မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်တပ်အပေါ် ကမ္ဘာ လွှမ်းခြုံ လက်နက်ပိတ်ဆို့တာမျိုး အရေးယူနိုင်ဖို့ အမေရိကန်လွှတ်တော်မှာ ကြိုးစားနေသလို လာမယ့် လပိုင်းတွေထဲ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ BURMA Act ရဲ့ နောက်ဆက်တွဲ BRAVE BURMA Act လို မြန်မာ့အရေး ဥပဒေကြမ်းတွေ ဆွေးနွေးနိုင်ဖို့ ပြန်လည် တင်သွင်းတာမျိုး မြင်ရဖို့ရှိတယ်လို့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ သမ္မတထရမ့်အစိုးရက အမေရိကန်ရဲ့ နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည် သုံးသပ်နေတာအကြောင့် မြန်မာ့အရေး ထောက်ပံ့မှုမှာ ဆိုင်းငံ့တာတွေ ရှိပေမယ့် လွှတ်တော်မှာတော့ မြန်မာ့အရေး ဆက်လက် အားကောင်းနေဆဲပဲလို့တွေ့မြင်ရကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် သတိထား စောင့်ကြည့်ပြီး ဆက်လက် တိုက်တွန်းနေဖို့ လိုတယ်လို့ ဆိုပါတယ်။ ကိုငြိမ်းချမ်းအေး တင်ပြထားပါတယ်။
အမေရိကန် အစိုးရသစ်ရဲ့ ပြည်တွင်း အကျိုးစီးပွားကို ပို ရှေးရှုလိုတဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲကြောင့် မြန်မာ အပါအဝင် ကမ္ဘာတဝန်းက အရေးကိစ္စတွေရဲ့ အခင်းအကျင်းတွေဟာ လပိုင်းအတွင်းမှာ တမဟုတ်ချင်း ပြောင်းလဲလာနေတယ်လို့ လေ့လာသူတွေက တညီတညွတ်တည်း ထောက်ပြကြပါတယ်။
ဒါပေမယ့် အမေရိကန် နိုင်ငံရေးမှာ အစိုးရ၊ လွှတ်တော်နဲ့ အဓိက ပါတီကြီး နှစ်ခုစလုံးရဲ့ ထောက်ခံမှုကို နှစ်ပေါင်း ၃၀ ကျော် အစဥ်တစိုက် လိုလို တည်ဆောက်ရယူလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ အရေးဟာ ဥပဒေပြု အမတ်တွေကြားမှာတော့ ဆက်လက် အသိအမှတ်ပြုမှုက အထိုက်အလျောက် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
လွှတ်တော်မှာ မြန်မာ့အရေး တက်ကြွ လှုပ်ရှားနေသူ တဦးဖြစ်တဲ့ Campaign For A New Myanmar (မြန်မာနိုင်ငံသစ် လှုပ်ရှားမှု) အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဆိုင်မွန် ဘီလင်းနက်စ် (Simon Billenness) က အခုလတ်တလော ကွန်ဂရက်စ်မှာ လှုပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ကွန်ဂရက်က ရုံးအဖွဲ့တွေနဲ့ တပတ်ကို ၁၀ ကြိမ် ကနေ အကြိမ် ၂၀ လောက် အထိ အစည်းအဝေးတွေ လုပ်နေပါတယ်။ ဒီလို ဆွေးနွေးတာက အရမ်းအကျိုးရှိပါတယ်။ ကွန်ဂရက်ကနေ မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံတဲ့ လုပ်ဆောင်မှုတွေ ပိုပြီးတွေ့ရတော့မယ်လို့ မျှော်လင့်ပါတယ်။ လာမယ့် လပိုင်းအတွင်း BRAVE BURMA ACT နဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ခံမှုနှင့် ကာကွယ်ရေးဥပဒေကြမ်းတွေကို ပြန်လည်တင်သွင်းတာကို တွေ့ရမယ်လို့ ထင်ပါတယ်။ ဒီနှစ်ခုက စစ်ကောင်စီ စစ်တပ် အပေါ် ထိုးနှက်နိုင်မယ် ထင်ပါတယ်။ ဒီဥပဒေကြမ်းကို ပါတီနှစ်ရပ်လုံးက ထောက်ခံမှုပေးပြီး သက်ဆိုင်ရာ ကော်မတီက တဆင့် ပူးတွဲတင်သွင်း နိုင်ဖို့ တိုက်တွန်းသွားမှာပါ။ အောက်လွှတ်တော်၊ နောက် အထက်လွှတ်တော်ကတဆင့် သမ္မတ ထရမ့်ရဲ့စားပွဲပေါ်အထိ ဒီဥပဒေတွေ ရောက်အောင် ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အခုလောလောဆယ် နောက်တခု လုပ်နေတာက မြန်မာစစ်တပ် အပေါ် တကမ္ဘာလုံး လွှမ်းခြုံတဲ့ လက်နက်ပိတ်ဆို့မှုကို တောင်းဆိုထားတဲ့ အောက်လွှတ်တော် ဆုံးဖြတ်ချက် ၁၀၆ အတွက် ပူးတွဲတင်သွင်း ထောက်ခံသူတွေ ထပ်တိုးရဖို့ လုပ်ဆောင်နေပါတယ်။ ဒါက နယူးယောက် အထက်ပိုင်းက ရီပတ်ဘလီကန် အမတ် Claudia Tenney (ကလောဒီယာ တင်နီ) နဲ့ တက္ကဆက်၊ ဆန်အန်တိုနီယိုက ဒီမိုကရက် အမတ် Joaquin Castro (ဝါကင် ကတ်စထရို) တို့ ဦးဆောင်ပြီး ပါတီ နှစ်ရပ်လုံးပါဝင်တဲ့ အရေးယူ ဆောက်ရွက်ချက် တခုပါ။”
ဝါရှင်တန်ဒီစီ အခြေစိုက်ပြီး မြန်မာ့အရေး ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ နောက်ထပ် အဖွဲ့တခု ဖြစ်တဲ့ Chin Association of Maryland (CAM) က ဦးဆောင်ညွှန်ကြားရေးမှူး ဇိုသုန်းမှုန် (Zo Tum Hmung) ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ အကောက်အထည်ဖော်မှုပိုင်းမှာ အခြေအနေ အမျိုးမျိုး ဖြစ်လာနိုင်ပေမယ့် လွှတ်တော်မှာ မြန်မာ့အရေး ဥပဒေကြမ်းတွေ ပြန်လည် ဆွေးနွေးတင်ပြတာက ကောင်းတယ်လို့ ရှုမြင်ပါတယ်။
“ဒါက လွှတ်တော်မှာ တင်ပြဖို့ Bill ဥပဒေကြမ်းလို့ ခေါ်တယ်လေ။ လွှတ်တော်မှာ တင်ပြတဲ့ဟာကတော့ ကျနော်တို့ မျှော်လင့်ချက် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တင်ပြတဲ့ဟာက ဆီးနိတ် [အထက်လွှတ်တော်] ပဲ ဖြစ်ဖြစ်၊ ဟော့က်စ် [အောက်လွှတ်တော်] ပဲ ဖြစ်ဖြစ်က အမတ်တွေ သဘောတူရင် သူတို့မှာ တင်ပြပိုင်ခွင့် ရှိပါတယ်။ အလားအလာ ရှိပါတယ်။ ဒါပေမယ့် အတည်ပြုဖို့ ဆိုတဲ့ Process [လုပ်ငန်းစဥ်]က တကဏ္ဍပေါ့။ အတည်ပြုဖို့ ဆိုတဲ့ ဟာကတော့ အဲဒီလို တင်ပြပြီးတဲ့ အခါကျရင် နိင်ငံခြားရေးကော်မတီ Foreign Relations ကော်မတီကို ရောက်သွားမယ်။ ဟောက်စ်ဆိုရင်တော့ ဟောက်စ်၊ ဆီးနိတ် ဆိုရင် ဆီးနိတ်။ အဲဒီကနေ Foreign Relations ကော်မတီကနေ ကော်မတီအကြီးကို ရောက်သွားမယ်။ အဲဒီကော်မတီကနေ အတည်ပြုမှပဲ အဲဒါပြီးမှ သမ္မတ ထရမ့်ဆီကို ရောက်သွားမယ်။ သမ္မတ ထရမ့်ကနေ သူ ဗီတို [ပယ်ချတာ] လုပ်ချင် လုပ်နိုင်တယ်။ ဒါမှမဟုတ် သူ အတည်ပြုနိုင်တယ်။ အဲဒီမှာကျ ဥပဒေ BURMA Act လို ဖြစ်သွားမယ်။ ဆိုတော့ လွှတ်တော် တင်ပြတယ် ဆိုတဲ့ အဆင့်ကတော့ ကျနော်တို့မှာ မျှော်လင့်ချက် ရှိပါတယ်။”
ဒီလို ဥပဒေကြမ်းတွေ ဆွေးနွေးတင်သွင်းတာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဆိုင်မွန် ဘီလင်းနက်စ်က အခုလို ရှင်းပြပါတယ်။
“BRAVE BURMA Act ဟာ မြန်မာ့စီးပွားရေးဘဏ်အပေါ် ပိတ်ဆို့မှုတွေ အကောင်အထည်ဖော်ဖို့နဲ့ စစ်တပ်အတွက် လေယာဥ်ဆီ ရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပေါ် အရေးယူဖို့ အစိုးရအပေါ် ဖိအားပိုပေးလာနိုင်မှာပါ။ ဒါ့အပြင် မြန်မာ့ရေးရာ မူဝါဒတွေအတွက် အထူးညှိနှိုင်းရေးမှူးတဦး ခန့်အပ်ဖို့ နိုင်ငံခြားရေးဌာနကို ဖိအားပေးလာနိုင်မှာပါ။ ဒီလို ခန့်အပ်နိုင်ရင် မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပေးမယ့် အမေရိကန် အစိုးရရဲ့လုပ်ဆောင်မှုတွေကို အရှိန်မြှင့်ပေးနိုင်မှာပါ။ ရိုဟင်ဂျာနဲ့ ဆက်စပ်တာကတော့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေအရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ အမေရိကန်အစိုးရအပေါ် ဖိအားပေးနိုင်မှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ အပြင်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ငွေကြေးထောက်ပံ့မှု ပိုခွင့်ပြုဖို့လည်း ပါဝင်ပါတယ်။ ဒါက ကျနော်တို့ရဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အနေအထားပါ။”
ဒါတွေအပြင် မြန်မာ့အရေး တွန်းအားပေးလုပ်ဆောင်နိုင်ဖို့အတွက် ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်တစ် ပါတီနှစ်ရပ်လုံးက အထက်နဲ့အောက် လွှတ်တော်အမတ်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့မှာလည်း အဖွဲ့ဝင်တွေ တိုးလာနေတယ်လို့ ဆိုင်မွန် ဘီလင်းနက်စ်က ပြောပါတယ်။
“မြန်မာနိုင်ငံအတွက် ထောက်ခံမှုက အခိုင်အမာရှိနေတုန်းပါပဲ။ ကွန်ဂရက်မှာ ပါတီနှစ်ရပ်လုံးက ဆက်ထောက် ခံပေးနေပါတယ်။ အခုဆိုရင် ကွန်ဂရက် မြန်မာ့ရေးရာ အဖွဲ့ Burma Caucus မှာ အဖွဲ့ဝင် ၁၇ ဦးအထိ တိုးလာပါတယ်။ မကြာသေးခင်ကပ အောက်လွှတ်တော် အမတ် Jim McGovern (ဂျင်မ် မက္ကဓဂါဗန် )၊ နောက် Tim Kennedy (တင်မ် ကနေဒီ)၊ သူတို့ နှစ်ယောက်လုံးက ဒီမိုကရက်တစ် ကိုယ်စားလှယ်တွေပါ။ နောက် အင်ဒီယားနားပြည်နယ်က မြန်မာ နွယ်ဖွားတွေ အများအပြား ရှိတဲ့ မဲဆန္ဒနယ်မှာ အသစ်မှာ နိုင်လာတဲ့ ရီပတ်ဘလီကန် ကိုယ်စားလှယ် Jefferson Shrieve (ဂျက်ဖာဆန် ရှရီဗ်) တို့ ထပ်တိုးလာခဲ့ပါတယ်။ ကွန်ဂရက်မှာ ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ ထောက်ခံသူတွေဟာ တိုးပွားလာနေတဲ့ အထဲမှာ ဒီမိုကရက်တစ်ရော ရီပတ်ဘလီကန်ပါ ပါဝင်ပါတယ်။ သူတို့ထဲက အများအပြားဟာ ဒီမိုကရေစီလှုပ်ရှားမှုကို ဆက်လက်ထောက်ခံဖို့ စိတ်အားထက်သန်နေပါတယ်။”
တဘက်မှာလည်း လွှတ်တော်မှာ တကယ် လက်တွေ့ အလုပ် လုပ်ရတဲ့ ဆပ်ကော်မတီတွေမှာ လူသစ်တွေ ဝင်လာတာ ဖြစ်လို့ စောင့်ကြည့်ပြီး ဆက်လက် တိုက်တွန်းနေဖို့လိုတယ်လို့ ဇိုသုန်းမှုန် (Zo Tum Hmung) က ထောက်ပြပါတယ်။
“နိုင်ငံခြားရေးကော်မတီ ဖွဲ့တာက မကြာသေးပါဘူး။ ပိုပြီးတော့ အရေးကြီးတဲ့ဟာက အောက်လွှတ်တော်ပဲ ဖြစ်ဖြစ်၊ အထက်လွှတ်တော်ပဲ ဖြစ်ဖြစ် သူတို့မှာ ကော်မတီခွဲ (Sub Committee) ဆိုတာ ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကော်မတီက အရှေ့တောင်အာရှ-ပိစိဖိတ် ဒေသ။ အဲဒီကနေ ကိုင်တယ်။ အစဥ်အလာ အားဖြင့် မြန်မာ့အရေးကို လွှတ်တော် နှစ်ရပ်စလုံးနဲ့ ပါတီ နှစ်ခုစလုံး Bipartisan ပေါ့၊ သူတို့ အမြဲတမ်း ထောက်ခံလေ့ရှိပါတယ်။ ဒါပေမယ့် အခု အခြေအနေက အဲဒီ ဆပ်ကော်မတီဖွဲ့တာက မကြာသေးဘူး။ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌတွေက တော်တော်လေး အရေးကြီးတယ်။ ဥပမာ ဆီးနိတ် [အထက် လွှတ်တော်] မှာ ဆိုရင် ဥက္ကဋ္ဌက ဆီးနိတ်တာ Pete Ricketts (ပိရီကက်)၊ အိုမာဟာ [နီဘရားစကား ပြည်နယ်] ကပါ။ ပြီးတော့ House [အောက်လွှတ်တော်] မှာ ဆိုရင် ကယ်လီဖိုးနီးယားက အမျိုးသမီး ကွန်ဂရက် လွှတ်တော် အမတ် Young Kim (ယန်းကင်မ်) ပေါ့။ ဟိုတနေ့ကလည်း ကျနော် သူ့ကို တွေ့တယ်။ အခု သူတို့က အလုပ်စဝင်တာ မကြာသေးဘူး။ ဒါကြောင့်မလို့ နည်းနည်းတော့ စောင့်ကြည့်ဖို့လိုမယ်။ ဒါက တချက်။ နောက်တချက်က လွှတ်တော် နှစ်ရပ်လုံးမှာ အောက်လွှတ်တော်ပဲ ဖြစ်ဖြစ်၊ အထက် လွှတ်တော်ပဲ ဖြစ်ဖြစ် ရီပတ်ဘလင်ကန်က အနိုင်ရသွားတယ်။ ဒါကြောင့်မို့ နည်းနည်းတော့ စောင့်ကြည့်ဖို့လိုမယ်။ ပြီးတော့ Advocacy [စည်းရုံးလှုံ့ဆော်မှု ] များများ လုပ်ဖို့တော့ လိုမယ်။ နောက်တခုက ၀၄ ၅၀ ဆီးနိတ် အထက်လွှတ်တော်မှာလည်း လူသစ်တွေ ပါလာတယ်။ အောက်လွှတ်တော်မှာလည်း လူသစ်တွေ ပါလာတော့ ကျနော်တို့က စည်းရုံးရေးပိုပြီး လုပ်ဖို့ လိုမယ်။ ဒါပေမယ့် ကြည့်ရတဲ့တာကတော့ လူ့အခွင့်အရေးပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစိ အရေးပဲ ဖြစ်ဖြစ်၊ ဘာသာရေး လွတ်လပ်ခွင့်ပဲ ဖြစ်ဖြစ် အရင်တုန်းကလိုပဲ ဆက်လက်ပြီးတော့ ထောက်ခံမယ်လို့ မျှော်လင့်ချက် ရှိပါတယ်။ ”
လက်ရှိမှာတော့ အတည်ပြုထားပြီး ဖြစ်တဲ့ BURMA Act အောက်က မြန်မာ့အရေး အကူအညီတွေကိုယ်နှိုက်က မူဝါဒ အပြောင်းအလဲမှာ ရပ်တန့်နေတာပါ။ ဒီ အတားအဆီးကို ကျော်လွှားဖို့ လိုပြီး လွှတ်တော်နဲ့ အစိုးရကြား အခြေအတင် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရဖွယ် ရှိတယ်လို့ ဆိုင်မွန် ဘီလင်းနက်စ်က သုံးသပ်ပါတယ်။
“ပြီးခဲ့တဲ့ ကွန်ဂရက် နှစ်ကြိမ် သက်တမ်းတုန်းက အတည်ပြုခဲ့တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေရဲ့ နောက်ဆက်တွဲ အဖြစ် BURMA Act မှာ မြန်မာနဲ့ပတ်သက်တဲ့၊ ဒီမိုကရေစီတည်ဆောက်ရေး အစီအစဉ်တွေအတွက် ငွေခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီငွေကို တကယ်ခွဲဝေပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီငွေအများစုကို ပြီးခဲ့တဲ့ နောက်ဆုံး နိုင်ငံခြားရေးနဲ့ လုပ်ငန်းဆောင်ရွက်မှု ခွဲဝေချထားရေး ဥပဒေမှာ ကျမှ ခွဲဝေပေးခဲ့တာပါ။ ခင်ဗျား မှတ်မိမယ် ထင်ပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့ အစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၁၅၀ ကျော် ခွဲဝေပေးခဲ့ပါတယ်။ အဲဒီငွေအများစုဟာ အခု ရပ်တန့်နေတာပါ။”
အသုံးစရိတ်တွေကို လွှတ်တော်က အတည်ပြုပြီးတဲ့ အချိန်မှာလည်း အစိုးရက အမှန်တကယ် သုံးစွဲဖို့နဲ့ မြန်မာ့အရေး တတ်နိုင်သမျှ ထောက်ပံ့မှုတွေ လုပ်ဖို့ကို လွှတ်တော်က မြန်မာ့အရေး မိတ်ဆွေတွေနဲ့ ပိုပြီး ဖိအားပေးတောင်းဆိုဖို့လိုတယ်လို့ ဆိုင်မွန် ဘီလင်းနက်စ်က ဆိုပါတယ်။
“ကျနော် အဓိက ထားပြောချင်တာ အခုအချိန်မှာ အမေရိကန် မူဝါဒ အပြောင်းအလဲ၊ အထူးသဖြင့် နိုင်ငံခြားရေးပေါ်လစီမှာ ကြီးကြီးမားမား ပြောင်းလဲလိုက်တာကြောင့် ကမ္ဘာတဝန်းက လူတွေရဲ့ ဘဝတွေကို သက်ရောက်နေပါတယ်။ ဒါက အရမ်း စိုးရိမ်ရတဲ့ အချိန်ပါ။ ဒီအခြေအနေကို မြန်မာလူထုပဲ ရင်ဆိုင်နေတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေဆီကလည်း ကျနော် သတင်းတွေကြားနေရပါတယ်။ ကမ္ဘာပေါ်က လူတိုင်းဟာ အမေရိကန်ပေါ်လစီ ပြောင်းလဲမှုကြောင့် ထိခိုက်နေကြပါတယ်။ ဒါက မြန်မာနိုင်ငံကို ပစ်မှတ်ထားတာ မဟုတ်ပေမယ့်၊ ဒီမုန်တိုင်းထန်နေတဲ့ ပင်လယ်ထဲမှာ ကျနော်တို့ဟာ သေးငယ်လှတဲ့ လှေလေးနဲ့ ဆက်ပြီး ခရီးဆက်ရမှာပါ။”
ဒီအခြေအနေမှာ သမ္မတ ထရမ့် အစိုးရလက်ထက် ချဥ်းကပ်မှုမှန်ဖို့က အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့လိုတယ်လို့ ဆိုင်မွန် ဘီလင်းနက်စ်က အကြံပြုပါတယ်။
“ထရမ့် အစိုးရခေတ်မှာ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်လဲ ဆိုတော့ အရှေ့တောင်အာရှဒေသတခုလုံးက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွား အတွက် ဆိုပြီး မြင်သာအောင် တင်ပြဖို့လိုပါမယ်။ မြန်မာဒီမိုကရေစီလှုပ်ရှားမှုကို အမေရိကန်က ထောက်ခံပေးတာက စစ်တပ်အပေါ် တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကို တန်ပြန်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်ကောင်းတခု ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်အစိုးရနဲ့ လက်တွဲ ဆောင်ရွက်နိုင်ဖို့ ကြိုးစားတဲ့ အခါမှာ စစ်တပ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံတာဟာ ဒေသတွင်းမှာ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ပေးပြီး တရုတ်အစိုးရကို တန်ပြန်နိုင်မယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြသဖို့ လိုပါတယ်။ ဒါကြောင့် အစိုးရကို ဆက်ဆံတာမှာ ဖြစ်ဖြစ်၊ လွှတ်တော်မှာ ရီပတ်ဘလီကန် အမတ်တွေနဲ့ ထိတွေ့ရမှာ ဖြစ်ဖြစ် ဒီကိစ္စကို ချပြရမယ်လို့ ထင်ပါတယ်။”
ဒီလို အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ ချိန်ညှိဖို့ လိုတယ် ဆိုတာကို ဇိုသုန်းမှုန်ကလည်း သဘောတူပါတယ်။သမ္မတ ထရမ့် လက်ထက်မှာ လူသားချင်း စာနာမှု အကူအညီ ဆိုတာထက် နည်းပညာ အကူအညီနဲ့ လက်တွေ့ ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဦးစားပေးသင့်တယ်လို့ သူက အကြံပြုပါတယ်။
“လက်နက်မဟုတ်တဲ့ အထောက်အကူ ပြုတဲ့ဟာတွေ ပါတယ်။ BURMA Act မှာက။ ကျနော်တို့ကတော့ အဲဒါကို အမြဲတမ်း အရေးတကြီးထားတယ်။ ဥပမာ ဆိုရင် လက်နက်မဟုတ်တဲ့ အထောက်အကူပေးတဲ့ဟာက အမေရိကန် အစိုးရ အနေနဲ့ ပိုက်ဆံများများလည်း သုံးစရာမလိုဘူး။ ဥပမာ ဆိုရင် Early Warning System [ကြိုတင် သတိပေး စနစ်]၊ တိုက်လေယာဥ် ထွက်လာမယ်၊ ဒါကို ဘယ်လို အကာအကွယ်ပေးမလဲ။ ဘယ်လို သိမလဲ ဆိုတာ၊ အဲဒီဟာမျိုး နည်းပညာပိုင်းဆိုင်ရာ အများကြီး အထောက်အကူ ပြုတယ်။ ပြီးတော့ Sanction (ပိတ်ဆို့အရေးယူမှု) လည့်းပါတယ်။ ကျနော်တို့ အခက်အခဲတအား ကြုံနေရတာက ဂျက်ဖိုက်တာ [တိုက်လေယာဥ်] ကနေ ဗုံးကြဲတဲ့ဟာ၊ ဒရုန်းသုံးတယ်။ ဂျက်ဖိုက်တာက ပျံသန်းဖို့ ဆိုရင် လောင်စာဆီလိုတယ်။ အဲဒီ လောင်စာဆီက [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင်မှာ မရှိဘူး။ တခြားနိုင်ငံမှာ သွားဝယ်တယ်။ ဥပမာ တရုတ်မှာ သွားဝယ်တယ်။ သယ်လာတဲ့ အခါကျတော့ တခြားနိုင်ငံကနေ ဖြတ်သန်းပြီး သယ်လာတယ်။ အဲ့ဒါကို ကျနော်တို့ တားဆီးစေချင်တယ်။ သမ္မတထရမ့်ကတော့ ကျနော်တို့ သဘောပေါက်တယ်။ သူက ပိုက်ဆံများများ မသုံးချင်ဘူး။ ဒီဟာမျိုး လောင်စာဆီ [ဗိုလ်ချုပ်မှူးကြီး] မင်းအောင်လှိုင် လက်ထဲ မရောက်ဖို့ဆိုရင် သမ္မတ ထရမ့် အနေနဲ့ လုပ်နိုင်တာ အများကြီး ရှိတယ်။ နောက်တခု ရှိတယ်။ ဒါက ဝင်ငွေ။ သူတို့ ဒေါ်လာ တသန်းလောက်ကို တရုတ်ဆီကနေ သူတို့ ရတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) အစီရင်ခံစာမှာ ကောင်းကောင်းရေးထားတယ်။ သူတို့ အမေရိကန် ဒေါ်လာ မသုံးလို့ မရဘူး ဘဏ်စနစ်ကို ဘယ်လို လုပ်မလဲ။ အဲဒီဟာကိုလည်း သမ္မတထရမ့်အနေနဲ့ အများကြီး လုပ်နိုင်တယ်။”
ဒါကတော့ လက်ရှိ အမေရိကန် လွှတ်တော်နဲ့ အစိုးရ ကြား မြန်မာ့အရေး အလားအလာကို ကိုယ်တိုင် ဆောင်ရွက်နေသူတွေရဲ့ အမြင် သုံးသပ်ချက်တွေကို ကြားခဲ့ရတာပါ။
အမေရိကန် အစိုးရသစ်တခု တက်လာတိုင်း မူဝါဒ အပြောင်းအလဲနဲ့ အကောက်အထည် ဖော်မှုပိုင်းက မတူတာတွေ ရှိပေမယ့် ဒီတကြိမ်မှာက ဦးစားပေး စဥ်းစားချက်တွေ လုံးဝကွဲပြားနေမှုနဲ့အတူ အပြောင်းအလဲက အကြီးမားဆုံး အပြင်းထန်ဆုံး ဖြစ်နေလို့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အပါအဝင် မြန်မာ့အရေး လှုပ်ရှားသူတွေ အနေနဲ့ လွှတ်တော် နှစ်ရပ်က တဆင့် သမ္မတ အစိုးရ ထရမ့်ကို ပိုပြီး တိုက်တွန်း နှိုးဆော်နေဖို့လိုတယ်လို့ ကျွမ်းကျင်သူတွေကလည်း ထောက်ပြနေကြပါတယ်။