သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်က သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အကူအညီလိုအပ်နေ


ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင်စခန်း (ဇွန် ၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင်စခန်း (ဇွန် ၊ ၂၀၂၄)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ၇ သိန်းခွဲနီးပါးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အထူးလိုအပ်နေကြောင်း ဒုက္ခသည်စခန်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ပဋိပက္ခ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံ မိုးတွင်းကာလ မှာ သန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ ဆေးဝါးတွေ အလုံအလောက်မရရှိကြဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဇူလိုင်လ (၁) ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားတာပါ။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

မြန်မာတနိုင်ငံလုံးမှာ စစ်ဘေးသင့်ပြည်သူ ၃သန်းကျော်ရှိနေပြီး မိုးတွင်းကာလမှာ သဘာ၀ဘေးဒဏ်တွေ ကြုံတွေခံစားနေရပြီး နေရာထိုင်ခင်းအစားအသောက်အကူညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဇူလိုင်လ ၁ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ကရင်ပြည်နယ်အတွင်းမှာတော့ စစ်ဘေးရှောင်ပြည်သူ ၇သိန်းခွဲလောက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်လူအခွင့်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ် ။ နယ်စပ်သောင်ရင်းမြစ်အနီးမှာတော့ စစ်ဘေးရှောင်ပြည်သူ ၅ ထောင်လောက်နေထိုင်နေပြီး တချို့လည်း တောထဲတောင်ထဲမှာပုန်းအောင်းနေထိုင်နေရပါတယ်။ မိုးတွင်းကာလမှာ အခက်အခဲတွေကြုံတွေနေရတဲ့ အခက်အခဲတွေကို သောင်ရင်းမြစ်အနီးက ပလော့တပိုးစစ်ဘေးရှောင်စခန်းကိုအကူညီပေးတဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"မိုးတွင်းကာလဖြစ်တော့ သူတို့ရဲ့နေထိုင်ရေး အခက်အခဲဖြစ်နေတယ် တောင်ကျရေတွေ ကျတာ တချို့က ဒုက္ခသည်တွေက သောင်ရင်းမြစ်အနီးမှာနေရတော့ ကမ်းပါပြိုရင် အိမ်တွေပါသွားတာရှိတယ် တချို့အိမ်တွေကျတော့အမိုးအကာမလုံပဲ မိုးတွင်းကာလကြောင့်ဒုက္ခရောက်တာရှိတယ် ၊ တချို့နေရာတွေက စစ်ဖြစ်ဖို့ပဲတာဆူနေတော့ နေရေးထိုင်ရေးအဆောက်အဦးအမိုးအကာတွေလိုတယ် ကရင်တပြည်လုံးမှာစစ်ဘေးရှောင်နေရတဲ့သူ က ၇သိန်းခွဲလောက်ရှိတယ်၊ အဲဒီထဲမှာ ထောက်ပံ့မှုပေးနိုင်တာက လူဦးရေ ၂ သိန်းလောက်ပဲရှိတယ် ကျန်တဲ့သူတွေကစားရေးသောက်ရေး ဒုက္ခရောက်နေရတာပေါ့နော်။"

အဲဒီစခန်းမှာ ကျောင်းနေအရွယ် ကလေး ၃၀၀လောက်ရှိနေပြီး သက်ကြီးရွယ်အိုတွေလည်းရှိနေပါတယ် ။ မိုးတွင်းကာလဖျားနာကြတာ တွေ အစားအသောက်မလုံလောက်တာ အမိုးအကာမလုံလောက်တာတွေလည်းဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင်စခန်း (ဇွန် ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် စစ်ဘေးရှောင်စခန်း (ဇွန် ၂၀၂၄)

"မြ၀တီဘက်ခြမ်းမှာ စစ်ဖြစ်တဲ့အခါမှာ မြ၀တီတို့သင်္ကန်းညီနောင်တို့ လေးကေ့ကော်တို့ ကော့ကရိတ်ဘက်လူတွေကတော့စစ်ဘေးရှောင်နေရတော့ တောထဲမှာနေရတာ စစ်ရှောင်စခန်းမှာနေရတာတွေ ရှိတယ် မိုးတွင်းကာလ ရာသီဥတုကြောင့်ဖျားနာပြီးဆေးဝါးလိုအပ်တာ တုတ်ကွေးတွေ ငှက်ဖျားတွေအတွက်ခြင်ဆေးလိုအပ်တာတွေလည်းရှိတယ်။"

မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတဲ့နေရာတွေမှာ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ အိုးအိမ်မီးရှိ့ဖျက်ဆီးခံရမှုတွေ ကြုံနေရတဲ့ပြည်သူတွေဟာ အသက်အန္တရယ် ရင်ဆိုင်နေကြရပြီး လုပ်ကိုင်စားသောက်ဖို့အခက်အခဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ် ။

မြန်မာတပြည်လုံးအနှံ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စစ်ဘေးရှောင်ပြည်သူ ၃ သန်းကျော်ရှိနေပြီး စစ်တပ်က၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ အာဏာသိမ်းချိန်ကစလို့ ၃နှစ်ကျော်အတွင်း စစ်ဘေးရှောင်ဦးရေ သန်းနဲ့ချီပြီး တိုးပွားလာတာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG