(Zawgyi/Unicode)
ကချင်ပြည်နယ်အခြေစိုက် ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) က ဩဂုတ်လဆန်းပိုင်းမှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ဝတ်ပြုဆုတောင်းစကားတခုထဲမှာပါတဲ့ အသုံးအနှုန်းတခုကြောင့် အသင်းတော်ရဲ့တာဝန်ခံကို တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ ( က) နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်ပါတယ်။ ဒီကိစ္စပြေလည်ဖို့ အသင်းတော် တာဝန်ရှိသူတွေကြားမှာ ညှိနှိုင်း အဖြေရှာနေကြသလို စစ်ကောင်စီနဲ့ တွေ့ဆုံပြီး ရှင်းပြသင့် မသင့် စဉ်းစားဆုံးဖြတ်ကြမယ်လို့ KBC ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။
KBC ဆုတောင်းစကားထဲမှာပါတဲ့ “ အာဏာရှင်” ဆိုတဲ့ အသုံးအနှုန်းက စစ်ကောင်စီကို ထိပါးတယ်ဆိုတဲ့အချက်နဲ့ KBC အတွင်းရေးမှူး ဦးတူးမိုင်ကို မြစ်ကြီးနားအမှတ် (၁) ရဲစခန်းက ၅၀၅ (က) နဲ့ အမှုဖွင့်ပါတယ်။
၅၀၅ (က) နဲ့ တရားစွဲခံရတဲ့ အတွင်းရေးမှူး ဦးတူးမိုင်ရဲ့ နေအိမ်ကို စစ်ကောင်စီက သြဂုတ်လ ၂၆ ရက်နေ့က လာရှာခဲ့ပေမဲ့ အိမ်သားတွေနဲ့ပဲတွေ့သွားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် KBC က သြဂုတ်လဆန်းကလုပ်ခဲ့တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပြောခဲ့တဲ့ ဆုတောင်းစကားထဲက “အာဏာရှင်” ဆိုတဲ့ အသုံးအနှုန်းဟာ စစ်ကောင်စီကို ရည်ရွယ်တာ မဟုတ်ကြောင်း KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ Khalam Samson က ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က ဒီကချင်လိုတော့ “ ကိုမရှင်” ဆိုတာ အာဏာရှင်ကိုခေါ်တာ။ အာဏာရှင်စနစ် အားလုံးချုပ်ငြိမ်းဖို့အတွက် ကျနော်တို့က ဆုတောင်းတယ်။ အာဏာရှင်ဆိုတာ ကျနော်တို့က ခရစ်ယာန်မှာလည်း အာဏာရှင်ရှိတယ်၊ KIA လည်း အာဏာရှင်လို့ ပြောလို့ရတဲ့ နေရာမှာလည်းရှိတာပေါ့။ ဘယ်အဖွဲ့အစည်းမှာမဆို အာဏာရှင်ဆိုတာရှိတယ်။ အာဏာရှင်ဆိုတာ ဘယ်အဖွဲ့အစည်းမှာမှ မရှိစေချင်ဘူး။ ဒါပေမဲ့ သူတို့ဘာသာပြန်တော့ အကြမ်းဖက စစ်တပ်ဆိုပြီးမှ ဘာသာပြန်မှုအပေါ်မှာတော့ နည်းနည်းလွဲသွားတာပေါ့ သူတို့ဘာသာပြန်တာ။ အဓိပ္ပာယ် ပြန်ဆိုတဲ့နေရာမှာ KIA ခေါင်းဆောင်များအတွက် ဆုတောင်းတယ်ဆိုတာ ဖြစ်လာတော့ ငြိစွန်းသွားတာပေါ့။ အဲဒီအချက်က ၅၀၅ (က) ဖြစ်သွားတာ အဲဒါပါပဲ။”
ဒီကိစ္စကို ကချင်ပြည်နယ် အိမ်စောင့်အစိုးရဝန်ကြီးချုပ်နဲ့ ဒေါက်တာ Khalam Samson တို့ ဩဂုတ်လ ၂၈ ရက်မှာတွေ့ဆုံပြီး ကနဦး ညှိနှိုင်းခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကလည်း အဲဒီနေ့က ကြားခံအဖွဲ့အနေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။
“ကျနော်တို့ကတော့ ဒီပြည်နယ်အဆင့်မှာပဲ တိုင်းမှူးနဲ့ပဲ ကျနော်တို့က တွေ့ဆုံပြီးမှ ဒါကိုပြေလည်အောင် လုပ်လိုက်ဖို့ ပထမအဲလိုပဲ ကျနော်တို့အားလုံး စဉ်းစားထားတယ်၊ အဲလိုပဲ သဘောတူညီရယူမှု ရှိခဲ့တာပေါ့။ ဒါပေမဲ့ နောက်တရက်မှာ တရားရုံးကို ရဲစခန်းက တရားစွဲတဲ့ အချက်အလက်တွေ ကျနော်တို့ ရရှိလာတဲ့အချိန်မှာကျ ကျနော်တို့က နည်းနည်း စဉ်းစားရခက်သွားတယ် အဲဒီမှာ။ အဲဒီစာအရ ရဲစခန်းက တရားစွဲမယ်ဆိုရင်တော့ အတွင်းရေးမှူးကို သူတို့ဖမ်းရတော့မှာပေါ့ ပုဒ်မ ၅၀၅ ( က) နဲ့။ ကျနော်တို့က အဲလို မဖြစ်စေချင်ဘူးပေါ့၊ အခုလိုတိုင်းပြည်ကြီး မငြိမ်မသက် ဖြစ်နေချိန်မှာ ဘာသာရေးဦးဆောင်နေတဲ့ သူတယောက်ကို ဒီလိုဆုတောင်းရုံနဲ့ပဲ အချက်အလက်အပေါ်မှာပဲ စွဲဆိုမှုကတော့ သိပ်ပြီး အသေးစိပ်ဆန်လွန်းတာပေါ့နော်။ ဒါက တိုင်းပြည်ရဲ့ စည်းရုံးမှုကို မရောက်ဘူးပေါ့။”
ဒီပြဿနာပြေလည်ဖို့ စစ်ကောင်စီနဲ့ တွေ့ဆုံသင့်မသင့် KBC ခေါင်းဆောင်တွေကြား စဉ်းစားနေကြပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာက အဖွဲ့ဝင်ပေါင်း ၅၀၀ ကြားမှာ ဘုံသဘောထားတခုရယူဖို့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အားလုံးရဲ့ဆန္ဒကိုရဖို့ အရေးပေါ် အစည်းအဝေးတခုကို အခုစက်တင်ဘာလထဲမှာ လုပ်ဖို့စီစဉ်နေကြောင်း ဒေါက်တာ Khalam Samson က ပြောပါတယ်။
မတ်လ ၃ ရက်တုန်းကလည်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်က မြန်မာပြည်ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ဦးဆောင်ခဲ့တဲ့ KBC က ခရစ်ယာန် ဘာသာရေးခေါင်းဆောင်အပါအဝင် ဘာသာရေးခေါင်းဆောင် ၃ ယောက်ကို စစ်ကောင်စီအဖွဲ့ဝင် ရဝမ်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ၅၀၅ (က) နဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီပွဲမှာပါဝင်တဲ့ လူငယ် နှစ်ယောက်ကိုလည်း ဒီပုဒ်မနဲ့ပဲ တရားဆက်စွဲခဲ့ပါတယ်။
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဟာ ပြည်တွင်း စစ်ပွဲတွေကြောင့် ထွက်ပြေး၊ တိမ်းရှောင်နေရသူတွေကို ၂၀၁၁ ကစပြီး ကူညီနေသလို ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရ နှစ်ဆက်လုံးမှာ ငြိမ်းချမ်းရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီး ဖော်ဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာလည်း လုပ်လက်စ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ ဆက်လုပ်ခဲ့တယ်လို့ အသင်းတော်တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခရောက်နေသူတွေကို KBC က ကူညီစောင့်ရှောက်ပေးနေပါတယ်။
......................................................................................
(Unicode)