သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသူနည်းပါး


ကျောင်းဆောင်ပုဒ်
ကျောင်းဆောင်ပုဒ်

စစ်ကောင်စီလက်ထက် ဒီနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ထားပြီး အောင်ချက်ရာခိုင်နှုန်းက ၅၇ ရာခိုင်နှုန်းကျော်ရှိတယ် ဖော်ပြထားပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၃၀,၀၀၀ နီးပါးသာရှိပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ အဆမတန်ကွာဟနေပါတယ်။ စစ်ကောင်စီရဲ့ပညာရေးစနစ်အပေါ်မှာ စိတ်ဝင်စားမှုကျဆင်းနေပြီး ကျောင်းတက်ရောက်သူနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ သိသိသာသာ ကျဆင်းလာတယ်လို့ ကျောင်းသားမိဘက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဆောင်ရွက်တဲ့ ၁၂ တန်း ပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိတဲ့အထဲ အောင်မြင်သူ ၇၄,၅၉၂ ရှိပြီး အောက်ချက် ရာခိုင်နှုန်းက ၅၇.၉၀ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာမသိမ်းခင်က ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉ သိန်းနီးပါးရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက် ၂၀၂၄ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ တ သိန်းသုံးသောင်းနီးပါးသာ ရှိခဲ့ပါတယ်။ စစ်ကောင်စီလက်ထက် ပညာရေးစနစ်အပေါ် စိတ်ဝင်စားမှုကျဆင်းနေပြီး ကျောင်းတက်ရောက်သူ ဦးရေလည်း လျှော့နည်းနေတာပါ။

အရင်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းအတွက် မိဘနဲ့ ကျောင်သားတွေက ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပေမယ့် အာဏာသိမ်းပြီးတဲ့နောက် လူငယ်တွေရဲ့ ရည်မှန်းချက်ဟာ သဲထဲရေသွန်ဖြစ်သွားပြီလို့ ရန်ကုန်မြို့က ကျောင်းသားမိခင်တဦးက အခုလို ပြောပါတယ်။

“အရင်တုန်းကနဲ့ လုံးဝမတူတာကတော့ အရင်တုန်းကဆိုရင် မနက် ၃၊ ၄ နာရီလောက်တည်းက ကျွက်က်စိကျွက်စိတွေဖြစ်နေပြီ။ ကိုယ်အပါအဝင်ပေါ့။ ကိုယ့်သားသမီးတွေအတွက်ရော၊ တခြားကလေးတွေရော၊ ရပ်ကွက်ထဲကရော၊ အမျိုးအဆွေထဲကရော၊ ဘယ်သူတွေ D ဘယ်နှလုံးပါမလဲ၊ ပြီးလို့ရှိရင် ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ လုပ်ကြမယ် စသဖြင့် ဒီလိုမျိုးတွေ ရင်ခုန်လှုပ်ရှားခဲ့ရပါတယ်။ ရည်မှန်းချက်တွေလည်း ရှိခဲ့တာ။ အခုကတော့ အဲ့ရည်မှန်းချက်ဆိုတာက အကုန်လုံးပျက်သွားပြီ။”

အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီရဲ့ ပညာရေးစနစ်ကို ဖီဆန်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အနေနဲ့ ကျောင်းသား၊ ကျောင်းသူအများစုက ကျောင်းဆက်မတက်ကြသလို နိုင်ငံတဝန်း စစ်ပွဲတွေကြောင့်လည်း ကျောင်းသူ၊ ကျောင်သားအများအပြား ကျောင်းမတက်နိုင်ကြပါဘူး။ နှစ်ကြာလာပေမယ့် CDM ဆက်လုပ်နေသူတချို့ရှိနေသေးတယ်လို့ အာဏာသိမ်းပြီး ဇွန်လအထိ နိုင်ငံတကာပုဂ္ဂလိကကျောင်းမှာ စာသင်ကြားခဲ့တဲ့ လုံခြုံရေးအရေး အမည်မဖော်လိုတဲ့ ဆရာမတဦးက ပြောပါတယ်။

“CDM လုပ်နေတဲ့ လူတွေ ရှိပါသေးတယ်။ အခုထက်ထိပေါ့နော်၊ မျှော်လင့်ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် အခု နည်းနည်းနှစ်တွေ ကြာလာပေမယ့်လည်း ပြန်ပြောင်းလဲလာဖို့အတွက် ကိုယ့်ဘက်က မျှော်လင့်ချက်ရှိတယ်။ အဲ့ဒါကြောင့်မို့လို့လည်း ဆက်ပြီးတော့မှ CDM လုပ်နေတဲ့သူတွေ အများကြီးတယ်ပေါ့နော်။ တဖြေးဖြေးနဲ့က နှစ်ကာလကြာလာတာနဲ့အမျှ တောင့်နိုင်တဲ့ အရေအတွက်က နည်းလာပေမယ့်လည်း ရှိတဲ့လူတွေ ရှိသေးတယ်။ ရှေ့ဆက်ပညာရေးပေါ့လေ။ အထဲမှာ နိုင်ငံအတွင်းမှာ ဆက်နေလည်း ကိုယ့်နိုင်ငံအတွက်ကို လောလာဆယ် ဘာမှအကျိုးပြုလို့မရတဲ့အတွက်ကြောင့်မို့လို့ အပြင်မှာထွက်ပြီးတော့မှ အတွေ့အကြုံယူချင်တဲ့သူတွေလည်း ရှိတယ်ပေါ့နော်။”

CDM မှာ ပါဝင်တဲ့ ကျောင်းသားတချို့ကတော့ တော်လှန်ရေးအင်အားစုက ဆောင်ရွက်တဲ့ အွန်လိုင်းကျောင်းကနေလည်း ကျောင်းတက်သူတွေ ရှိပါတယ်။ နိုင်ငံအတွင်း ပညာရေးကမောက်ကမ ဖြစ်နေချိန် နိုင်ငံခြားထွက်ပြီး ကျောင်းတက်ဖို့ ကြိုးစားလာသူတွေလည်းရှိတယ်လို့ လုံခြုံရေးအရေး အမည်မဖော်လိုတဲ့ ဆရာမက ပြောပါတယ်။

“ခေတ်ကိုကပြောင်းလာတာ နိုင်ငံခြားသွားရတာ နိုင်ငံခြားမှာ ပညာသင်ဖို့အတွက် ကြိုးစားတာပိုများလာတော့၊ ဘာလို့ဆို ၈ တန်းလောက် အောင်မယ်။ ၉တန်းလောက်ပြီးတာနဲ့ GED သင်တန်းတွေ တက်တယ်။ တက်ပြီးတော့ တခြား University တွေကို ဝင်ဖို့အတွက် သူတို့လုပ်တာဆိုတော့လေ။ ဒီ နှစ်နှစ် သုံးနှစ်အတွင်းမှာ တချို့တွေလည်း အပြင်ထွက်လို့ မလွယ်လို့သာ ဆက်နေနေကြလို့။ ဒီဟာကိုပဲ ဆက်တက်ရတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။”

တော်လှန်ရေးအင်အားစုတွေ သိမ်းယူရရှိထားတဲ့ မြို့ရွာတွေမှာတော့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေး အခွင့်အလမ်း မဆုံးရှုံးအောင် စာသင်ကျောင်းတွေ ဖွင့်လှစ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG