သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်စစ်ပြေးဒုက္ခသည်တွေကြား ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ


ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ မင်းတပ်ဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

မင်းတပ်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည်တွေကြား ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြပြီး ဒီရောဂါနဲ့အမျိုးသားနှစ်ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေသလို အရေးပေါ် ဆေးဝါးလိုအပ်နေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် ၁၃ ခုက စစ်ဘေးရှောင်တွေထဲမှာ အသက် ၅ နှစ်အောက်ကလေးငယ် ၄ ဦးနဲ့ အသက် ၄၀ အထက် ၅ ဦး စုစုပေါင်း ၉ ဦးတို့ဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့တယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ တာဝန်ခံတွေက ပြောပါတယ်။ အဲ့ဒီ ၉ ဦးထဲမှာ အမျိုးသား ၂ ဦးက ရောဂါကြောင့် သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။

စစ်ဘေးရှောင်တွေထဲ နောက်ထပ် ရောဂါဖြစ်ပွားတဲ့သူရှိမရှိ စောင့်ကြည့်သတင်းပို့နေတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာန တာဝန်ခံက အခုလို ပြောပါတယ်။

"ဖြစ်ပွားတဲ့ ၉ ယောက်ထဲမှာ ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၈၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့- သူတို့ ၂ ယောက်ကတော့ ကွယ်လွန်သွားပါတယ်။ အဲ့ထဲမှာ ဆိုးရွာတာက ၇ ယောက်ထဲမှာ ၁ ယောက်ကတော့ ရေဓာတ် ဆုံးရှုံးမှုများပြီးတော့ သွေးပေါင်ကျတဲ့ လက္ခာတွေ တွေ့ရတယ်။ ဒါပေမယ့် အခုကတော့ အခြေအနေ ပြန်ပြီးတည်ငြိမ်နေပါပြီ။ ရောဂါထိန်းချုပ်နိုင်ပြီလားဆိုတော့ နောက်ထပ် ဖြစ်ပွားတဲ့သူ ရှိမရှိ ဆိုတာကို ကျနော်တို့ သတင်းတောက်လျှောက် စောင့်ကြည့်နေပါတယ်။ တခြားရွာတွေမှာလည်း ဖြစ်မဖြစ်ဆိုတာကို လေ့လာနေပါတယ်။ ကျနော်တို့ ကျန်းမာရေး အသိပညာပေးတွေလည်းပြောတယ်။ အနီးစပ်ဆုံး ကျန်းမာရေးဝန်ထမ်းတွေကိုတို့ ဆက်သွယ်ပြီး ပြောထားပါတယ်။ ရောဂါက လက်တလောအခြေအနေမှာ အရမ်းကြီး မပြန့်နှံ့သေးဘူးလို့ ယူဆရပါတယ်။"

ရောဂါဖြစ်တဲ့ကျေးရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေနဲ့အတူ မကြာခဏဆိုသလို ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာထဲကနေ ပြောင်းရွှေ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေရတဲ့ ဒေသခံတွေပဲဖြစ်ပါတယ်။ ကျန်းမာရေးစိုးရိမ်ချက်တွေကြောင့် လက်ရှိအချိန်မှာ ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

" အဲ့ဒီရွာကို စစ်ကောင်စီက ၂ ကြိမ် ၃ ကြိမ်လောက် ဗုံးကြဲထားတော့ တောထဲတောင်ထဲမှာ ရှောင်ရတယ်။ တောင်ယာထဲမှာ ရှောင်ရင်းနဲ့မှ နေအိမ်အသစ်တွေ ပြန်ဆောက်ရတယ်။ ရေသွယ်တာ၊ သောက်သုံးရေတွေ ပြန်သုံးတာကအစ မသန့်ရှင်းတာ၊ အဆင်မပြေတာ၊ နေရေးထိုင်ရေး အခက်အခဲတွေ တကိုယ်ရည်သန့်ရှင်းရေး၊ သောက်သုံးရေ သန့်ရှင်းရေး အမျိုးမျိုးတွေေကြောင့်မို့လို့ ဒီလို ဝမ်းရောဂါဖြစ်လာတယ်လို့ ယူဆပါတယ်။ အကူအညီတွေကတော့ ဝမ်းရောဂါနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ၊ ဓာတ်ဆားတွေပေါ့နော် လိုအပ်နေတယ်။ ပအဖကတော့ ကျန်းမာရေး ဆရာဝန်တွေနဲ့ နယ်ကိုဆင်းပြီး ကြီးကြပ်နေတယ်။"

မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ မကြာခဏဆို တိုက်ပွဲတွေဖြစ်နေတာအပြင် စစ်ကောင်စီဘက်က ကျေးရွာတွေထဲအထိ လေကြောင်းတိုက်ခိုက်တဲ့အတွက် ဒေသခံတွေဟာ အိုးအိမ်စွန့်ခွါပြီး တောတောင်တွေထဲ နေထိုင်နေရတာဖြစ်ပါတယ်။

မင်းတပ်မြို့နယ်ထဲစစ်ဘေးရှောင် တသောင်းကျော်ရှိပြီး ဆေးဝါးအကူအညီတွေအပြင် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG