သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လားရှိုးဗုံးကွဲမှု ရဲနဲ့စစ်ဖက် ပူးပေါင်းစုံစမ်းနေ


ဗုံးပေါက်ကွဲပြီးမြင်ကွင်း။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရှမ်းပြည်နယ် လားရှိုးမြို့မှာရှိတဲ့ ရိုးမဘဏ် ဗုဒ္ဒဟူးနေ့က ပေါက်ကွဲဖြစ်သွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပြင် စစ်တပ်နဲ့ စစ်တိုင်းအဖွဲ့တို့ကပါ စုံစမ်း စစ်ဆေးမှုတွေံမှာ ကူညီ ဆောင်ရွက်ပေးနေတယ်လို့ လားရှိုးမြို့နယ် ဒုရဲမှူး ကျော်နိုင်က ပြောပါတယ်။ ဒီတောအတွင်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ ၂ ဦးအပါအ၀င် ထိခိုက် ဒဏ်ရာရသူ ဘဏ်ဝန်ထမ်းတွေကို ရိုးမဘဏ်က အစစအရာရာ ကူညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်က တာဝန်ရှိသူတွေ လားရှိုးမြို့ကို ရောက်သွားကြပြီလို့ ရိုးမဘဏ် ပြောခွင့်ရ ဒေါ်မေဦးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လားရှိုးမြို့က ရိုးမဘဏ် ပေါက်ကွဲမှု ဖြစ်သွားခဲ့ပြီးတဲ့နောက် ဒေသခံတွေအကြား လုံခြုံရေးအရ စိုးရိမ်မှုတွေ ကြီးထွားနေချိန်မှာဘဲ ဒီကိစ္စအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဒေသခံ စစ်တိုင်းအဖွဲ့ရဲ့ အကူအညီနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း လားရှိုးမြို့နယ် ဒုရဲမှူး ကျော်နိုင်က အခုလို ပြောပြပါတယ်။

'ဘယ်သူ့လက်ချက်လဲဆိုတာတော့ ကျနော်တို့လူကြီးတွေ စုံစမ်းစစ်ဆေးဆဲပဲ ရှိပါသေးတယ်ခင်ဗျ။"

မေး။ ။ ဒါဆို သေတဲ့သူစာရင်းကတော့ နှစ်ဦးဆိုတာ အတည်ဖြစ်သွားပြီပေါ့နော် ဒဏ်ရာရတဲ့သူစာရင်းက အမျိုးမျိုးကွဲပြားနေတော့ ဆရာတို့ စာရင်းရထားတာ အတိအကျ ဘယ်နှစ်ဦးလဲခင်ဗျ။

" ဒဏ်ရာရတာက ၂၁ဦး။ သေတာက ၂ဦး။ ပေါင်း ၂၃ဦးပေါ့နော်။ ၂၁ယောက်ထဲမှာ လက်ရှိ အတွင်းလူနာအဖြစ် ကုနေတာက အားလုံးပေါင်း ၆ယောက်ပဲ ကျန်မယ်။ ကျန်တာက ဆေးရုံကနေ ညကတည်းက ဆင်းသွားကြပြီ။ သာမာန်ဒဏ်ရာတွေမို့လေ။ လက်ရှိ ခြောက်ယောက်ပဲ ဆေးရုံတက်နေတယ်ဗျ။

မေး။ ။ အမှုကတော့ စုံစမ်းစစ်ဆေးဆဲဆိုတာကတော့ ကျနော် နားလည်ပါတယ် ဒါပေမဲ့ ဆရာတို့အနေနဲ့ တခြားပြင်ပက လက်နက်ကိုင်အဖွဲ့အစည်းက ဖြစ်မလား။ ပြည်တွင်းက ဖြစ်မလားဆိုတာ ဆရာတို့ သတင်းရထားတဲ့အဖွဲ့အစည်းများ ရှိပါသလား။

" အဲ့လိုတော့ မရှိပါဘူး အထက်တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်မှုပေါ်မှာပဲ မူတည်ပါတယ် ကျနော် စကားမှားသွားရင်လည်း တော်ကြာ တမျိုးဖြစ်မယ်လေ။ ကျနော်မှာ ပြောပိုင်ခွင့်မရှိဘူး။ လာစစ်သွားတဲ့သူတွေရဲ့ သူတို့ရဲ့ ထုတ်ပြန်ချက်ပဲခင်ဗျ။ ကျနော်တို့က ဒါနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်ပညာရှင်လည်း မဟုတ်ဘူးလေ။"

မေး။ ။ အခုလိုမျိုး နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားရတာမျိုး ပြင်းပြင်း ထန်ထန်ဖြစ်သွားတာဆိုတော့ အရင်ကရော ဒါမျိုး ဖြစ်ဖူးလားခင်ဗျ။

" ဒီလောက်ကြီးပြင်းထန်တာတော့ မဖြစ်ဖူးဘူးခင်ဗျ။ လွန်ခဲ့တဲ့ ၂၀၁၂ ၊ ၂၀၁၃ လောက်ကြားမှာတော့ တခါ ဘဏ်နှစ်ခုကြားမှာပဲ ပေါက်ကွဲမှုဖြစ်တယ် ကြားဖူးတယ်ခင်ဗျ။ ကျနော်တော့ မကြုံလိုက်ဘူးလေ။ '

မေး။ ။ ဆရာတို့ဘက်ကတော့ တတ်နိုင်သလောက် စုံစမ်းစစ်ဆေးမှုတွေကို လားရှိုးမြို့ပေါ်မှာ ရဲစခန်းဘက်က လုပ်နေတာအပြင် ပြည်ထောင်စုအစိုးရဘက်ကရော ပြည်နယ်အစိုးရဘက်က ကူညီလုပ်ဆောင်ပါဝင်တာတွေ ရှိပြီလား။

" ရှိပါတယ်ဗျ။ သူတို့ဘက်က သက်ဆိုင်ရာအဖွဲ့တွေ တပ်မတော်တို့ စစ်တပ်အဖွဲ့ တို့ဘက်က ကူညီစုံစမ်းတာတို့ လုပ်ပါတယ်ခင်ဗျ။ နောက် မြို့ပေါ်က လုံခြုံရေးကိုလည်း သူတို့ ပူးပေါင်းပြီးတော့မှ လှည့်ကင်းပတ် စစ်ဆေးတာတွေကို အရင်ကထက်စာရင် ပိုလုပ်နေပါတယ်ခင်ဗျ။"

မေး ။ ။ ပေါက်ကွဲမှုတွေဖြစ်တော့ လုံခြုံရေးစိုးရိမ်မှုတွေလည်းရှိတော့ လုံခြုံရေးတိုးချ ထားတာရှိပါသလား။

" မှန်ပါတယ်ခင်ဗျ။ ကျနော်တို့ လုံခြုံရေးတွေ တိုးချထားပါတယ်.။

မေး ။ ။ အခုက ဘဏ်မှာဖြစ်သွားတာဆိုတော့ ဘယ်လိုနေရာတွေမှာ လုံခြုံရေးကို တိုးချပါသလဲ။

' လူထူထပ်တဲ့နေရာတို့ လမ်းဆုံလမ်းခွတွေမှာတော့ ပိုတိုးချပါတယ် ခါတိုင်းလည်း ပုံမှန် လုပ်ရုံးလုပ်စဉ် လုံခြုံရေးက လုပ်နေကျပါလေ။"

ဗုဒ္ဓဟူးနေ့ ဘဏ်ပိတ်ချိန်မှာ ဖြစ်သွားခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက် ဒဏ်ရာရခဲ့တာပါ။ သေဆုံးသွားသူ ဘဏ်ဝန်ထမ်း ၂ ဦးနဲ့ တခြား ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ ဘဏ်ဝန်ထမ်းတွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးနိုင်အောင် ရန်ကုန်က ရိုးမဘဏ် တာဝန်ရှိသူတွေ လားရှိုးမြို့ကို ရောက်သွားကြပြီလို့ ရိုးမဘဏ် ပြောခွင့်ရအမျိုးသမီး ဒေါ်မေဦးက ပြောပါတယ်။

" အခုလောလောဆယ်ကတော့ ဘဏ်ကနေပြီးတော့ ကွယ်လွန်သွားတဲ့ ဝန်ထမ်းနှစ်ဦးရယ် သူတို့မိသားစုရယ်ကို အဓိက ထားပြီးတော့ လုပ်ဆောင်ပေးနေပါတယ် နောက်ပြီးတော့ ဘဏ်ခွဲကိုလည်း ဒီနေ့ပိတ်ထားတယ်။ လားရှိုး ၂ ဘဏ်ခွဲကိုလည်း ပိတ်ထားပါတယ်။ သူတို့လုပ်ဖော်ကိုင်ဖက်တွေ အဆင်မပြေတာ ရှိနိုင်တဲ့အတွက်ကြောင့် နောက်ဒဏ်ရာရတဲ့ဝန်ထမ်းတွေကိုလည်း ရုံးချုပ်က လူကြီးတွေကိုယ်တိုင် ဒီနေ့ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ပြီးတော့ ဆောင်ရွက်နေပါတယ်။ အကုန်လုံး လားရှိုးကို ရောက်သွားကြပြီပေါ့နော်။ စီစဉ်စရာရှိတာတွေ စီစဉ်နေပါတယ်။"

မေး ။ ။ အခုလိုမျိုး မနေ့က ပေါက်ကွဲမှု မဖြစ်ခင် အထိပေါ့ ရိုးမဘဏ်အနေနဲ့ ခြိမ်းခြောက်ခံရတာမျိုး မသိမသာ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာမျိုး အဲ့တာမျိုး လက်ခံရရှိခဲ့ဖူးပါလား။

" အဲ့တာတော့ ညီမတို့ မကြားမိပါဘူး။ လုံးဝ မကြားမိဘူး။ လားရှိုးမှာ ရှိတဲ့ ဝန်ထမ်းတွေ ကိုယ်တိုင်ရော ရန်ကုန်မှာ ရှိတဲ့ ဝန်ထမ်းတွေကိုယ်တိုင်ရော ရုံးချုပ်ကရော ဘဏ်ခွဲအကုန်လုံးပေါ့နော် ဘာမှလည်း မကြားမိဘူး။ ဘာမှ မသိဘူးပေါ့နော် ဒီအဖြစ်အပျက်က ကံဆိုးလို့ဖြစ်သွားတယ်လို့ပဲ အခုလောလောဆယ်ကတော့ ယူဆထားတယ်။ အဓိက အကြောင်းရင်းကိုတော့ အခုထက်ထိ စုံစမ်းနေတုန်းပါပဲ။"

မေး။ ။ CCTV တို့ ဘာတို့ရော အစ်မတို့ ကြည့်ခွင့်ရပြီလား။

" မရသေးပါဘူးရှင့်။"

မေး။ ။ မှတ်တမ်းတော့ ရှိပြီပေါ့နော်။

" မသိဘူးရှင့်။ ဘယ်လိုပေါ်မလဲ။ ဘယ်လို Record ရသွားလဲဆိုတာတော့ မပြောနိုင်ဘူး။ CCTV ကတော့ အစိုးရကို ပေးလိုက်ပါတယ်။"

ပေါက်ကွဲမှုကြောင့် ဘဏ်ဝန်ထမ်း ၂ ဦး သေဆုံးခဲ့တာအပြင် တခြား ၀န်ထမ်း ၆ ဦးလည်း ထိခိုက် ဒဏ်ရာရသွားကြတယ်လို့ ဒေါ်မေဦးက ပြောပါတယ်။ အခုဖြစ်သွားတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ရိုးမဘဏ်ဘက်က မကြာခင်မှာ ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိတယ်လို့လည်း ဒေါ်မေဦးက ပြောပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG