သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးရိုးမဘဏ် တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ


လာရှိုးရိုးမဘဏ်တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေငြာချက်
လာရှိုးရိုးမဘဏ်တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြေငြာချက်

ရှမ်းပြည်နယ် လားရှိုးမြို့က ဘဏ်ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေ သေကြေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။ ဒီအကြမ်းဖက်ဖောက်ခွဲတဲ့လုပ်ရပ်ဟာ အစိုးရ အစဉ်တစိုက်ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကိုလည်း ကြီးမားစွာထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ ရှမ်းပြည်နယ်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့မဟုတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်လိုက်တဲ့ သတင်း မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ ညနေ ၄နာရီ မိနစ်၄၀မှာ ရှမ်းပြည်နယ် လားရှိုးမြို့ အမှတ်(၂)ရပ်ကွက် ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်ကြားမှာ စုံစမ်းစစ်ဆေးစိစစ်ဆဲ အဖွဲ့အစည်းတခု ထောင်ထားတဲ့ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အပြစ်မဲ့ပြည်သူ ဘဏ်ဝန်ထမ်းအမျိုးသမီး ၂ဦး သေဆုံးပြီး အမျိုးသား ၉ဦး အမျိုးသမီး ၁၂ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဒီလို အပြစ်မဲ့ပြည်သူတွေ သေကြေထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် မိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ အခုလို အကြမ်းဖက်ဖောက်ခွဲတဲ့လုပ်ရပ်အပေါ် အပြင်းထန်ရှုတ်ချတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၂၃ရက်နေ့ ရက်စွဲနဲ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီလို အများပြည်သူသွားလာနေတဲ့နေရာတွေ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တဲ့ မိုင်းခွဲဖောက်ခွဲမှု လုပ်ရပ်အပေါ် တရားဥပဒေ စိုးမိုးရေး အတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ သွားမှာဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့မဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌအဖြစ် သတင်းထုတ်ပြန်လိုက်ပါတယ်။

ရှမ်းပြည်နယ်က ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် သီပေါက နိုင်ငံရေးလေ့လာအကဲခတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း သုံးသပ်ပါတယ်။

"ကျနော် ခန့်မှန်းကြည့်တာကတော့ အခု ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က ယူဆတာက ဒီလိုဘဏ်ကို ပစ်မှတ်ထားလုပ်တာက ဆက်ကြေးနဲ့ပတ်သက်နေမယ် ဆက်ကြေးတောင်းတာ မပေးလို့ ဒီလိုအကြမ်းဖက် လုပ်ရပ်လုပ်တယ်လို့ ယူဆတယ်။ အဲ့တော့ ဒီလိုကြေညာတဲ့ကိစ္စက အမှန်တော့ လုပ်သင့်တဲ့ကိစ္စပါ။ ထုတ်ပြန်သင့်တဲ့ကိစ္စပါ။ ဒီလို ကျနော်တို့ မရှုတ်ချဘူးဆိုရင် ဒါကို အားပေးသလိုလို သဘောတူသလိုလို ဖြစ်နေမှာ ပြည်သူလူထုက အဲ့လိုထင်သွားမှာ စိုးရတယ်လေ။ အဲ့တော့ အခုလိုထုတ်ပြန် ကြေညာ လိုက်တာဟာ ကောင်းတယ်။ မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

ဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသားသင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေနိုင်တယ်လို့လည်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

"ဒီဟာကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ သူတို့အတွင်းပိုင်းမှာလည်းပဲ အစိုးရနဲ့ တပ်မတော်ကြားထဲမှာလည်း ညှိနှိုင်းရတဲ့ ကိစ္စတွေရှိတယ်လေ။ ဥပမာ ဆိုကြပါစို့ တပ်မတော်ဘက်က AA တို့ TNLA တို့ MNDAA တို့ အဲ့ဒီ့အဖွဲ့တွေဆိုရင် သူက အဲ့ဒီ့အဖွဲ့တွေကို NCA ထိုးထိုး မထိုးထိုး အဲ့ဒီ့အဖွဲ့တွေဆို တိုက်ကို တိုက်ရမယ်ဆိုတာမျိုး ရှိတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တဘက်ကနေ ဖြောင်းဖျစည်းရုံးပြီးတော့ တပ်မတော်ရဲ့သဘောထား ပျော့ပြောင်းလာအောင် စည်းရုံးရတဲ့ အခက်အခဲတွေလည်း ရှိမှာပေါ့နော်။ နောက် KIA ကလည်း သူကအဲ့ဒီ့အဖွဲ့တွေနဲ့ လက်တွဲပြီးမှ ဆွေးနွေးမယ် ဆိုတော့ မြောက်ပိုင်းအဖွဲ့ဆိုပြီးတော့ တခါ သူကလည်း ပြောနေတာတွေရှိတယ် ဆိုလိုတာက တင်းမာတဲ့သဘောထားရှိတဲ့သူတွေနဲ့ ညှိနှိုင်းရတဲ့အခါမှာ အခုလို လုပ်လိုက်တဲ့လုပ်ရပ်က တင်းမာတဲ့သူတွေကို အထောက်အပံ့ပေးသလိုဖြစ်သွားတယ်။ ဒါကြောင့်မို့လို့ ဒီလိုလုပ်တဲ့ဟာက အကြမ်းဖက်လုပ်ရပ် လုပ်တာဟာ ပြည်သူလူထုကို ထပ်ခါ ထပ်ခါ ဒုက္ခပေးတဲ့ဟာမျိုးတွေက အဲ့ဒီ့ အစိုးရနဲ့ တပ်မတော်ကြား၊ ဆွေးနွေးညှိနှိုင်း ကြတဲ့အခါ သဘောထားတင်းမာတဲ့ အပြတ်ခြေမှုန်းရမယ်ဟာကို ထောက်ခံသလို ဖြစ်သွားတာပေါ့။ ဒါကြောင့်မို့ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်စေနိုင်တယ်လို့ ရည်ညွန်းပုံရပါတယ်။"

ရှမ်းပြည်နယ်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးမတည်ငြိမ်မှုတွေဖြစ်ပွားနေဆဲ ရှမ်းပြည်နယ်တွင်း အများပြည်သူအနေနဲ့ စစ်ရေးပဋိပက္ခကြောင့် စိုးရိမ်ရသလို အခုလို ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေကလည်း သူတို့ရဲ့ လုံခြုံရေးအတွက် ကြောက်လန့်တုန်လှုပ်စရာ ဖြစ်လာနေတယ်လို့ ဦးရဲထွန်းကဆိုပါတယ်။

ရှမ်းပြည်နယ် လားရှိုး ဗုံးပေါက်ကွဲမှုဖြစ်စဉ် နောက် ဒီကနေ့ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ဘက်က ပြည်သူတွေနဲ့ပူးပေါင်းပြီး အများပြည်သူသွားလာတဲ့နေရာတွေကို စနစ်တကျ လုံခြုံရေးအစီအမံတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဦးရဲထွန်းက အကြံပြုပါတယ်။

"လုံခြုံရေး ဆောင်ရွက်တဲ့ကိစ္စမှာကတော့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းကူညီမှု ရဖို့တော့ လိုတယ်။ နောက်တခါ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ဆိုလို့ရှိရင်လည်း ဥပဒေ နည်းဥပဒေဘောင်တွေအတွင်းကနေပြီးတော့ လေးလေးစားစားနဲ့ အများပြည်သူလူထုရဲ့ အခွင့်အရေးကို လေးလေးစားစားနဲ့ စစ်ဆေးတာ၊ တားဆီးတာ၊ အဲ့တာမျိုးတွေ လုပ်ဖို့လိုလိမ့်မယ်။"

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် အခုအချိန်အထိကတော့ ကချင်၊ ရှမ်းနဲ့ တိုင်းရင်းဒေသတချို့မှာ စစ်ရေးတင်းမာမှုတွေဖြစ်နေဆဲဖြစ်သလို ရခိုင်ပြည်နယ်တွင်းမှာလည်း ဒေသတွင်း မတည်ငြိမ်မှုတွေ ဖြစ်ပွားနေဆဲဖြစ်သလို အခုရက်ပိုင်းမှာကို ရှမ်းနဲ့ ရခိုင်ပြည်နယ်ဘက်မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG