သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်းနဲ့ မိုးညှင်းဘက် ကိုဗစ်အခြေအနေ


 ကချင် ကိုဗစ်စင်တာ ( ဓာတ်ပုံ - Kachinwave)
ကချင် ကိုဗစ်စင်တာ ( ဓာတ်ပုံ - Kachinwave)

(Zawgyi/Unicode)

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် အခုရက်ပိုင်း ကျလာပေမယ့် မြို့အနေအထားအရ သေဆုံးသူ များနေတုန်းပဲလို့ ပရဟိတ အကူအညီပေးနေသူတွေကပြောပါတယ်။ ကချင်ပြည်နယ်ဘက်က တချို့ဒေသတွေမှာတော့ ကိုဗစ်ကပ်ရောဂါကူးတယ်ဆိုတာ လူမသိစေချင်ကြတဲ့ အခက်အခဲတွေကို ကိုဗစ်အကူအညီပေးသူတွေ ကြုံနေကြရပါတယ်။ ဒီအခြေအနေတွေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုကပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါတတိယလှိုင်း အပြင်းထန်ဆုံးကာလဖြစ်ခဲ့တဲ့ ဇူလိုင်လကိုကျော်လွန်ခဲ့ပြီးနောက် ဩဂုတ်လ တတိယပတ်လောက်ကစလို့ ရောဂါကူးစက်နဲ့ သေဆုံးနှုန်းတွေ တဖြည်းဖြည်းချင်း ကျလာတယ်လို့ ပရဟိတဆောင်ရွက်သူတွေက ပြောပါတယ်။ အခု သြဂုတ်လအတွင်းသေဆုံးသူ စုစုပေါင်း ၂၆၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနီးတဝိုက်က ရွာတွေမှာတော့ သြဂုတ်တတိယပတ်မှာ သေဆုံးသူ ကျသွားတယ်လို့ ကောလင်းမြို့ ကိုဗစ်တိုက်ဖျက်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

"အစောပိုင်းတုန်းကတော့ တရက်တည်းကို အလောင်း ၂၀ ပေါ့၊ အဲဒါက အမြင့်ဆုံးပဲ။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ လျော့လျော့လာတာ ၁၅ ယောက်၊ ၁၀ ယောက်။ အဲဒီကနေ အခုနောက်ပိုင်းကတော့ ၅ယောက် ပတ်ဝန်းကျင်လောက်မှာ ရှိတယ်ဗျ။ ဒါကလည်း လျော့တယ်လို့ပြောလို့ မရဘူးဗျ။ ကျနော်တို့ မြို့ပေါက်စလေး အနေနဲ့က များသေးတာပေါ့နော်။ ပုံမှန်ဆိုရင် တရက်ကို ၁ ယောက်၊ ၂ ယောက် အပြင် မရှိဘူးဗျ။ အခုကတော့ ၄၊ ၅ ယောက်က ပုံမှန်ပဲဖြစ်နေသေးတယ်။ ဒီ ဩဂုတ်လ ပထမပတ်နဲ့ ဒုတိယပတ်တွေတုန်းက တရက်ကိုသေတာ ၁၀ ယောက်အထက်တွေချည်းပဲ။ အောက်စီဂျင်ပြတ်တဲ့အချိန်နဲ့ တိုးတဲ့အခါကျတော့ သေကုန်တာပေါ့။ အများအားဖြင့်ကတော့ အသက်ကြီးပြီး ရောဂါအခံရှိတဲ့ အသက် ၅၀၊ ၆၀၊ ၇၀ ပတ်ဝန်းကျင်တွေပဲဗျ။"

ကပ်ရောဂါမပြင်းထန်ခင် ကာလတွေတုန်းက ကောလင်းမှာ တလတာသေဆုံးနှုန်းဟာ ၁၈ ယောက် ဝန်းကျင်သာရှိခဲ့ပြီး ရောဂါပြင်းထန်နှုန်း ကျဆင်းလာတဲ့ အခုအခါမှာတော့ တနေ့တာသေဆုံးသူဦးရေဟာ ၇ ယောက်ဝန်းကျင်မှာသာ ရှိတော့ပေမယ့် ဒါဟာ နယ်မြို့အတိုင်းအတာနဲ့ဆိုရင် များနေတုန်းပဲလို့ ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at home အဖြစ် ထပ်တိုး သတ်မှတ်ခံရတဲ့ မြို့နယ်ထဲမှာ ကချင်ပြည်နယ်က မိုးညှင်းမြို့လည်း ပါဝင်လာပါတယ်။ အခုရက်ပိုင်းတွေထဲ နေမကောင်းဖျားနာသူတွေ ရှိပေမယ့် အများစုက ကိုဗစ်ကပ်ရောဂါဖြစ်တယ်ဆိုတာ အသိမခံချင်ကြဘူးလို့ မိုးညှင်းမြို့အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအဖွဲ့ဝင်တဦးက ပြောပြပါတယ်။ တချို့က ကိုယ့်ရဲ့နေအိမ်မှာသာ ကုသရင်း အသက်သေဆုံးသွားကြတယ်လို့ ပြောပါတယ်။

"ရာသီတုပ်ကွေးဆိုပြီး လူတွေကတော့ ပြောနေကြတာပေါ့နော်။ စစ်လိုက်ရင်တော့ စစ်တဲ့လူတိုင်းကတော့ ပိုးတွေ့တဲ့အနေအထားမျိုး ရှိနေတယ်။ ဒါကတော့ အပြင်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် Test kit နဲ့ စစ်ကြတာများတာကို။ ရောဂါအခံရှိတဲ့သူ အသက်ကြီးပိုင်းတချို့တော့ ဆုံးပါးသွားတာတွေ ရှိတာပေါ့နော်။ မိုးညှင်းမြို့ပေါ်တင် တနေ့ကဆိုရင် ၈ယောက် သေတယ်။ ဒါပေမယ့် မြို့ထဲမှာလည်း တချို့က ရာသီတုပ်ကွေးလို့ပဲ သတ်မှတ်ချင်ကြတာပေါ့။ ဒီရောဂါနဲ့သေတယ်ဆိုရင် သူတို့က နည်းနည်းလေးရှက်တာတို့ သိမ်ငယ်တာတို့ ဖြစ်တော့ ရာသီတုပ်ကွေးနဲ့ဆုံးတာပါ ဆိုပြီးတော့ မစစ်ဘဲနဲ့ အကြောင်းပြချက်လေးတွေရှိကြတာပေါ့။"

မိုးညှင်းမြို့ရဲ့ လက်ရှိအနေအထားကတော့ လူနာတွေအတွက် အောက်စီဂျင်မလုံလောက်လို့ တချို့မြို့ကြီးတွေကနေ ပရဟိတအသင်းတွေရှာဖွေပေးပြီး လူနာအချင်းချင်း မျှပြီးသုံးနေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မြို့ပေါ်မှာလည်း ဖျားတဲ့သူကတော့ ဖျားနေကြတာ ရှိတာပဲ။ သို့သော်လည်းပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ များသောအားဖြင့် အိမ်မှာပဲ ကျိတ်ကုတဲ့သူ များတယ်။ ဆေးရုံသွားလည်း ဆေးရုံမှာက အောက်စီဂျင်လိုအပ်ချက် အခုကတော့ ကျနော်တို့သိရသလောက်တော့ ဆေးရုံမှာ အောက်စီဂျင်လုံလောက်အောင် ရှိသလားဆိုတော့လဲ မရှိဘူး။ သို့သော်လည်း သူတို့က အရေးကြီးတဲ့လူနာဆိုရင် တလုံးချပေးလိုက်တယ်ပေါ့နော်။ သိပ်အရေးမကြီးတဲ့လူနာဆိုရင် အပြင်မှာရှာခိုင်းတယ်။ ဆေးရုံမှာရှိတဲ့ဟာနဲ့ မမျှနိုင်ဘူးဖြစ်နေတာ။"

ဒီလို အောက်စီဂျင်လိုအပ်ချက်ရှိနေလို့ အများပြည်သူလှူဒါန်းငွေနဲ့ ကိုယ်ထူကိုယ်ထစနစ် အောက်စီဂျင်စက်ရုံကို စပြီးတည်ဆောက်နေကြပါတယ်။ လာမယ့် စက်တင်ဘာလပိုင်းရောက်မှ အောက်စီဂျင်စက်ရုံ စတင်လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီ့မတိုင်ခင်တော့ မန္တလေးနဲ့ မြစ်ကြီးနားမြို့တွေဆီကနေ အောက်စီဂျင်ဝယ်ယူသုံးစွဲနေကြရပါတယ်။

ရန်ကုန်မြို့အပါအဝင် မြို့ကြီးတချို့မှာ ကိုဗစ်ကပ်ရောဂါကူးစက်သူ ရောဂါကြောင့် သေဆုံးသူ အခုရက်ပိုင်း ကျနေပုံရပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ နေ့စဉ်အတည်ပြုလူနာက သိသိသာသာ လျော့မသွားသေးဘူးလို့ မြေပြင်မှာ အကူအညီပေးနေသူတွေကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်ကြောင့် သေဆုံးသူကတော့ နေ့စဉ် ၃၀၀ ကျော်ရှိခဲ့ရာကနေ အခုရက်ပိုင်း ၁၀၀ ကျော်အထိ ကျသွားပါတယ်။ ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်တဲ့ စာရင်းတွေဟာ တကယ်တမ်း မြေပြင်မှာ ဖြစ်နေတဲ့စာရင်းတွေထက် အများကြီးနည်းနေတယ်လို့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်နေတဲ့ ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြထားပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာကန့်သတ်ထားတဲ့ မြို့နယ်ပေါင်းကတော့ ၁၁၉ မြို့နယ်အထိ ရှိသွားပြီဖြစ်ပါတယ်။

...............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)












XS
SM
MD
LG