သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်သင့် ချင်းနဲ့ ကရင်နီဒေသဖွံ့ဖြိုးရေး NUG တာဝန်ရှိသူတွေဆွေးနွေး


ချင်းပြည်နယ် မတူပီမြို့အနီး တနေရာ
ချင်းပြည်နယ် မတူပီမြို့အနီး တနေရာ

လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ချင်းနဲ့ ကရင်နီဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတွေက ပြောပါတယ်။ စိုက်ပျိုး၊ မွေးမြူရေး လုပ်ကိုင်နေတဲ့ ဒေသခံတွေကို အသေးစားချေးငွေ ထုတ်ချေးဖို့အပါအဝင် ဖွံ့ဖြိုးရေးအတွက် ဒေသခံတော်လှန်ရေး အင်အားစုတွေနဲ့ တိုင်ပင်နေတယ်လို့လည်း NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
NUG သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

မြန်မာလူထုက နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ အပ်နှံထားတဲ့ စုဆောင်းငွေတွေကို ချင်းနဲ့ ကရင်နီဒေသမှာရှိတဲ့ ဒေသခံ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းရှင်တွေကို အသေးစားထောက်ပံ့ငွေ ထုတ်ချေးပေးသွားဖို့ စီစဉ်နေကြောင်း NUG ရဲ့ စီမံ၊ ဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံ့မှုဌာနဝန်ကြီး ဦးတင်ထွန်းနိုင်က ဇွန်လ၂ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

"ပြောရမယ်ဆိုရင် ရောင်းရေးဝယ်တာအတွက် လိုအပ်နေတဲ့ ငွေရေးကြေးရေးကို ဒီကနေ ကျနော်တို့ NUG နဲ့ သက်ဆိုင်ရာ မဟာမိတ်များနဲ့ ပေါင်းစပ်ပြီးတော့ ပြည်သူလူထုရဲ့ ချေးငွေကို ထုတ်ချေးပေးသွားဖို့ဆိုပြီးတော့ ကျနော်တို့ စီစဉ်နေတာရှိပါတယ်။ ဘယ်အဖွဲ့အစည်းတွေနဲ့ လက်တလော စကားပြောဆိုနေလဲဆိုရင် CNF လို့ခေါ်တဲ့ မဟာမိတ် ချင်းအမျိုးသား တပ်ဦးနဲ့လည်း ဒီကိစ္စကို ဆွေးနွေးနေတယ်။ နောက်တခုက ကြားကလ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ ကရင်နီပြည်နယ် အစိုးရဖြစ်တဲ့ IEC နဲ့လည်း ဒီကိစ္စကို ဆွေးနွေးနေတာ ရှိပါတယ်။"

နှစ်စဥ် သောက်သုံးရေးရှားပါးတဲ့ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေတိုးများလာနေတာနဲ့အမျှ ရေသန့်လိုအပ်ချက်ကြီးမားနေတာကြောင့် ရေအလှူကားတွေကို အားကိုးနေရပုံ။ (ဓာတ်ပုံ- Jobs for Kayah)
နှစ်စဥ် သောက်သုံးရေးရှားပါးတဲ့ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေတိုးများလာနေတာနဲ့အမျှ ရေသန့်လိုအပ်ချက်ကြီးမားနေတာကြောင့် ရေအလှူကားတွေကို အားကိုးနေရပုံ။ (ဓာတ်ပုံ- Jobs for Kayah)

ချင်းပြည်နယ်မှာတော့ ဒေါ်လာငါးသိန်းထက် ပိုများနိုင်တဲ့ ချေးငွေထုတ်ပေးမဲ့ အစီအစဉ်ကို CNF နဲ့ ဆွေးနွေးနေကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

"ဒီငွေကို ကျနော်တို့အနေနဲ့ သုံးစွဲဖို့ မူချထားတာသည် microfinance ဖြစ်ပါတယ်။ သက်ဆိုင်ရာဒေသမှာ ရှိကြတဲ့ တပိုင်တနိုင်လုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဒီကာလမှာအရေးပေါ်လိုနေတဲ့ဟာကို တတ်နိုင်တဲ့ ကိုယ့်ခွန်ကိုယ်အားနဲ့ ကျနော်တို့နဲ့ မဟာမိတ်တွေ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ တင်ထားတဲ့ဥစ္စာ ပမာဏသည် ဒေါ်လာငါးသိန်း မကပါဘူး။ သို့သော် ကျနော်တို့သည် တဆင့်ချင်းသွားရမှာ ဖြစ်တဲ့အတွက်မို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ဘက်နေ ဒေါ်လာငါးသိန်း pilot project အနေနဲ့ စနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေမှာပဲ ဖြစ်ပါတယ်။"

တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်နေကြတဲ့သူတွေကို သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဒေသ အစုအဖွဲ့တွေက ဘယ်လိုပုံစံ ဖြန့်ခွဲပြီး ထောက်ပံ့ပေးမလဲဆိုတဲ့ အပိုင်းမှာ ညှိနိုင်းမှုတွေ လုပ်နေကြောင်း သူကပြောပါတယ်။ စစ်ရေးနဲ့ စီးပွားရေးကို တပြိုင်နက်တည်း လုပ်ဆောင်နေရလို့ လက်တလောမှာတော့ ဒေသအားလုံးကို လွှမ်းခြုံနိုင်တဲ့ အကူအညီတော့ မပေးနိုင်သေးကြောင်း NUG ဘဏ္ဍာရေးဌာနက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းနဲ့ ကရင်နီ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားလာခဲ့ပြီး မကြာသေးခင်လတွေကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေလက်လွှတ်ဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုတွေ လျော့ပါးလာရာက တော်လှန်ရေးအင်အားစုတွေက အစားထိုးနေရာယူဖို့ ကြိုစားလာတာတွေလည်း ရှိနေပေမဲ့ ၂ ဖက်စလုံးက အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG