတွင်း ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ အဆိုပါမွန်ပြည်သစ် ပါတီတပ်မှူးကပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ KNUတို့အကြားဖြစ်ပွါးတဲ့ပဋိပက္ခအခြေအနေကို မသိရှိသေးပေမဲ့ နှစ်ဖွဲ့အဖွဲ့အကြားဖြစ်တဲ့ ပြဿနာဟာ မဟာမိတ်အောက်ခြေတပ်ခြင်းဖြစ်ပွါးတဲ့ဖြစ်စဉ်တခုလို့ရှု့မြင်ကြောင်းKNU ပြည်ထဲရေးနှင့်သာသနာ ရေးဌာနတာဝန်ခံ ပဒိုစောအာတိုးကပြောပါတယ်။

"ဒီလိုဘဲသတင်းကြားတယ်။ အတိအကျတော့ဒီမှာကြေးနန်းမရောက်လာသေးဘူး။ အတိအကျမသိရသေးဘူးနော်။ မွန်ပြည်သစ်ပါတီနဲ့ကျွန်တော်တို့KNUကမဟာမိတ်တွေပါ။ ဟိုးအဆက်ဆက်က။ အခုဖြစ်နေတဲ့ကိစ္စက အောက်ခြေ မှာ နဲနဲထစ်နေလို့ဖြစ်နေလိမ့်မယ်ထင်တယ်။ ခနလေးဖြစ်ပါလိမ့်မယ်နော်။"

မွန်ပြည်သစ်ပါတီနဲ့ KNUတို့ဟာ နယ်မြေခြင်းဆက်စပ်မှုရှိနေလို့ ၁၉၈၈ခုနှစ်မှာ နယ်မြေအငြင်းပွါးမှုကြောင့် စစ်ရေးပဋိပက္ခပြင်းထန်စွာဖြစ်ပွါးခဲ့သလို ၂၀၁၆ ခုနှစ်စက်တင်ဘာလကစပြီး ဒီကနေ့အထိ တိုက်ပွဲ (၅)ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။

ဒီလိုနယ်မြေအငြင်းပွါးမှုပြဿနာကိုဖြေရှင်းဖို့ပြီးခဲ့တဲ့၂၀၁၆ခုနှစ်စက်တင်ဘာ(၁၁)ရက်နေ့မှာ နှစ်ဖက်အဖွဲ့တာဝန် ရှိသူတွေကနေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြဿနာမဖြစ်ပွါးဖို့အတွက် နှစ်ဖက်နယ်မြေတာဝန်ခံ(၃)ဦးစီပါဝင်တဲ့ ကော်မီ တီ တရပ်ကိုဖွဲ့စည်းခဲ့ပါတယ်။

မြိတ်-ထားဝယ်ဒေသဟာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား နယ်မြေသတ်မှတ်မှု မရှိ သေးတာကြောင့် ယခုလိုမထင်မှတ်ဘဲပဋိပက္ခဖြစ်ပွါးလာပေမဲ့ ဒီပြဿနာကိုနှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံ ဖြေရှင်း နိုင်လိမ့်မယ်လို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူတွေကမျှော်လင့်နေကြပါတယ်။

မွန်ပြည်သစ်ပါတီဟာ ဒီလ(၁၃)ရက်နေ့မှာ မြန်မာအစိုးရနဲ့ NCA လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG