သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုး ရိုးမဘဏ်ဗုံးကွဲမှု ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံး


လားရှိုး ရိုးမဘဏ်ဗုံးကွဲ
လားရှိုး ရိုးမဘဏ်ဗုံးကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က ရိုးမဘဏ်မှာ အခု ညနေပိုင်း ဘဏ်ပိတ်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဟာ ပြင်းထန်တာကြောင့် အနီးအနား အဆောက်အဦးအချို့ကိုပါ ထိခိုက်မှုရှိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ရာအနီး နေထိုင်တဲ့ ဒေသခံတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

"မေး။ ။ လားရှိုးမြို့မှာ ဗုံးပေါက်တယ်လို့ ကြားတယ်ခင်ဗျ အဲဒါဘယ်အချိန်လောက်က ဖြစ်တာလဲ ခင်ဗျ။

ဖြေ။ ။ဟုတ်ကဲ့အကို ၄ နာရီခွဲလောက်ကဖြစ်တာ

မေး။ ။ဘယ်နေရာမှာဖြစ်တာလဲခင်ဗျ

ဖြေ။ ။လားရှိုးမြို့ ရပ်ကွက် ၂ လမ်းမတော်လမ်းမှာ ဖွင့်ထားတဲ့ ရိုးမဘဏ်မှာ ခင်ဗျ

မေး။ ။ဘယ်လိုမျိုး ဖြစ်တာလဲခင်ဗျ

ဖြေ။ ။အဲလိုတော့ မသိဘူး ရိုးမဘဏ်မှာ ဘဏ်သိမ်းတဲ့အချိန်ပေါ့လေ ဘဏ်ပိတ်ချိန်မှာ ဝန်ထမ်းတွေ တချို့တော့ရှိတယ် ၄ နာရီခွဲလောက်မှာ ပေါက်ကွဲသံကြီး ကြီးကြီးမားမား ကြားရပြီးတော့ မြေတွေဘာတွေတုန်သွားတယ်၊ အဲဒီအချိန်မှာ ကျနော်ကတော့ ဘေးနားလေးမှာ နေနေတာပေါ့ ကျနော်ကတော့ ရပ်ကွက် ၃ ပေါ့ အသံကြားလို့ ချက်ချင်း ဆိုင်ကယ်နဲ့ ပြေးကြည့်တဲ့အချိန်မှာ ရိုးမဘဏ်အဆောက်အဦးက တော်တော်ပျက်ဆီးနေတာတွေ့ရတယ်။ ဘဏ်ဝန်ထမ်းတွေ တချို့လည်း ဒဏ်ရာရထားတာတွေ့ရတယ်။ ကျနော်တို့ကလည်း အပြင်လူဆိုတော့ အထဲမှာ ဝင်ကူဖို့ကလည်း မသင့်တော်ဘူးထင်လို့ မဝင်တော့ပဲ အပြင်ကပဲ ကြည့်နေရတာပေါ့။ အဲဒီမှာ သူနဲ့ ကပ်ရှိတဲ့ ဧရာဝတီဘဏ် အဆောက်အဦးလည်း ပျက်ဆီးတယ်။ လမ်းတဖက်မှာရှိတဲ့ ပြည်နယ်ကျန်းမာရေး အဆောက်အဦးမှာရှိတဲ့ ပြတင်းမှန်တွေလည်း အားလုံးနီးပါး ကွဲသွားတယ်ပေါ့။ ပြီးတော့ လမ်းမတော်လမ်းတလျှောက်မှာ ဧရာဝတီဘဏ် နဲ့ ရိုးမဘဏ် အရှေ့မှာ ရပ်ထားတဲ့ ကားတွေလည်း အားလုံးနီးပါး မှန်တွေကွဲကုန်တယ်။

မေး။ ။အခုသွားကြည့်တဲ့အချိန်မှာ လူအသေအပျောက် ဒဏ်ရာရရှိမှုက ဘယ်လောက်အထိရှိမယ်လို့ ခန့်မှန်းပါသလဲ။

ဖြေ။ ။လူသေတာကတော့ ကြားတယ်၊ ခန့်မှန်းခြေကတော့ မခန့်မှန်းတတ်ဘူး၊ ကားတွေကတော့ လာတယ် လူမှုကူညီရေးကားတွေကတော့ တစ်စီးပြီးတစ်စီး တော့သယ်သွားတယ် ဒဏ်ရာရတဲ့လူတွေနဲ့ သေတာရော ကယ်ထုတ်သွားတယ်ခင်ဗျ။ အဆောက်အဦးမှာ တချို့ပစ္စည်းတွေက ပြိုကျတော့ ကြားထဲမှာ ပိတ်မိနေတဲ့ လူတွေလည်း ရှိတယ်ဆိုတော့ မီးသတ်တွေရော ရဲတွေရော လူမှုကူညီရေးအဖွဲ့တွေရော ကူညီနေကြတယ်ခင်ဗျ။

မေး။ ။အခုကရော လုံခြုံရေးအခြေအနေကရော ဘယ်လိုတွေလုပ်ထားသလဲခင်ဗျ ဖြစ်ဖြစ်ခြင်း ဘယ်သူတွေရောက်လာသလဲ

ဖြေ။ ။ဖြစ်ဖြစ်ခြင်း ရဲစခန်း ကနီးတော့ အဲဒီအရှေ့မှာပဲ ရဲစခန်းရှိတော့ အမှတ် ၁ မြို့မ ရဲစခန်းပေါ့ ရဲစခန်းကလည်း ရောက်လာတယ်၊ မီးသတ်တပ်ဖွဲ့တွေလည်း ရောက်လာတယ်။ ရပ်ကွက်အဖွဲ့တွေလည်းရောက်လာတယ်၊ ပြည်သူ့စစ်တွေလည်း ရောက်လာတယ် ကာထားပေးတယ်။ မတော်လို့ နောက်ထပ် ပေါက်ကွဲမှု တစုံတရာ ဖြစ်ခဲ့သည်ရှိသော် လူတွေမထိအောင်ဆိုပြီး အားလုံးပေါ့ ဝိုင်းကူပြီးတော့မှ ကာထားပေးတယ်။ အဲဒီအနီးတဝိုက် ပေ ၁၅၀ ဝန်းကျင်အတွင်းကို ဘယ်သူမှ လာလို့မရအောင် အားလုံးလုံခြုံရေးယူပြီးတော့ ရှင်းလင်းရေးတွေလုပ်နေတယ်။ မိုင်းရှင်းလင်းရေးအဖွဲ့တွေလည်း ရောက်နေတယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကလည်း တာဝန်ရှိသူတွေ စစ်တပ်ဆိုင်ရာအဖွဲ့တွေရောက်လာတာလည်း တွေ့ရတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့ပါ အဲဒါ ဒီလိုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြင်သလဲ၊ စိုးရိမ်မှုရော ရှိသလားခင်ဗျ။

ဖြေ။ ။လားရှိုးမှာ ဒီလို ဖြစ်တာက လွန်ခဲ့တဲ့ ၇ နှစ် - ၈ နှစ်တုန်းက ကမ္ဘောဇဘဏ် ဖြစ်ပြီးနောက်ပိုင်းမှာတော့ ဒီဟာကတော့ တော်တော်လေး ဘဏ်ပေါက်ကွဲမှုကတော့ ဒုတိယအကြိမ်လို့ပြောရမယ် တော်တော်လေးအခြေအနေဆိုးတယ်။ ကမ္ဘောဇဘဏ် တုန်းကတော့ အဲဒီလောက်အခြေအနေမဆိုးဘူးခင်ဗျ။ အခု ရိုးမဘဏ်ကတော့ တော်တော်လေးအခြေအနေဆိုးတယ်။"

ပေါက်ကွဲမှုကြောင့် ဆေးရုံရောက်တဲ့လူနာတွေထဲ ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦးသေဆုံး သွားတယ်လို့ ဒေသခံမျက်မြင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၁၉ဦးရှိပြီး၊ အဲဒီအထဲက နှစ်ဦး သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ အနားမှာရှိတဲ့ ဧရာဝတီဘဏ်က လုံခြုံရေးဝန်ထမ်းတဦးလည်း ဒဏ်ရာရတဲ့အထဲ ပါပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသခံအာဏာပိုင်တွေ လုံခြုံရေးအာဏာပိုင်တွေနဲ့ ဆေးရုံဖက်ကိုတော့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG