သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin အခန်းကဏ္ဍအပေါ် သုံးသပ်သူတချို့အမြင်


ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲံ ထိုင်းဝန်ကြီးချုပ် Srettha Thavisin တို့ကိုတွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၄)
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နဲံ ထိုင်းဝန်ကြီးချုပ် Srettha Thavisin တို့ကိုတွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၄)

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ မကြာခင်ရက်ပိုင်းအတွင်းက RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် ခေါင်းဆောင်နဲ့တွေ့ဆုံသလို လွန်ခဲ့တဲ့ ၂ လခန့်ကလည်း ကချင်၊ ကရင်၊ ကရင်နီ အဖွဲ့တွေအပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ မြန်မာ့အရေးဦးဆောင်လုပ်ပေးဖို့ရှိတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲဖြစ်လာချိန်၊ လက်ရှိထိုင်းအစိုးရအပေါ်ဩဇာကြီးတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ အခုလိုလုပ်ဆောင်မှုတွေ ဘယ်လို ထူးခြားလာနိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။

ဟုတ်ကဲ့ ဒီနှစ် မတ်လ လယ်ခန့်မှာ KNO ကချင်အဖွဲ့၊ KNU ကရင်အဖွဲ့၊ KNPP ကရင်နီအဖွဲ့၊ အပြင် NUG က ကိုယ်စားလှယ်တွေနဲ့ပါ ဝန်ကြီးချုပ်ဟောင်း Thaksin တွေ့ခဲ့အပြီး၊ ဒီအပတ်ထဲမှာလည်း RCSS/SSA အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့တွေ့ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အခုနောက်ဆုံးတွေ့ခဲ့တာက ဝန်ကြီးချုပ်ဟောင်း Thaksin နဲ့ နီးစပ်တယ်လို့ အများယူဆထားတဲ့ Maris Sangiampongsa နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာချိန်မို့ ထူးခြားတယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က ထောက်ပြပါတယ်။

"ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြောင်းအလဲကတော့ အဓိကအားဖြင့် Thaksin ရဲ့သြဇာမကင်းဘူးဆိုတဲ့ မှန်းဆချက်မျိုးတွေလည်း တွေ့ရတယ်ပေါ့နော်။ အဲဒီအပေါ်မှာ ထိုင်းရဲ့မြန်မာ့အရေးအပေါ် တာဝန်ယူမှုတွေ ချဉ်းကပ်ပုံတွေနဲ့ ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတဲ့ဟာက အဲဒီမှာ Thaksin ရဲ့အခန်းကဏ္ဍကလည်း အနည်းနဲ့အများဆိုသလို စဉ်းစားစရာဖြစ်တာပေါ့။ Thaksin အနေနဲ့ကတော့ ထိုင်းထဲမှာ ရှားရှားပါးပါးပေါ့လေ၊ လက်ရှိပဋိပက္ခဖြစ်နေတဲ့ဘက်ကတော့ ယေဘုယျအားဖြင့်တော့ သုံးစုလောက်လို့တော့ ပြောလို့ရတယ်။ အဲဒီထဲမှာ နှစ်စုလောက်နဲ့ကတော့ သူကာလကြာရှည် ဆက်ဆံရေးရှိခဲ့တဲ့လူမျိုးဖြစ်နေတယ်ပေါ့နော်၊ မြန်မာ့အရေးမှာ။ အဓိကအားဖြင့်ကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေကော စစ်တပ်နဲ့ကော ရင်းနှီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဘာတွေဆိုတာလည်း တချိန်တုန်းက သူအာဏာရတဲ့ကာလတုန်းက သူပါတီတွေဘာတွေနဲ့ ဆက်ဆံရေးကောင်းတဲ့အခြေအနေမျိုး ရှိခဲ့ဖူးတာပေါ့နော်။ အထူးသဖြင့်ကတော့ RCSS တို့ KNU တို့လိုအဖွဲ့တွေဖြစ်တယ်"

အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်း Panpree Bahiddha-Nukara အနေနဲ့ မြန်မာ့အရေး အရေးပါသူတွေနဲ့တွေ့ခဲ့ပြီး၊ မဲဆောက်က ထိုင်းမြန်မာနယ်စပ်နားအထိသွားကြိုးပမ်းခဲ့သလို၊ နိုင်ငံခြားရေးဝန်ကြီးသစ်လဲ အလားတူ ဆက်ဦးဆောင်ဖို့ မျှော်လင့်ထားတယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

"NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိုင်းအစိုးရရဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ အခက်အခဲဒုက္ခတွေကို စာနာထောက်ထားတဲ့ဟာတွေကို ကူညီပေးတာအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း အင်မတန်မှ ကျေးဇူးတင်ပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ နောက်ပြီးတော့ ဒီလို မျိုး stakeholder ပေါင်းစုံနဲ့ engagement တွေ ထိုင်းအစိုးရကနေပိုမို တိုးချဲ့ပြီးတော့လုပ်လာတာကလည်း ကောင်းတဲ့လက္ခဏာတခုလို့သုံးသပ်မိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအသစ်အနေနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံအရေးကို အရေးကြီးတဲ့ ဦးစားပေးအနေနဲ့ လုပ်မယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။ "

ဒါ့အပြင် မြန်မာ့အရေးနိုင်ငံတကာမှာ သိပ်အရေးမပေးလာချိန်မှာ အခုလို အိမ်နီးချင်း နိုင်ငံတွေရဲ့ ကြိုးပမ်းမှုက အရေးပါလာနိုင်တယ်လို့လည်း စိုင်းထွန်းအောင်လွင်က ဆက်ထောက်ပြပါတယ်။

"ဒီမြန်မာ့အရေးကလည်း အဓိကအားဖြင့်က နိုင်ငံတကာကရှင်းတယ်ဆိုတာမျိုးထက်ဆိုရင် ဘေးနိုင်ငံတွေကတော့ သူတို့အကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သတ်နေတဲ့အတွက် အကုန်လုံးဝင်ရှင်းကြဆိုတဲ့အခြေအနေမျိုးမှာ Thaksin ရဲ့အခန်းကဏ္ဍကလည်း သူ့ပါတီဟောင်းက အာဏာရနေတာဖြစ်တဲ့အတွက် ဘာပဲပြောပြောစဉ်းစားစရာဖြစ်တယ်ပေါ့နော် သူ့အခန်းကဏ္ဍကိုလည်း ထည့်သွင်းတွက်ချက်ဖို့လိုတာပေါ့လေ။ အဓိကအားဖြင့်တော့ ထိုင်းနိုင်ငံခြားရေးမူဝါဒတွေဘာတွေမှာ ဘယ်လိုပုံပေါ်လာနိုင်မလဲပေါ့လေ။ နောက်တချက်ဖြစ်နိုင်တာကတော့ နယ်စပ်တည်ငြိမ်ရေးတို့ ပဋိပက္ခဖြေရှင်းရေးတို့မှာ ကြားဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးပေါ့လေ။ ဒါမျိုးတွေကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့အခြေအနေပေါ့လေ။"


အခုလိုအချိန်မှာ ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေ လိုလားချက်ကို ဖြည့်ဆည်းပေးမဲ့ အဖြေမျိုး ဝိုင်းရှာပေးသင့်တယ်လို့ NUG သမ္မတရုံးပြောခွင့်ရက တောင်းဆိုလိုက်ပါတယ်။

"ထိုင်းနိုင်ငံကနေပြီးတော့ မြန်မာပြည်သူဘက်ကနေ မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အဖြေတခုရအောင် ဝိုင်းဝန်းကူညီပေးဖို့လည်း ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ မြန်မာနိုင်ငံတည်ငြိမ်မှာဖြစ်သလို ထိုင်းနိုင်ငံရဲ့တည်ငြိမ်မှုကို အထောက်အကူပြုမယ်၊​နှစ်နိုင်ငံရဲ့ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ စီးပွားရေးတွေ အတွက်လည်း အထောက်အကူပြုမယ် ဆိုတာပြောကြားချင်ပါတယ် ။ တည်ငြိမ်မှုမရှိရင် စီးပွားရေးလည်းတည်ငြိမ်မှုရှိမှာမဟုတ်ဘူး။ မြန်မာနိုင်ငံမှာ မတည်ငြိမ်ရင် ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးလည်း ထိခိုက်တယ်၊ ထိုင်းအပြင် ဒေသလုံခြုံရေးတည်ငြိမ်မှုတွေကိုပါ ထိခိုက်တဲ့အနေအထားရောက်နေတဲ့အတွက်ကြောင့် အခုထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်အနေနဲ့လည်း အထူးအာရုံပြုပြီးတော့ ကူညီဆောင်ရွက်ပေးမယ်လို့ မျှော်လင့်ပါတယ်။"


တချိန်ထဲမှာ မြန်မာစစ်ကောင်စီဖက်က ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ ကြိုးပမ်းလာနိုင်မှုအပေါ် တုံ့ပြန်နိုင်ပုံကိုလည်း တရုတ် ဥပမာနဲ့ယှဉ်ပြီး စိုင်းထွန်းအောင်လွင်က အခုလို သုံးသပ်ပြပါတယ်။

"၁၀၂၇ စစ်ဆင်ရေးမှာပါနေတဲ့ အဖွဲ့သုံးဖွဲ့နဲ့ စစ်တပ်အကြားဆွေးနွေးပွဲ တရုတ်ကြားဝင်ပြီး ဆွေးနွေးပွဲဆိုတာမျိုးကလည်း သူမတတ်သာလို့လက်ခံရတဲ့အခြေအနေမျိုးတရပ်မှာ ဒီကြားဝင်မှုမျိုးကိုလက်ခံတဲ့ သဘောမျိုးရှိတယ်ပေါ့နော်။ Thaksin တကယ်လို့ဝင်လာတယ်ဆိုလို့ရှိရင် နဂိုကတည်းကသူ့စီးပွားရေးတွေ မြန်မာပြည်ထဲမှာ ရှိဖူးခဲ့တာရှိတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့လည်းဆက်ဆံရေးတစုံတရာရှိဖူးခဲ့တာဖြစ်လို့ ဒါကတော့ ယေဘုယျအားဖြင့်တော့ လက်သင့်ခံစရာရှိကောင်းရှိပေမဲ့ တရုတ်တို့ဘာတို့လုပ်တဲ့အခြေအနေမျိုးအထိတော့ စစ်ကောင်စီဘက်က လက်ခံမယ့်အလားအလာမျိုး မမြင်ဘူးပေါ့နော် ကြားဝင် ဖြစ်မြောက်ရေးလောက်ကိုပဲ​သူလက်ခံတဲ့ဟာမျိုး ဖြစ်နိုင်တယ်ပေါ့နော် "


ဒါ့အပြင် ရှေ့အပတ် ထိုင်းမှာကျင်းပမဲ့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေဆွေးနွေးပွဲမှာ ဒီကိစ္စ ဆက်ထူးခြားလာနိုင်တာနဲ့ တရုတ်မှာမကြာခင် လုပ်ဖို့ရှိတဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေးပွဲတွေကိုလည်း စောင့်ကြည့်သွားရမယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ် ခင်ဗျာ။

Forum

XS
SM
MD
LG