သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်က ဘာသာရေးအဆောက်အအုံတွေ တိုက်ခိုက်ခံရမှု စစ်ရာဇဝတ်မှုမြောက်နိုင်


ထန်တလန်မြို့ မီးလောင်ကျွမ်းနေစဉ် (အောက်တိုဘာ ၂၉၊ ၂၀၂၁)
ထန်တလန်မြို့ မီးလောင်ကျွမ်းနေစဉ် (အောက်တိုဘာ ၂၉၊ ၂၀၂၁)

မြန်မာနိုင်ငံအနောက်ပိုင်း ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ ချင်းပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန် ဘာသာရေးကျောင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ရာဇဝတ်မှု ကျုးလွန်တာကို စစ်တမ်းကောက်ယူတဲ့ ဗြိတိန်အခြေစိုက် အဖွဲ့တခုက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ UK အခြေစိုက် Center for Information Resilience အဖွဲ့ရဲ့ Myanmar Witness အစီရင်ခံစာဟာ ချင်းပြည်နယ်အတွင်း ဘုရားကျောင်းတွေ ပျက်ဆီးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု ငါးခုကို စစ်ဆေးသုံးသပ် ရေးသားပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တခုထဲမှာ ခရစ္စယန် ဘုရားကျောင်း ၆၇ ကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းအပါအဝင် ဘာသာရေး အဆောက်အအုံ ၁၀၇ ခု ဖျက်ဆီးခံခဲ့ရတယ်လို့ ချင်း လူ့အခွင့်အရေး အဖွဲ့က ပြောဆိုထားပါတယ်။ နိုင်ငံတကာ ဂျုးဘာသာဝင်များကော်မရှင်ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ် ဧပြီလအထိ နိုင်ငံတဝန်းမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ကျောင်းကန် ၉၄ နေရာ၊ ခရစ္စယန်ဘာသာဝင်တွေရဲ့ ဘုရားကျောင်း ၈၇ နေရာ ဖျက်ဆီးခံခဲ့ရတာကို ရေးသားထားပါတယ်။

အခု Myanmar Witness အဖွဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ မျက်မြင်သက်သေ ပြောပြချက်တွေ၊ လူမှုကွန်ရက်က ဓါတ်ပုံ ဗွီဒီယိုတွေနဲ့ ဂြိုလ်တုဆက်သွယ်ရေးက ရတဲ့ပုံတွေကို စစ်ဆေးပြီး ထုတ်ပြန်တာပါ။ တိုက်ခိုက်မှု ကျုးလွန်တဲ့သူတွေကို အရေးယူ အပြစ်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြသွားမယ့်အကြောင်း အဖွဲ့ ဒါရိုက်တာ Matt Lawrence က ပြောပါတယ်။

XS
SM
MD
LG