အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီနေ့ Saudi Arabia နိုင်ငံကို Jeddah မြို့ကို ရောက် သွားပြီး သမ္မတ Donald Trump ဖိအားပေးတိုက်တွန်းနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ရှိပါတယ်။
နိုင်ငံခြားရေးဝန်ကြီး Rubio နဲ့အတူ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz လည်း လိုက်ပါသွားပြီး ယူကရိန်းအရာရှိတွေနဲ့ မနက်ဖြန်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ယူကရိန်းဘက်က ကိုယ်စားလှယ်အဖွဲ့ကို ယူကရိန်း သမ္မတ Volodomyr Zelenskyy ရဲ့ ဝန်ထမ်းရေးရာအရာရှိချုပ် Andriy Yermak က ဦးဆောင်တက်ရောက်မှာပါ။ ဝန်ကြီး Rubio ဟာ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံပြီး ဒေသတွင်း တူညီတဲ့ အကျိုးစီးပွားတွေ ပိုပြီးပူးတွဲအကောင်အထည်ဖေါ်ဖို့နဲ့ အမေရိကန်-ဆော်ဒီအားရေးဘီးယား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောဆိုထားပါတယ်။
မနက်ဖြန် အင်္ဂါနေ့ ကျင်းပမယ့်ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် မူဘောင်တွေ ချမှတ်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေး အစပျိုးလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့လည်း အမေရိကန် အရာရှိတွေက ပြောထားပါတယ်။
ယူကရိန်း သမ္မတ Zelenskyy ကိုယ်တိုင်လည်း ဒီနေ့ တနင်္လာနေ့ ဆောဒီအာရေဗီးယားနိုင်ငံကို လာရောက်ပြီး ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ မနက်ဖြန် ကျင်းပမယ့် ဆွေးနွေးပွဲကိုတော့ သမ္မတ Zelenskyy တက်ရောက်ဖို့ မသေချာသေးပါဘူး။
Forum