(Zawgyi/Unicode)
ဇူလိုင်လက မင်းကင်းမှာ စစ်ကောင်စီကဖမ်းသွားတဲ့ မင်းကင်း PDF တပ်ဖွဲ့ဝင် ၅၀ ကျော်ရဲ့ မိသားစုဝင်တချို့ဟာ သူတို့ကိုယ်တိုင်က လုံခြုံရေးအရ ထွက်ပြေးနေရတာကြောင့် ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာ သွားမတွေ့ရဲဘူး ဖြစ်နေပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုနန်းလောင်ဝ်က ပြောပြပေးပါမယ်။
မင်းကင်းမြို့နယ်၊ တောင်ဖြူရွာမှာ လွန်ခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က မင်းကင်း PDF အဖွဲ့ဝင် ၅၀ ကျော်ကို ပျူစောထီးအဖွဲ့ဝင်လို့ ဆိုသူတွေက ဝိုင်းဖမ်းပြီး စစ်တပ်လက်ထဲ လွှဲပေးခဲ့တာပါ။ အဲဒီရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုသူတွေ စစ်ရေးလေ့ကျင့်နေတဲ့အကြောင်း မင်းကင်း PDF အဖွဲ့က သတင်းရလို့ဆိုပြီး သွားထောက်လှမ်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အဖမ်းခံလိုက်ကြရတာလို့ မင်းကင်း PDF အဖွဲ့ခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောဆိုထားပါတယ်။
တောင်ဖြူရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၃ လောင်း၊ အရှင် ၅၃ ဦးကို တူမီးသေနတ် အလက် ၅၀ နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့တကွ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အဖမ်းခံထားရတဲ့ မင်းကင်း PDF တပ်ဖွဲ့ဝင်တွေထဲက အယောက် ၃၀ ကျော်ကို စစ်ကိုင်းတိုင်၊း ကလေးမြို့မှာရှိတဲ့ မော်လိုက်-ကလေးအကျဉ်ထောင်ကိုပို့ဆောင်ထားပြီး ကျန်တဲ့သူတွေ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့အကြောင်း သတင်းရတယ်လို့ မိသားဝင်စုတွေက ဗွီအိုအေကို ပြောပါတယ်။
အဖမ်းခံရတဲ့ သားဖြစ်သူကို ထောင်စာဝင်တွေ့ချင်ပေမယ့် မိသားစုဝင်တွေကိုယ်တိုင်က ထွက်ပြေး ပုန်းရှောင်နေရတာကြောင့် သွားမတွေ့ရဲဘဲ အဝေးကနေ စိတ်ပူနေရတယ်လို့ အဖမ်းခံထားရသူရဲ့ မိသားစုဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
“မော်လိုက်ကို ပို့လိုက်တယ်လို့တော့ ကြားတာရှင်။ ကျမသားကို အရင်ဆုံးပို့တယ်တဲ့။ ကျမ သားတို့ရဲ့ ဒဏ်ရာတွေဘာတွေ ကိုယ်လည်းမမြင်ရဘူးရှင့်။ သူတို့က မတရားနှိပ်စက် ပြီးတော့မှာ (ထောင်)ပို့တယ်ဆိုတော့ ဒဏ်ရာတွေကို လက်ကျိုးတဲ့လူနဲ့ ဘာနဲ့လူတော့ သတင်းတွေရတယ်ရှင်။ အဲ့ဒါကို ကိုယ်တိုင်ကတော့ ဘယ်သူမှသွားတွေ့လို့မရဘူးရှင်။ သွားတွေ့ချင်တယ်ရှင်။ ကျမ သားလေးကိုလည်း စိုးရိမ်တယ်။ ပိုက်ဆံလေးတွေ ဘာတွေလည်း ပို့ချင်တယ်။ ထောင်ဝင်စာလည်း သွားတွေ့ချင်တယ်ရှင်။ အဲ့ဒါကိုမှ ကျမတို့က မသွားရဲလို့ အခုမသွားရတာရှင့်။ ကျမတို့က ထွက်ပြေး တိမ်းရှောင်နေရတာရှင့်။ တောထဲမှာပဲ နေရတာရှင့်။”
အဖမ်းခံထားရသူနောက်တဦးရဲ့ မိသားစုဝင်ကလည်း ထောင်ဝင်စာသွားတွေ့ရင်း အဖမ်းခံရမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။
“လောလောဆယ်တော့ တွေ့လို့မရသေးတဲ့အတွက် ဘယ်သူမှလည်း သွားတွေ့ရတာမျိုး မရှိသေးဘူးဗျ။ တွေ့လို့ ရှိလို့ရှိရင် မိသားစုတွေပါ ဆွဲစိမှာမျိုးတာပေါ့လေ၊ ဒီအဖွဲ့က ဒါမျိုးတွေလုပ်ရင်ပေါ့ ဒီမိသားစုတွေပါ အကျိုးဆက်ခံစားရတယ်ဆိုတဲ့ သတင်းစကားမျိုးတွေပေါ့။ ဒီမိသားစုတွေဘက်မှာ ပြည်သူတွေကို အဲ့လိုမျိုး အသိရောက်သွားမှာ အဲ့လိုတွေစိုးရိမ်တယ်။”
စစ်ကြောရေးမှာ ဒဏ်ရာရရှိသူနဲ့ ကိုဗစ် Positive ဖြစ်တဲ့သူတွေကို စစ်ဆေးရုံမှာ ဆေးကုသပေးနေတဲ့အကြောင်း ကြားသိရတယ်လို့ ဆက်ပြောပါတယ်။
“ကြားတဲ့သတင်းတွေကတော့ အခုက Positive ကတော့ ၉ ယောက်တွေ့တယ်ပေါ့။ နောက်ပြီးတော့ကျတော့ အခုပြောတဲ့ ကြိုးတုပ်တဲ့ ဒဏ်ရာတွေက လက်တွေ ဘာတွေ ပုပ်လို့ ဆေးကုနေရတာလည်း ၇ ဖွဲ့ရှိတယ်ပေါ့။ ကျန်းမာရေးကောင်းတဲ့လူတွေကတော့ အခုပြောတဲ့ မော်လိုက်-ကလေး အချုပ်ထောင်ထဲကို ရောက်သွားပြီ၊ အဲ့လိုတွေသတင်းရတာဗျ။”
စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဖမ်းခံထားသူတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘာမှမပြောဘဲ သူတို့ကို ဥပဒေအရ အရေးယူသွားမယ်လို့ပဲ ပြောပါတယ်။
“လက်ရှိ အခြေအနေကတော့ ကျနော်တို့ ဒါ စစ်ဆေးနေဆဲရှိပါတယ်ဗျ။ စစ်ဆေးနေဆဲရှိတယ်။ ကျနော်တို့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားမယ်။”
တောင်ဖြူရွာဖြစ်စဉ်မှာ စစ်ကောင်စီဘက်က အလောင် ၃ လောင်းနဲ့ ၅၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ပေမယ့် အမှန်တကယ် အဖမ်းခံရသူက ၅၇ ဦး ဖြစ်တယ်လို့ PDF ဘက်ကပြောထားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၅၀ အရွယ်ထိဖြစ်ပြီး လူငယ် တက္ကသိုလ်ကျောင်းသားတွေ အများစု ပါဝင်ပါတယ်။
လက်ရှိမှာ ၄၈ ဦးသာ အသက်ရှင်လျက်ရှိပြီး PDF ခေါင်းဆောင်လို့ ယူဆရသူ ၉ ဦး အသတ်ခံရတဲ့အကြောင်း မိသားစုဝင်တွေပြောဆိုထားပေမယ့် ဗွီအိုအေ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
...................................................................................
(Unicode)