သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းဒေသ စစ်ကောင်စီကင်းစင်ရေး ချင်းကာကွယ်ရေးအဖွဲ့တွေရည်မှန်း


ချင်းလက်နက်ကိုင်အဖွဲ့တခု (ယခင်မှတ်တမ်း)
ချင်းလက်နက်ကိုင်အဖွဲ့တခု (ယခင်မှတ်တမ်း)

ချင်းပြည်နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်တင်ပြီး အခုနှစ်အတွင်း ချင်းပြည်မှာ စစ်ကောင်စီတပ်တွေ ကင်းစင်တဲ့အထိ ကြိုးစားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာလည်း မြို့ကြီးတွေကလွဲ ကျေးလက်တွေမှာ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားတဲ့အခြေအနေမှာ ရှိနေပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း ဒေသခံကာကွယ်ရေးတပ်တွေ စစ်ရေးထိန်းချုပ်ထားနိုင်တဲ့အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြမှာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ၉ မြို့နယ်ထဲ မြို့ ၉ မြို့ထက်မနည်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးတဲ့နောက် မြို့နယ်အဆင့်တွေကိုပါ သိမ်းပိုက်လာနိုင်တဲ့အထိ စစ်ရှိန်မြင့်လာပါတယ်။ ချင်းပြည်နယ်တွင်း အခု ၂၀၂၄ ခုနှစ်အထဲ စစ်ကောင်စီအုပ်ချုပ်ရေးကင်းစင်တဲ့အထိ ကြိုးစားနေတယ်လို့ CDF မင်းတပ် ပြောခွင့်ရသူက ဆိုပါတယ်။

"၂၀၂၃ မှာဆိုရင် မြို့နယ်ကလွဲပြီး မြို့တော်တော်များများကို သိမ်းနိုင်တယ်လို့ ပြောရမယ်။ တဖက်မှာဆိုရင် နောက်ဆုံးမြို့ဆိုရင် ကျင်ဒွေးပေါ့နော်။ မြို့အနေနဲ့ သိမ်းနိုင်ခဲ့တယ်။မြို့နယ်ပဲ ကျန်တော့တာပေါ့နော်။ သိပ်မကြာခင်မှာပဲ တွန်းဇံမြို့နယ်ကို သိမ်းလိုက်နိုင်တဲ့ အနေအထားမျိုးမှာရှိတယ်။ ဒါက CNA/CNF က ပူးပေါင်း တပ်ဖွဲ့တွေနဲ့ သိမ်းတာတွေရှိတယ်။ ချင်းညီနောင်အဖွဲ့အနေနဲ့လည်း တီးတိန်မြို့ကို စစ်ဆင်ရေး လုပ်နေတယ်။ ကျွန်တော်တို့ကတော့ ချင်းညီနောင်စစ်ဆင်ရေးကို ၂၀၂၃ အထိ မြို့တွေကို သိမ်းနိုင်တယ်။ ၂၀၂၄ မှာတော့ စစ်ရေးအရှိန်ကို တဆင့်မြှင့်မယ်။ ကျွန်တော်တို့ ချင်းညီနောင် စစ်ဆင်ရေး အနေနဲ့ ကျွန်တော်တို့ မြို့နယ်တွေကိုပါ စစ်ရေးအရှိန်မြှင့်ပြီး သိမ်းလာဖို့ အစီစဉ်တွေရှိတယ်။ အရှင်းဆုံးပြောရရင် ဒီ ၂၀၂၄ မှာ ကျွန်တော်တို့ မြို့နယ်တွေမှာ စကစ ကို မရှိသလောက် မောင်းထုတ်နိုင်ဖို့ ကြိုးစား ပြင်ဆင်နေပါတယ်။"

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကျင်ဒွေး ၊ တွန်းဇံတို့လို မြို့တွေအပြင် မြန်မာ-အိန္ဒိယ နယ်စပ်မြို့တွေဖြစ်တဲ့ ရိဒ်ခေါဒါရ် လိုင်လင်းပီ ၊ နှာရိန်းစတဲ့ နယ်စပ်မြို့တွေကိုလည်း သိမ်းပိုက်ထားပါတယ်။ ဒီဒေသတွေမှာတော့ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေတယ်လို့ CDF မင်းတပ် ပြောခွင့်ရသူက ပြောပါတယ်။

"စကစကတော့ တိုင်းရင်းသားဒေသတွေနဲ့ ကချင်ပြည်နယ် ရခိုင်ပြည်နယ် ကယားပြည်နယ် (ကရင်နီ) ကရင်ပြည်နယ် မြန်မာနိုင်ငံအနှံ့ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ နေရာမှာ စကစက သေချာတယ် စစ်ရှုံးနေတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်မှာပဲ ကြည့်ကြည့် စကစ က စစ်ရှုံးနေတယ်လို့ ပြောလို့ရပါတယ်။ သူက ချင်းပြည်နယ်ကို တကယ်လက်မလွှတ်ချင်ဘူးဆိုရင် ကျွန်တော်တို့နဲ့ ထိပ်တိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်တယ်။ တပ်အပ်တော့ ပြောမရဘူး။ သူတို့အပေါ်မှာပဲ မူတည်နေတယ်။ ကျွန်တော်တို့လုပ်ရမယ့် အပိုင်းက ကျွန်တော်တို့ချင်းပြည်နယ်မှာ အာဏာရှင်စစ်တပ် ကင်းစင်ဖို့ မောင်းထုတ်မယ် တိုက်ခိုက်မယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်။ သူတို့ဘက်က ထိုးစစ်ဆင်လာရင် ကျွန်တော်တို့က ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်ကို ကျွန်တော်တို့ အသက်တွေပေးပြီး ကာကွယ်စောင့်ရှောက်မယ်ပေါ့။ "

ချင်းပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဖက်က သံချပ်ကာကားတွေနဲ့ အင်အားအများအပြား ဖြည့်တင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေခုခံတိုက်ခိုက်လို့ သံချပ်ကာကားတချို့ ပျက်စီးပြီး မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် စစ်ကောင်စီဖက်က လေကြောင်းကနေပဲ အားပြုတိုက်ခိုက်လာပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းဘက်မှာဆိုရင်လည်း မြို့ကြီးအချို့နဲ့ မြို့ပေါ်က နေရာအချို့ကိုသာ စစ်တပ်က အုပ်ချုပ်နိုင်ပြီး စစ်တပ်ထောက်ခံတဲ့ ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေကလွဲပြီး ကျေးရွာတော်တော်များများကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတာပါ။ စစ်ကိုင်းဒေသမှာလည်း စစ်ကောင်စီဖက်က လေကြောင်းကိုအဓိက အားပြုနေရတယ်လို့ စစ်ကိုင်းဖိုရမ် ပြောခွင့်ရသူ တဦးဖြစ်တဲ့ ကိုစိုးဝင်းဆွေက ပြောပြပါတယ်။

" စစ်ကိုင်းတိုင်းထဲက ကျေးလက်ဒေသအများစုကတော့ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ စစ်တပ်က လာပြီးတော့ တိုက်ချင်ပေမယ့် အင်အား မမျှတာ အင်အားနည်းတာပေါ့နော်။ လူအင်အား သူ့မှာနည်းသွားတယ်။ အခုနောက်ပိုင်းဆို လက်နက်အင်အားပါ နည်းလာတဲ့အနေအထားမျိုး တွေ့ရတယ်။ စိတ်ရှိပေမယ့် သူတို့မလုပ်နိုင်ဘူး ဒါကြောင့်သူတို့ တန်ပြန်ပြောက်ကျားနည်းနဲ့ပေါ့ သူတို့ သတင်းသေသေချာချာ ခိုင်ခိုင်မာမာလိုက်ပြီးတော့ သူတို့ သတင်းရတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုလုပ်တာတို့ လက်နက်ကြီးနဲ့ အဝေးကပစ်တာတို့ အမြန်ဝင်တိုက် အမြန်ချေမှုန်း အမြန်ပြန်ဆုတ်ဆိုတဲ့ တန်ပြန်ပြောက်ကျားဗျူဟာပေါ့ ဒီပုံစံမျိုးနဲ့ပဲ ကျေးလက်တွေကို သူတို့ ဝင်ရောက်တိုက်ခိုက်တာမျိုးပဲရှိပါတယ်။ မြို့ပြ အများစုကတော့ အကြမ်းဖက် စစ်တပ်က ထိန်းချုပ်ထားဆဲပဲဖြစ်ပါတယ်။"

စစ်မျက်နှာများစွာဖွင့်ထားရလို့ အင်အားပြုန်းတီးပြီး စစ်ပမ်းနေတဲ့ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းလိုက်ပြီး ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေက လူငယ်တွေကို လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေရပါတယ်။ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ဒီဥပဒေကအသက်မဝင်ပဲ၊ ဒေသခံလူငယ်တွေဟာ ကာကွယ်ရေးတပ်တွေထဲ ဝင်ရောက်မှုပိုများလာတယ်လို့ သိရပါတယ်။

Forum

XS
SM
MD
LG