သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ ၆ ရက်မြောက် တိုက်ပွဲဆက်လက်ပြင်းထန်နေ


ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြင်ကွင်း (ဇွန် ၁၈၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြင်ကွင်း (ဇွန် ၁၈၊ ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်ပြီးနောက် ရှမ်းပြည်နယ် လားရှိုးမှာ ၆ ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ရေးအရ အတိုးအဆုတ်ရှိနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့နယ် နမ့်ပေါင်ရွာမှာအခြေစိုက်တဲ့ ခလရ (၂၉၁) စခန်းကိုတော့ ကိုးကန့် MNDAA က ထိန်းချုပ်ထားသလို မိုးမိတ်၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲ တွေ ဆက်လက် ပြင်းထန်နေပါတယ်။ ရှမ်းမြောက်ဒေသက နောက်ဆုံးအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြမှာပါ။

ဒီလ ၃ရက်နေ့ စတင်ပြီး လားရှိုးမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ စတင်ခဲ့တာ ဒီနေ့ဆို ၆ရက်မြောက်ရှိလာပြီး တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေဆဲရှိပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းကတော့ မြို့အရှေ့တောင်ခြမ်း ရပ်ကွက် ၅ ၊ မန်အိုင်ဘက်မှာအခြေစိုက်တဲ့ ခမရ (၅၀၇) ကို ကိုးကန့် MNDAA က သိမ်းလိုက် သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ လားရှိုးဒေသခံတဦးကတော့ ဒီသတင်းကို အတည်ပြုလို့ မရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ အဓိကကတော့ ၅၀၇ကို ဖိတိုက်နေတာ။ ခမရ ၅၀၇ကို ဖိတိုက်နေတာ။ ပြင်ပမှာတော့ ကျသွားပြီတို့ ဘာတို့ ကြားပေမဲ့ အခုထက်ထိတော့ ကျသွားပြီလို့ Confirm (အတည်ပြုချက်) တော့ မကြားရသေးဘူး။ ဒီမနက်ပိုင်းမှာတော့ လက်နက်ကြီး ပစ်သံတွေ ဆက်နေပြီးမှ အသေးပစ်သံတွေရော များနေတယ်။ အဓိကကတော့ ရပ်ကွက် ၅ ၊ ၅၀၇ဘက်မှာ ပိုကြမ်းတာပေါ့။ ကျန်တဲ့ဟာကတော့ မြို့ ပတ်ပတ်လည်မှာတော့ ကြားနေရတယ်။”

လက်ရှိ နှစ်ဘက် ပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ်ကနေ အခြားအရပ်ကို တိမ်းရှောင်နေတဲ့ အရပ်သားပြည်သူတွေရဲ့ အခြေအနေကိုလည်း သူက အခုလို ဆက် ပြောပါတယ်။

“ မြို့ထဲက ထွက်တဲ့ လူက မနေ့က နောင်ကွဲဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတော့ မနေ့က ဒီဘက်က လမ်းကြောင်းကို ခန ပိတ်လိုက်တယ်။ ပိတ်ပြီးမှ နေ့လည်ပိုင်း တဖြတ်မှာ ခန ပြန်ဖွင့်တယ်လို့ ပြောတယ်။ မနေ့က အဲလိုမျိုး ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်တဲ့အပေါ် မူတည်ပြီး လူတွေက အရမ်းပိုပြီး စိုးရိမ်တာတွေ ရှိတယ်။ ရှိတော့ ဒီနေ့တော့ တော်တော်များများ ထွက်နေတယ်။ ဒီ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကားတန်းက ၅တန်းလောက်ဖြစ်ပြီးမှ ပိတ်နေတယ်။”

လားရှိုးတိုက်ပွဲနဲ့ပတ်သက်လို့ MNDAA က သတင်းထုတ်ပြန်တာမရှိသလို ပြောခွင့်ရကိုလည်း ဗွီအိုအေက ဆက်သွယ်လို့ မရသေးပါဘူး။လားရှိုး ဒေသခံအမျိုးသမီးတဦးက တနင်္ဂနွေနေ့ ညနေပိုင်းက ခမရ ၅၀၇ကို MNDAA က သိမ်းယူလိုက်ကြောင်း၊ ဒီမနက်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ပြီးနောက် ပြန်လည် ထိန်းချုပ်လိုက်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။

“ လားရှိုး ၅၀၇မှာ မနေ့ညကတော့ ကိုးကန့်တွေက နိုင်ပြီးသားပေါ့ နိုင်ပြီးသားကို ဒီမနက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ် ပြောတယ်။ အခုကတော့ စစ်တပ်က ပြန်ပြီးမှ ထိန်းချုပ်ထားတယ်လို့ ပြောတယ်ရှင့်။ ”

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်က ဈေးတခု (ဇွန် ၁၈၊ ၂၀၂၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်က ဈေးတခု (ဇွန် ၁၈၊ ၂၀၂၄)

ဒီလ ၅ရက်နေ့ကတော့ လားရှိုးမြို့နဲ့ မိုင်၂၀ခန့်အကွာ တာယန်းလမ်း၊ နမ့်ပေါင်ရွာအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၉၁နဲ့ ရဲစခန်းကို MNDAA က သိမ်းယူလိုက်ကြောင်း သူက ဆက်ပြောပါတယ်။

“ ၂၉၁က ကိုးကန့်က ထိန်းချုပ်ထားတယ်ပြောတယ်။ စစ်တပ်ကတော့ အကုန် မရှိတော့ဘူးပေါ့နော်။ ပြေးတဲ့သူက ပြေး။ ကျဆုံးတဲ့သူက ကျဆုံးပေါ့။ အဲလိုမျိုးပေါ့။ လောလောဆည်တော့နမ့်ပေါင်နဲ့ နမ္မဗောဒကို သူတို့က ထိန်းချုပ်ထားတယ်ပေါ့။”

နမ့်ပေါင်နဲ့ နမ္မဗောဒရွာက ပြည်သူတွေကတော့ တခြားဒေသကို တိမ်းရှောင်နေကြကြောင်းနဲ့ MNDAA က လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်တာကြောင် ဒေသခံတွေကို နေရပ်ပြန်မလာသေးဖို့ တိုက်တွန်းထားတယ်လို့ ပြောပါတယ်။ လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေချိန်မှာပဲ မိုးမိတ်မြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLA အကြားမှာ တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံတွေ ထိခိုက်သေဆုံးတာ ရှိနေကြောင်း မိုးမိတ်ဒေသခံတဦးက ပြောပါတယ်။

“ တိုက်ပွဲကတော့ ပြင်းထန်နေတာပဲ။ ဟိုနားတစ၊ ဒီနားတစ ဆိုတာလို အဲလိုမျိုးဖြစ်နေတာ။ ဒီနေ့ လက်ခုပ်ပင်မှာ ခေါင်းတည့်တည့်မှန်တာ ခေါင်းကို ပျောက်သွားတယ်လို့ ကြားတယ်။ မနေ့ကတယောက် အဲဒီ ရွှေတောင်ဦးကုန်း ဘုရားရဲ့ အနောက်ဘက်က ဘက်ထရီဆိုင်မှာ ကျတဲ့ဥစ္စာ တယောက်သေသွားတယ်။ တမြန်နေ့က တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ ချသွားတာ။ လက်ခုပ်တန်း ပလောင်ကုန်းမှာ အဲဒီဘက်မှာ လေယာဉ်နဲ့ ၈လုံးလောက် ချသွားတာ။ တယောက်သေတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ ဖုန်းလိုင်းမရှိ၊ ဟိုဟာက မရှိတော့ ဘယ်လောက်သေတယ်ဆိုတာလည်း မသိရဘူးလေ။ ခု သိသလောက်ဆိုရင်တောင်မှ ၅ယောက်လောက်တော့ ရှိသွားပြီ။ ”

TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကတော့ နောင်ချိုနဲ့ မိုးမိတ်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်းနဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်တဲ့ ကာလအတွင်း အရပ်သားသေဆုံးသူ ၅၀ကျော်ရှိနေကြောင်း ပြောဆိုပါတယ်။

“ ဒီကနေ့ တိုက်ပွဲသတင်းတက်လာတာက နောင်ချိုမြို့မှာ ရှိတဲ့ ၆၀၆ တပ်စခန်းမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ပြီးရင် မိုးမိတ်မှာဆိုရင်တော့ သရက်တောကျေးရွာဘက်မှာ ရှိတဲ့ တပ်စခန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ကျမတို့ ၁၃ရက်တာ တိုက်ပွဲကာလမှာဆိုရင် အရပ်သားသေဆုံးမှုက ၅၀ ဝန်းကျင်ရှိပြီးတော့မှ ဒီ ထိခိုက်ဒဏ်ရာရမှုကတော့ ၆၇ယောက်နီးပါးတော့ ရှိပါတယ်။ ”

ကျောက်မဲနဲ့ မိုးကုတ်ဘက်ကတော့ တိုက်ပွဲသတင်းတက်လာတာမရှိသေးကြောင်း ပြောပါတယ်။ မိုးကုတ်မြို့ခံတွေကို ဖုန်းဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ခေါ်ဆိုလို့ မရခဲ့ပါဘူး။ မိုးကုတ်ဒေသခံတွေရဲ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီနေ့ မနက်ပိုင်းက စတင်ပြီး မိုးကုတ် အရှေ့ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်ရှိနေသလို လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေကြောင်းလည်း ရေးသားထားပါတယ်။ လက်ရှိ မိုးကုတ်မြို့နဲ့ ရှမ်းမြောက်ဒေသတိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG