သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအန္တရာယ်ကြားက စာသင်ကျောင်းများ


ကရင်နီဒေသ စစ်ဘေးရှောင်ကလေးငယ်များကိုတွေ့ရစဉ် (ဇွန် ၂၀၂၄)
ကရင်နီဒေသ စစ်ဘေးရှောင်ကလေးငယ်များကိုတွေ့ရစဉ် (ဇွန် ၂၀၂၄)

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထိန်းချုပ်ထားတဲ့ ကရင်နီ နယ်မြေမှာ စာသင်ကျောင်း စုစုပေါင်း ၄၅၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား အရေအတွက် ၄၆,၀၀၀ ကျော် ရှိနေကြောင်း IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ တဖက်မှာလည်း စာသင်ကျောင်းတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရသလို ကျောင်းအဆောက်အအုံတွေနဲ့ ပညာသင်အထောက်အကူပစ္စည်းတွေ လိုအပ်ချက် ကြီးမားနေတဲ့ အခြေအနေ ရန်ကုန်ကသတင်းပေးပို့လာတာကို တင်ပြပေးမှာပါ။

စစ်ကောင်စီ လက်လွှတ်ခဲ့ရတဲ့ ကရင်နီဒေသက နယ်မြေတွေမှာ ပညာသင်ကြားခွင့် အခွင့်အလမ်းမဆုံးရှုံးနိုင်အောင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ကြားကာလ စာသင် ကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။

နယ်မြေ ၉၀% နှုန်းလောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထိန်းချုပ်ထားနိုင်ပြီး အဲဒီဒေသတွေမှာ ကျောင်းပေါင်း ၄၅၆ ကျောင်းဖွင့်လှစ်ထားကာ ကျောင်းသူ၊ ကျောင်းသား အရေအတွက်က ၄၆,၄၇၅ ဦးရှိပြီး ဆရာ၊ ဆရာမ စစုပေါင်း ၃,၅၄၃ ဦးက သင်ကြားပေးနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

တဖက်မှာလည်း ကျောင်းအဆောက်အအုံတွေ ပြုပြင်ဖို့ အမိုးအကာ လိုအပ်နေသလို ကျောင်းသုံးစာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေလည်း အခက်အခဲဖြစ်နေတဲ့ အကြောင်း IEC ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက အခုလို ပြောပါတယ်။

“ကျနော်တို့ သင်ထောက်ကူပြုပစ္စည်းတွေ အခက်အခဲတွေ ရှိနေတုန်းပဲ ကျောင်းတွေ ပိုတိုးလာတယ်။ အဆောက်အဦတွေက ပိုများလာတဲ့အတွက်ကြောင့်မို့ စိန်ခေါ်မှုတွေတော့ ရှိတာပေါ့နော်။ အမိုးအကာကိစ္စတွေ လိုတာရှိတယ်။ နောက်ပြီးတော့မှ အရင်နှစ်မှာ ကျနော်တို့ အတွေ့အကြုံအရ ဒီဗုံးကြဲခြင်း တိုက်ခိုက်ခြင်းခံရတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ကျောင်းဆောင်အသစ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်ထူကိုယ်ထတွေ ဆောက်လုပ်ရတာရှိတယ်ပေါ့နော်၊ ဒါလည်း ဒီအန္တရာယ်ရှိတဲ့အတွက်ကြောင့်မို့ ရွှေ့ပြောင်းနေရတဲ့အတွက်ကြောင့်မို့ ကျောင်းအဆောက်အဦတွေ ယန္တရားတွေ ပိုလိုတာတွေ့ရပါတယ်ဟုတ်။”

အစိုးရအဆက်ဆက်က ပြဠာန်းထားတဲ့ သင်ရိုးတန်းတွေအတိုင်း သင်ကြားပေးနေပြီး အတန်းကတော့ KG + 11 အထိ ဖွင့်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီကျောင်းသားတွေကို စာသင်ပေးနေသူတွေက CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေရော၊ ကျောင်းဆရာမဟုတ်တဲ့ CDM ဝန်ထမ်းတွေပါ ဝိုင်းဝန်း စာသင်ပေးနေသူတွေဖြစ်တယ်လို့ ကိုဗညားကပြောပါတယ်။

ဒီးမော့ဆိုမြို့ နယ် အရှေ့ခြမ်းမှာ စာသင်ပေးနေတဲ့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကနေ CDM လုပ်လာတဲ့ အကြီးတန်း စာရေးကြီး တဦးကလည်း အထက်တန်းအထိဖွင့်လှစ်ထားတဲ့ သူတို့ကျောင်းမှာ ဆရာဆရာမတွေ လိုအပ်နေတဲ့ အခြေအနေကို အခုလိုပြောပြပါတယ်။

“အရင်နှစ်တုန်းက ကျနော်တို့ အလယ်တန်းအထိပဲ ဖွင့်ထားတယ်ပေါ့နော်။ ဒီနှစ်ကကျတော့ ကျနော်တို့ အထက်တန်းပြန်ဖွင့်၊ အခက်အခဲက ဆရာ၊ ဆရာမတွေပေါ့နော်။ ဒီအထက်တန်းကို သင်ပေးမယ့် ဆရာ၊ ဆရာမတွေ မရှိတဲ့အခါကျတော့ ကျနော်တို့ တော်တော်လေး ဆရာမတွေ လိုအပ်နေတယ်ပေါ့နော်။ ပြီးတော့ ဖတ်စာအုပ်တွေ မရရှိသေးတဲ့အခါမှာ ကျနော်တို့ ဒီအထက်တန်းဟာပေါ့နော် အထူးသဖြင့် (ဖတ်စာအုပ်)မရရှိသေးတာက အထက်တန်းဖြစ်တယ်။ ကျနော်တို့ ဒီလိုင်းပေါ်မှာရှိတဲ့ ဒီစာအုပ်တွေကို အချက်အလက်တေ ွ(ဆရာမ)သူတို့က ဒေါင်တယ်ပေါ့နော်၊ ဒေါင်ပြီးတော့မှပဲ ကလေးကလည်း ပြန်လည်မျှပေး သင်ကြားရေးလုပ်နေတယ်ပေါ့နော်၊ အဲ့တော့ အခက်အခဲဆုံးက ဖတ်စာအုပ်ပဲ ပြောရမယ်ဖြစ်တယ်ပေါ့နော်။”

စစ်ရေးပြင်းထန်တဲ့ ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေ့ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်နှစ်က ရင်ဆိုင်ခဲ့ပြီး ကျောင်းဆောင်အတည်တကျမရှိဘဲ မကြာခဏ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ ဒီနှစ်လည်း စိုးရိမ်မှု မကင်းဘူးလို့ အဲ့ဒီကျောင်းဆရာက ပြောပါတယ်။

“ကျနော်တို့ ပြန်နေတဲ့ နေရာက စစ်မြေပြင်ဖြစ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် ပိုပြီးမှ အန္တရာယ်များတဲ့ အနေအထားမှာရှိတယ်ပေါ့နော်။ ကျနော်တို့ အတတ်နိုင်ဆုံး ဗုံးခိုကျင်းကိုတော့ တူးတော့တူးထားတယ်ပေါ့နော် စိုးရိမ်ရတာပေါ့နော်။”

ကရင်နီပြည်နယ်နဲ့ ကပ်လျက်ရှိတဲ့ ဖယ်ခုံမြို့နယ်အရှေ့ခြမ်း နောင်လိုင်ကျေးရွာအုပ်စုမှာလည်း လုံခြုံရေးအခြေအနေကြောင့် လူစုလူဝေးမဖြစ်အောင် ကျောင်းသားတွေကို ခွဲထားပြီး သင်ကြားသွားမယ်လို့ ဆရာမတဦးက ပြောပါတယ်။

“စာသင်ကျောင်းရဲ့ အဆောက်အဦတွေ အမိုးအကာတွေ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကနေ အလှူရှင်တောင်းရမလဲ အလှူရှင်တော့ ရှာတော့ ရှာနေတာပေါ့နော်။ နောက်ကျောင်းက ကလေးတွေ တစ်ရက်ပဲတက်ရရ နှစ်ရက်ပဲတက်ရရ အဲ့လိုမျိုးပေါ့နော်၊ ပြည်သူတွေလည်း ကြိုးစားနေတယ်ပေါ့နော်။ လေယာဉ်ကြဲမှာ ကြောက်လို့၊ ကျနော်တို့ အခုနေတဲ့ တစ်ရွာပဲ လက်နက်ကြီးမကျတာ အဲ့ဒီရွာနံဘေးတွေ ကျနေပြီးပေါ့နော်။ လူစုလူဝေမဖြစ်ရအောင်ဆိုပြီးတော့ ကလေးတွေကို တနေရာ နည်းနည်းစီ ဥပမာ ၁ တန်း ၂ တန်း တနေရာ၊ ၃၊၄တန်းက တနေရာ အဲ့လိုမျိုးပေါ့နော် ဘေးကင်းအောင်ပေါ့နော်။”

စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်နဲ့ ဘောလခဲမြို့တွေမှာ ကျောင်းတွေ ဖွင့်ထားပေမယ့် ဒါဟာ တပ်မိသားစုဝင်အတွက်သာ အားထားရတဲ့ ကျောင်းဖြစ်တယ်လို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG