အစကတည်းက မြန်မာတွေ သိပ်အားမရခဲ့တဲ့ အမေရိကန်ရဲ့ အကူအညီ အခုရပ်ဆိုင်းသွားပြီဆိုတော့ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ ရှေ့အလားအလာ ဘယ်လို ရှိနေပါသလဲ။ လူထုအသံနဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မမြသဇင်အောင်က ဦးကျော်ဇံသာ ကို မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အမေရိကန်နဲ့ ပတ်သက်ပြီးတော့ မြန်မာ့အရေးမှာ အကူအညီ ရပ်လိုက်တာတွေကို မပြောခင်မှာ၊ အရင်ကပေးခဲ့တဲ့ အကူအညီတွေက ဘယ်လောက်ထိ ထိရောက်မှု ရှိခဲ့ပါလဲ။ အဲဒီဟာကို သိချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ အမေရိကန် ပေးခဲ့တဲ့ အကူအညီကို တကယ်တမ်း အာရကျေနပ်လောက်တယ်လို့ လက်ခံတဲ့သူတွေ သိပ်မရှိတာကို တွေ့ရပါတယ်။ မစွတ်မပို့မျှသာ ဖြစ်တယ်လို့ ပြောကြတယ်။ တချို့ကလည်း ဘယ်လိုပြောလဲဆိုတော့ တကယ်လို့ အမေရိကန်သာ ထိထိရောက်ရောက် အကူအညီပေးမယ်ဆိုရင် ယူကရိန်းကိုပေးတာရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ အခြေအနေ ပြောင်းလဲသွားပြီလို့ ပြောကြတယ်။ အခြေအနေ ဘယ်လိုပြောင်းမလဲဆိုတာလည်း နှစ်မျိုးကွဲပြီးတော့ ရှိတယ်။ တချို့ကတော့ အဲဒီလိုသာ ထိထိရောက်ရောက် အကူအညီပေးရင် စစ်ကောင်စီ ပြုတ်သွားတာကြာပြီ လေးနှစ် မခံဘူးလို့ ပြောကြတယ်။ တချို့ကလည်းပဲ အဲဒီလို အမေရိကန်က ထိထိရောက်ရောက် ဝင်ပြီးတော့ ကူညီမယ်ဆိုရင် မြန်မာနိုင်ငံ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံကြားမှာ ကြားခံစစ်မြေပြင် Proxy Battle Field ဖြစ်နေလောက်ပြီလို့ ပြောကြတာလည်း ရှိတယ်။ သိပ်ပြီးတော့ အမေရိကန်က အကူအညီ မပေးခဲ့တာသည်ပင်လျှင် ဒီကိစ္စကို ငဲ့ကွက်ပြီးတော့ သူတို့တွက်ခဲ့တာ ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတချို့က မှတ်ချက်ပြုကြပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဟာ သူတို့ရဲ့ Burma Act ထဲမှာ ထည့်သွင်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ သဘောထား ခိုင်ခိုင်မာမာ လုပ်မယ်လို့ သူတို့ ချမှတ်ခဲ့တယ်။ ပြီးတော့ အဲဒီမှာ စာနာမှုအထောက်အပံ့ Humanitarian and Other Forms of Nonlethal Assistance ဆိုပြီးတော့ ရေးထားတယ်။ စာနာမှုအထောက်အပံ့ကတော့ ဟုတ်ပြီ။ ကျန်းမာရေးကိစ္စတွေ ဘာတွေ ပညာရေး ဘာညာပံ့ပိုးမှု့တွေ။ Nonlethal Assistance ဆိုတဲ့ကိစ္စမှာ တော်လှန်ရေး အင်အားစုတွေဘက်က စစ်ကောင်စီကို တိုက်နေတဲ့သူတွေဘက်က မျှော်လင့်ခဲ့ကြတာက - ဥပမာ ဒရုန်းကို ထိန်းချုပ်နိုင်တဲ့ အကူအညီမျိုး။ နောက်ပြီးတော့ စစ်တပ်က ဗုံးလာကြဲမယ်ဆိုရင် Early Warning System ကြိုတင်သတိပေးတဲ့ System မျိုး အဲဒီပုံစံမျိုးလောက် အကူအညီပေးမယ်လို့ မျှော်လင့်ခဲ့ကြတဲ့အသံကို ကြားရပါတယ်။ သို့သော်လည်းပဲ အဲဒီဟာတွေက တကယ်တမ်း ဖြစ်မလာခဲ့ဘူး။ အခက်အခဲ အတားအဆီးတွေ ရှိတယ်ဆိုတော့။ အခုနကပြောသလိုပဲ သူတို့ဆီမှာလည်း အကန့်အသတ်တွေ ရှိခဲ့တဲ့အတွက်ကြောင့် သိပ်ပြီးထိထိရောက်ရောက် မရှိခဲ့ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူတွေက ပြောကြတာပေါ့လေ။
မေး ။ ။ အခု သမ္မတထရန့်အစိုးရ တက်လာပြီးတော့ ပြည်ပအထောက်အပံ့တွေ ရပ်လိုက်တဲ့အပေါ်မှာလည်း တချို့က တော်တော်လေးကို စိတ်ပျက်အားငယ်ကြလို့ သိရပါတယ်။
ဖြေ ။ ။ စိတ်ပျက်အားငယ်တယ်ဆိုတာ မျှော်လင့်ခဲ့တဲ့သူတွေကတော့ အားငယ်မှာပဲ။ သဘာဝပါဘဲ။ ဘယ်အရာမဆို သိပ်မျှော်လင့်ချက် မြင့်မားထားပြီးတော့ တကယ်တမ်း ဖြစ်မလာရင် စိတ်ပျက်တာပဲ။ ဥပမာ နမူနာတခု ကြားဖြတ်ပြောမယ်။ NLD အစိုးရ တက်ခါစက ဒီမိုကရေစီ နေ့ချင်းညချင်း ဝုန်းခနဲ ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာတဲ့အခါ စိတ်ပျက်ပြီးတော့ ပြောလာတဲ့အသံကိုလည်း ကျနော်တို့ ကြားခဲ့ရတာဘဲ။ ဒီလိုပါပဲ အမေရိကန်ဖြစ်ဖြစ် ဘယ်နိုင်ငံဖြစ်ဖြစ် အဲဒီလို မျှော်လင့်ခဲ့တဲ့သူတွေကတော့ စိတ်ပျက်မှာပါပဲ။ သို့သော်လည်းပဲ မမျှော်လင့်တဲ့သူတွေကတော့ ဆက်တိုက်နေတာပဲ။ သူတို့အလုပ်ကို သူတို့ ဆက်လုပ်နေတာပဲ။ အဲဒီလို ဆက်လုပ်နေလို့လည်း ဒီဘက်မှာ အစိုးရပြောင်းပြောင်း၊ မပြောင်းပြောင်း သူတို့ ဆက်တိုက်လို့ သူတို့နယ်မြေမှာ အောင်မြင်မှု့တွေ ရနေတယ်ဆိုတာ ကျနော်တို့သတင်းတွေမှာ တွေ့နေရတာ ဖြစ်ပါတယ်။ စိတ်ပျက်အားငယ်မှု့ကတော့ သိပ်ပြီးတော့ ထိရောက်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဆက်လုပ်တဲ့သူတွေကတော့ ဆက်လုပ်နေတာကို တွေ့ရတယ် ပြောရမှာပါ။
မေး ။ ။ တချို့သုံးသပ်တာတွေကိုလည်း တွေ့ရပါတယ်။ မြန်မာ့အရေးကို တရုတ်လက်ထဲကို လုံးလုံးလားလား ပစ်ထားလိုက်တယ်ဆိုပြီး သုံးသပ်ထားတာတွေလည်း ရှိပါတယ်။
ဖြေ ။ ။ အစထဲကလည်း အမေရိကန်မှာ မြန်မာကို တရုတ်နဲ့ ဝေခွဲပြီးတော့ ခွဲဝေမျှယူမယ်ဆိုတာ တခါမှ မပြောခဲ့ပါဘူး။ စီစဥ်ခဲ့တာတွေလည်း မတွေ့ပါဘူး။ အမေရိကန် ဝါရင့်သံတမန်တွေပဲ ကျနော်ကိုယ်တိုင် မေးဖူးပါတယ်။ သူတို့က မြန်မာနိုင်ငံဟာ တရုတ်အတွက် စီးပွားရေးအတွက် သိပ်အရေးကြီးတယ်။ ဒါတရုတ်ရဲ့ Sphere of Interest ဖြစ်တယ်ဆိုတာ ငါတို့ လက်ခံတယ်၊ သိတယ်နားလည်တယ်ဆိုပြီးတော့ သူတို့ကိုယ်တိုင် ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက တရုတ်မြန်မာနယ်စပ်ကိုသွားပြီး ငြိမ်းချမ်းရေးကိစ္စမှာ သွားဖို့လုပ်တာတောင်မှ တရုတ်က ဟန့်တားခဲ့တယ်။ ငါတို့ဒေသဖြစ်တယ် ငါတို့နဲ့ ပတ်သက်တယ်။ မင်းမလာနဲ့ဆိုလို့ မသွားဘဲနေခဲ့တာ ရှိပါတယ်။ အဲဒီကိုကြည့်ရင် အမေရိကန်ဟာ တရုတ်နဲ့ မြန်မာနိုင်ငံထဲမှာ ဝေစုခွဲဖို့ဆိုတာ သူတို့ မစဥ်းစားပါဘူး။ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီးတော့ ဒီမိုကရေစီဖြစ်ရေးကိုသာ အမေရိကန် လိုလားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဆိုတော့ တရုတ်ကတော့ မြန်မာနိုင်ငံကို သူတို့ရဲ့ အကျိုးစီးပွားအရ စိတ်ဝင်စားတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ တချို့ သုံးသပ်သူတွေကဆိုရင် မြန်မာကို Backyard နောက်ဖေးခြံစည်းရိုး ခတ်ထားတယ်လို့ သုံးသပ်ပြီး ပြောကြပါတယ်။ ဒါလည်းပဲ သမိုင်းမှာ မဆန်းပါဘူး။ အမေရိကန်ကိုယ်တိုင်ကလည်း တချိန်တုန်းက လက်တင်အမေရိကတိုက်ကို ဥရောပတိုက်သားတွေ နယ်ချဲ့လာတဲ့အချိန်မှာ အမေရိကန်သမ္မတ Monroe က လက်တင်အမေရိကန်ကို သူများတွေမလာနဲ့ ဆိုတာမျိုး လုပ်ခဲ့ဖူးပါတယ်။ ဒါကတော့ နိုင်ငံတကာသမိုင်းမှာ ရှိစမြဲ ဖြစ်ပါတယ်။ ဆိုတော့ တရုတ်လက်ထက်မှာ လုံးဝချန်လှပ်ထားတယ် ဆိုတာထက် တရုတ်က ပိုပြီးတော့ လွှမ်းမိုးနိုင်တဲ့အခြေအနေ ရှိနေတာပေါ့လေ။ အရင်ကလည်း ရှိတယ်။ အခုလည်းပဲ လောလောဆယ်ရှိနေတာ ဖြစ်ပါတယ်။
မေး ။ ။ အိန္ဒိယကကော တရုတ်ကို တန်ပြန်ပြီးတော့ ထိန်းညှိနိုင်တဲ့အနေအထား ရှိပါသလား။
ဖြေ ။ ။ အိန္ဒိယဟာ တရုတ်လိုပဲ မြန်မာနိုင်ငံရဲ့ အနောက်ဘက်က သိပ်အင်အားကြီးတဲ့ အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာမှာ လူဦးရေလည်း သိပ်များပြားလာပြီ။ စီးပွားရေးလည်း အရမ်းတိုးတက်လာပါပြီ။ ဒါပေမဲ့ သူက တရုတ်ကို ထိပ်တိုက်ဖြစ်လိုဟန် မရှိပါဘူး။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူတို့ မြောက်ပိုင်းမှာတော့ နယ်စပ်ချင်း တရုတ်နဲ့ အိန္ဒိယကြားမှာ Clash တွေ ဖြစ်တယ်။ မြန်မာနိုင်ငံပေါ်မှာတော့ သူတို့နှစ်နိုင်ငံ တခါမှလည်း အဲဒီလိုဖြစ်တာကို မတွေ့ရပါဘူး။ အိန္ဒိယက မြန်မာနိုင်ငံမှာ လုပ်နေတဲ့ စီးပွားရေးကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ၊ တရုတ်ကိုလည်း ထိခိုက်စရာမလိုဘဲ သူ့နည်းသူ့ဟန်နဲ့ သူလုပ်သွားချင်တဲ့သဘော ရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာဘက်ကို ထွက်ဖို့အတွက် ရခိုင်ဘက်မှာ တရုတ်က အခြေချလာတယ် စသဖြင့် ပြောကြတယ်။ စီးပွားရေးလုပ်ငန်းတွေ လုပ်လာတယ်။ အိန္ဒိယက ဘာမှမဝေဖန်ပါဘူး။ သူလည်းပဲ သူလုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်း ကုလားတန်ဘက်စုံ စီမံကိန်းကို တည်ဆောက်နေပြီး လုပ်နေတာပါပဲ။ ဘယ်တောမှ သူတို့နှစ်နိုင်ငံ Clash ဖြစ်တယ် ပဋိပက္ခ ဖြစ်တယ်ဆိုတာ မကြားရပါဘူး။ နောက် အိန္ဒိယ စိတ်ဝင်စားတဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး ဆက်သွယ်ရေးလမ်းမကြီး လုပ်တာလည်းပဲ ဘာမှ တရုတ်နဲ့ ဆန့်ကျင်ဘက် မရှိပါဘူး။ လူတွေရဲ့ သုံးသပ်တာကို ပြောရရင် အိန္ဒိယဟာ တရုတ်ကို ထိပ်တိုက်တိုးလိမ့်မယ်ဆိုပြီးတော့ ဘယ်တော့မှ ရည်ရွယ်ထားဟန် မရှိဘူးလို့ ပြောကြတာ တွေ့ရပါတယ်။ သုံးသပ်ကြတာ တွေ့ရပါတယ်။
မေး ။ ။ အဲဒီဟာဆိုရင် အမေရိကန်၊ သြစတျေလျ၊ ဂျပန်နဲ့ အိန္ဒိယ သူတို့ ဖွဲ့ထားတဲ့ QUAD အဖွဲ့ကပါ ဘယ်လိုလဲ။
ဖြေ ။ ။ QUAD - Quadrilateral Security Dialogue အဖွဲ့ ခေါ်တာပေါ့။ အိန္ဒိယသမုဒ္ဒရာနဲ့ ပစီဖိတ်သမုဒ္ဒရာဒေသ လုံခြုံရေးအတွက် ဆွေးနွေးတဲ့အဖွဲ့ ဒီအဖွဲ့က အမေရိကန်အတွက် သိပ်အရေးကြီးပါတယ် ။ အခု အမေရိကန် သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Macro Rubio ကို အသိအမှတ်ပြုခံရပြီး မကြာမီမှာပဲ နိုင်ငံခြားရေးဝန်ကြီးက QUAD အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ အသေးစိတ်ကို မသိရသော်လည်း သူတို့ဟာ သိပ်အလေးအနက်ထားတယ်ဆိုတာ ပြသနေပါတယ်။ သူတို့ အလေးအနက် ထားတယ်ဆိုတာလည်း တကယ်တော့ တောင်တရုတ်ပင်လယ် ပစီဖိတ်မှာရှိတဲ့ကိစ္စတွေ ဥပမာဆိုရင် တရုတ်နဲ့ ဖိလစ်ပိုင်နဲ့ဖြစ်တဲ့ ကိစ္စတွေ။ ဖြစ်ပြီးတော့ ဂျပန်ဟာ ဖိလစ်ပိုင်နဲ့ ဆွေးနွေးပြီးတော့ ဒီနေ့ပဲ သတင်းမှာ ထပ်ပါတယ်။ ဒါကို သူတို့ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ လုပ်ရမယ်ဆိုပြီး ဒီနေ့ တနင်္လာနေ့မှာပဲ သတင်းထွက်တာ တွေ့ရပါတယ်။ ထိုနည်းလည်းကောင်းပဲ အိန္ဒိယသမုဒ္ဒရာဘက်မှာလည်းပဲ အဓိက လုံခြုံရေးအတွက် ညှိမယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံအရေးကို QUAD အဖွဲ့က ဘယ်လောက်အလေးအနက်ထားပြီး ဆွေးနွေးတယ်ဆိုတာ ကျနော် တခါမှ မတွေ့ရပါဘူး။ မြန်မာနိုင်ငံသည် အင်ဒိုပစိဖိတ်ဒေသမှာ ပါဝင်သော်လည်းပဲ ထိပ်တန်းဝင် ဦးစားပေးဒေသအဖြစ်တော့ သူတို့ ထည့်တွက်ဟန် မတူပါဘူး။ ဒီကိစ္စမှာ ပြင်းပြင်းထန်ထန် ထိပ်တိုက်တိုးဖို့ ရည်ရွယ်ဟန် မရှိဘူးလို့ လူတွေကလည်း သုံးသပ်ကြပါတယ်။ တခြားကိစ္စပေါ့လေ တောင်တရုတ်ပင်လယ် ဖြစ်မယ်၊ နောက်ပြီးတော့ ထိုင်ဝမ်ကိစ္စ ဖြစ်မယ်။ ဒါတွေကိုသာ ပိုပြီးတော့ အလေးအနက်ထားတယ် ပြောကြပါတယ်။
မေး ။ ။ ဒီတော့ ပြည်ပအကူအညီတွေမပါတဲ့ မြန်မာ့ဒီမိုကရေစီ ရှေ့ရေးက လွယ်ကူချောမွေ့နိုင်ပါ့မလား။
ဖြေ ။ ။ ဒီမိုကရေစီဟာ ပြည်ပအကူအညီနဲ့ ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ Democracy can neither be imported nor exported - ဒီမိုကရေစီကို တင်သွင်းလို့လည်း မရပါဘူး၊ တင်ပို့လို့လည်း မရပါဘူး။ အမေရိကန်ကိုပဲကြည့်ပါ - လက်တင်အမေရိကမှာ ဒီမိုကရေစီ ဖြစ်ထွန်းချင်တဲ့နိုင်ငံတွေ ဒီလိုသာ ပြည်ပအကူအညီနဲ့သာ ဒီမိုကရေစီ ဖန်တီးလို့ရရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဖြစ်နေပြီပေါ့။ သို့သော်လည်းပဲ ဒီမိုကရေစီဆိုတာ ကိုယ့်ပြည်တွင်းက ကိုယ်ဟာကို လုပ်ရတာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်ကောင်စီ ဆန့်ကျင်ရေးတော်လှန်ရေးဆိုတာလည်း ပြည်ပအကူအညီတွေ လုံးဝမပါဘူး။ အာဏာရှင်စနစ်ကို မလိုချင်လို့၊ မကြိုက်လို့ ပြည်သူတွေက အုံကြွပြီးတော့ ထကြွဆန့်ကျင်လာကြရာက ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်ပအကူအညီပါပါ၊ မပါပါ ဒီခရိးကတော့ ဆက်နေမှာပဲ ဖြစ်ပါတယ်။ ဒီဟာကတော့ သမိုင်းပေါ့လေ။ မြန်မာ့သမိုင်း ဖြစ်စဥ်ဖြစ်ပွား တိုးတက်မှု့ပေါ့လေ။ Historical development - အဲဒီလို ဆက်လက်ပြီးတော့ တိုးတက်မှာသာ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူတွေ စည်းလုံးညီညီညွတ်ညွတ်နဲ့ ဘယ်လောက် လုပ်နိုင်သလဲဆိုတဲ့အပေါ်မှာသာ မူတည်တယ်လို့ လူတိုင်းက ယုံကြည်ကြပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Forum