သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးတိုက်ပွဲပြင်းထန်၊ မြို့ခံရာချီ ‌ဘေးလွတ်ရာပြေး


စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားတိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ လားရှိုးမြို့က အဆောက်အဦများ
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားတိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ လားရှိုးမြို့က အဆောက်အဦများ

ကုန်သွယ်ရေးမှာ အလွန်အရေးပါတဲ့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် အရပ်သားတွေ ရာနဲ့ချီ အစုလိုက်အပြုံလိုက် မြို့ကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ဒီကနေ့ လားရှိုးမြို့ မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ဆက်လက်ကြားနေရပေမဲ့ အပြန်အလှန်ပစ်ခတ်သံတွေကတော့ အနည်းငယ်ငြိမ်သက်နေတယ်လို့ လားရှိုးမြို့ပေါ် ကျန်ခံသူတချို့က ဗွီအိုအေကိုပြောပါတယ်။ ရှမ်းမြောက်မှာ ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုရန်နိုင်က တင်ပြမှာပါ။

၁၀၂၇ စစ်ဆင်ေရး ဒုတိယလှုိင်း ထိုးစစ်ဆင်ေနတဲ့ MNDAA ကိုးကန်တပ်နဲ့ ပူးပေါင်းတပ်တွေဟာ လားရှိုးမြို့ပတ်ပတ်လည်နဲ့ လားရှိုးမြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်လာတာဟာ ဒီနေ့ ဆို ၃ ရက်ရှိလာပြီဖြစ်ပါတယ်။ အရင်ရက်တွေက လားရှိုးမြို့နယ်အတွင်းက သီပေါ၊ နမ္မတူ၊ သိန္နီ၊ မိုင်ယော်၊ တန့်ယန်း အဝင်အထွက်လမ်းက စစ်ကောင်စီတပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်ခဲ့လို လားရှိုးမြို့ အရှေ့ဘက်က ခလရ ၆၈နဲ့ ခမရ ၅၀၇ ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်လက်ရှိနေပေမဲ့ အရင်ရက်ထက်စာရင် ပစ်ခတ်တာတွေ လျော့ကျလာကြောင်း နဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်တာတွေ ဆက်ရှိနေကြောင်း လားရှိုးမြို့ခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။

“ဒီနေ့ လက်နက်ကြီးတွေက မနက်ပိုင်းက ၁၀လုံးလောက်ပဲ ပစ်မယ်ထင်တယ်။ ပြီးတော့ အခု အသံတောင်မကြားရတော့ဘူး။ တော်တော်ငြိမ်တယ်လို့ ပြောရမှာပေါ့။ ရှော့တိုက်ဒုံးကျတာတွေ ဘာတွေလည်း မရှိဘူး။ လေယာဉ်လာတဲ့အသံတော့ မကြားဘူး။ မနေ့ကအထိကတော့ ၅၀၇ တပ် ဘက်တိုက်တယ်ပေါ့။ လာတိုက်တယ်ပေါ့။ အဲဒီတော့ လေယာဉ်ပျံတွေဘာတွေနဲ့ ပစ်လိုက်တော့ တော်တော်ငြိမ်သွားတာပေါ့။ မြို့ပေါ်က လူတွေတော့ ပြည်သူတွေကတော့ ကားတွေနဲ့ တော်တော် အိမ်စီးကားတွေနဲ့ ထွက်နေကြတာ တော့ရှိတယ်။ ရာချီပါတယ်။ ရာချီပြီးတော့ ရှိတယ်။”

လားရှိုးမြို့က ပြည်သူတွေဟာ မနေ့ ကြာသပတေးနေ့ကတည်းက သီပေါ- မန္တလေးလမ်းကနေတဆင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာပါ။ လားရှိုးနဲ့ သီပေါမြို့နယ်အစပ်က စဉ့်အင်မှာ ကားတွေ ထောင်ချီပိတ်မိနေကြောင်းလည်း လားရှိုးမြို့ခံက ပြောပါတယ်။ စဉ့်အင်တံတားဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျိုးပျက်ခဲ့တာကြောင့် ကားတွေကို ဖောင်နဲ့တင် ကူးဖြတ်နေရတာဖြစ်ပါတယ်။

လားရှိုးမြို့အတွင်းမှာတော့ ပြီးခဲ့တဲ့ ၂ရက်တာအတွင်း လက်နက်ကြီးကျည်ကျတာကြောင့် အနည်းဆုံး လူ ၁၁ယောက်သေဆုံးခဲ့ပါတယ်။ ဒီလက်နက်ကြီးကိုတော့ စစ်ကောင်စီက အကြမ်းဖက် သောင်းကျန်းသူတွေ ပစ်တဲ့ ရှော့တိုက်ဒုံးဖြစ်ကြောင်း စွပ်စွဲထားပြီး TNLA ကတော့ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးဖြစ်ကြောင်း ပြန်လှန်စွပ်စွဲတာတွေ ရှိနေပါတယ်။

ဒီလို အခြေအနေမှာ လားရှိုးမြို့ပေါ်က ပြည်သူတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေသလို အချို့ မတိမ်းရှောင်ဘဲ မြို့ထဲမှာပဲ ဆက်လက် နေထိုင်သူတွေ ရှိနေပါတယ်။

"ရှောင်ဖို့လား။ အခုလောလောဆည်က လမ်းမှာ သူများပြောတာ လမ်းလည်း အရမ်းကျပ်နေတာ၊ ရှောင်တဲ့သူ အရမ်းများတော့ လမ်းမှာ ဒုက္ခရောက်မှာလည်း စိုး ၊ ပြီးရင် မိုးတွင်း၊ လမ်းကလည်း ကွင်းသွားရတာဆိုတော့ မသွားချင်ဘူး။ ထွက်တဲ့သူကတော့ မနက်က တချို့ ကားနဲ့ ထွက်တာတော့ တွေ့တယ်။ အလံဖြူထောင်ကြတယ်။ ဆိုင်ကယ်နဲ့ရော၊ ကားနဲ့ရော။ သူများတွေ ပြေးကုန်တာတွေ့ရတော့ စိတ်ထဲမှာတော့ စိတ်အားငယ်တာပေါ့။ ”

လားရှိုးမြို့က အိမ်ရှင်မတဦး ပြောပြတာပါ။ လားရှိုးက တိမ်းရှောင်တဲ့ ကားတွေဟာ သီပေါမြို့ အဝင် နမ့်လန်လမ်းခွဲ ကနေ ရှမ်းပြည်နယ် တောင်ပိုင်းဘက်ကနေ တဆင့် မန္တလေး၊ တောင်ကြီးနဲ့ အခြားမြို့တွေကို တိမ်းရှောင် ကြတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားတိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ လားရှိုးမြို့က အဆောက်အဦများ
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကြားတိုက်ပွဲတွေအတွင်း ပျက်စီးသွားတဲ့ လားရှိုးမြို့က အဆောက်အဦများ

ကြာသပတေးနေ့ ညနေပိုင်းကတော့ သီပေါမြို့အဝင် တံတားမှာ တိုက်ပွဲဖြစ်ပွားတာရှိပြီး မြို့အတွင်းကို လက်နက်ကြီးကျည်ကျတာကြောင့် လူတဦး ထိခိုက်ခဲ့ကြောင်းလည်း သီပေါမြို့ခံ တဦးက ပြောပါတယ်။

“မနေ့ကတော့ ၆ခွဲ၊ ၇နာရီလောက် ဝန်းကျင်လောက်ပဲ။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော နှစ်ဘက်ပစ်ခတ်သံလို့ပဲ ယူဆလို့ ရတယ်ပေါ့နော်။ အဲဒါနဲ့ ပန်းတိမ်တောင် ရပ်ကွက် နယ်မြေ ၉ထဲကို ကျသွားတယ်လို့ ပြောတယ်။ အိမ်မီးလောင်သွားတယ်ပြောတယ်။ ကျမတို့က မထွက်ရဲဘူးလေ။ ကောင်လေးတယောက်က လက်ထိသွားတာ။ ပန်းတိမ်တောင်ရပ်ကွက် အကုန်လုံးရွှေ့ပေးပါဆို အဲလို ပြောနေတာ။ ဘယ်တောင်ရွှေ့ရမှန်း မသိဘူး အဲလို ဖြစ်နေတာ။”

ထိခိုက်ဒဏ်ရာရတဲ့သူကိုတော့ သီပေါနဲ့ နမ့်လန်က ပရဟိတ အဖွဲ့တွေက တောင်ကြီးဆေးရုံကို ပို့ဆောင်ထားပါတယ်။ လောလောဆည်မှာတော့ သီပေါမြို့ပေါ်နဲ့ အနီးအနားကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင် ၁၃၀၀ကျော် လောက် ခိုလှုံနေပြီး ဒေသခံအလှုရှင်တွေက ဝိုင်းဝန်းကူညီနေကြရပါတယ်။

ရှမ်းမြောက်ဒေသ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့တွေမှာ ဒီလ ၂၅ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒီကနေ့ ရှမ်းမြောက်ဒေသရဲ့ တိုက်ပွဲအခြေအနေကိုတော့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက အခုလို ပြောပါတယ်။

“ ဒီကနေ့က မနက်မှာ ကြားသိရတဲ့သတင်းအရဆိုရင်တော့ ဒီ ၆၀၆ နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ပြီးရင်တော့ ဒီ မိုးမိတ်ဘက်မှာဆိုရင်တော့ ညောင်နီကျေးရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ တခြား နေရာဒေတွေကတော့ တိုက်ပွဲသတင်းတက်လာတာမတွေ့ရသေးဘူး။”

မနေ့ညနေပိုင်းကတော့ သီပေါမြို့ ဒုဋ္ဌဝတီ တံတားဘက်မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်းလည်း ပြောပါတယ်။

လက်ရှိ လားရှိုးမြို့ ပတ်ပတ်လည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့တော့ MNDAA ကိုးကန့်တပ်က သတင်းထုတ်ပြန်တာမရှိသလို ပြန်ကြားရေးတာဝန်ခံကိုလည်း ဆက်သွယ်လို့ မရပါဘူး။ ဒေသခံတွေကတော့ လားရှိုးမြို့ တောင်ဘက်က နမ့်ပေါင်ရှိ တပ်စခန်းနဲ့ ရဲစခန်းကို MNDAA က သိမ်းယူထားပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း နဲ့ နမ့်ပေါင်၊ ကုန်းပေါင်းအနီးအနားက ကျေးရွာ ၅ရွာလောက်ဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ပြောပါတယ်။

ဒီလ ၂၅ရက်နေ့က စတင်လိုက်တဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးအတွင်းမှာ TNLA က ကျောက်မဲမြို့၊ နောင်ချိုမြို့ ၊မိုးကုတ်မြို့ အနောက်ပိုင်း ကျပ်ပြင်နဲ့ မိုးမိတ်က ရွှေသာယာစခန်းတွေကို သိမ်းယူ ထိန်းချုပ်ထားနိုင်ပေမဲ့ ကျောက်မဲမှာ ခမရ ၅၀၁၊ ၅၀၂နဲ့ နောင်ချို့က အမှတ် ၆၀၆ ဒုံးတပ်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေ TNLA က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ပြီးခဲ့တဲ့ ရက်တွေကတော့ လားရှိုးမြို့အတွင်း အကြမ်းဖက်အဖွဲ့တွေက ပစ်ခတ်တဲ့ ရှော့တိုက်ဒုံးကျတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိကြောင်းသာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG