သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ ရခိုင်ဒုက္ခသည်တွေထဲ မွတ်ဆလင်တွေမပါသေး


တရုတ်နိုင်ငံလုပ် Sinovac ကိုဗစ်ကာကွယ်ဆေးများ ( ဓာတ်ပုံ - AFP)
တရုတ်နိုင်ငံလုပ် Sinovac ကိုဗစ်ကာကွယ်ဆေးများ ( ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ပြည်နယ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပေမယ့် မွတ်ဆလင်ဒုက္ခသည်စခန်းတချို့မှာတော့ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးဘူးလို့ စခန်းထဲက ဒုက္ခသည်တွေကပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

သြဂုတ်လ ပထအပတ်လောက်ကတည်းကစပြီး ရခိုင်ပြည်နယ်ကောင်စီက ဒုက္ခသည်စခန်းတွေမှာ COVID-19 ကာကွယ်ဆေးတွေ ထိုးပေးနေတာပါ။ ကျောက်တော်မြို့နယ်က ညောင်ချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာ အသက် ၆၅ နှစ်နဲ့အထက် လူကြီးပိုင်းတွေကို ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးသွားတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ကျနော်တို့ စစ်ရှောင်စခန်းမှာ ၆၅ နှစ်အထက် ၅၈ ဦးကို ၈လပိုင်း ၁၀ ရက်နေ့က ထိုးပေးသွား ပါတယ်ဟုတ်။ နောက်တစ်ကြိမ်ထိုးမယ့် ဟာကိုတော့ ကျနော်လည်း မသိဘူး။ ပြောထားတာ လည်းမရှိဘူး။”
ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်း တော်တော်များများမှာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတာတွေရှိပေမယ့်လည်း စစ်တွေမြို့နယ်အတွင်းက လူဦးရေ ၃,၀၀၀ ကျော်လောက်နေထိုင်တဲ့ သက်ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းမှာတော့ ခုထိ ကာကွယ်ဆေး မထိုးသေးပါဘူး။

ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စာရင်းကောက်ထားပေမဲ့ ဘယ်တော့ကာကွယ်ဆေးထိုးပေးမယ်ဆိုတာ မသိသေးဘူးလို့ သက်ကယ်ပြင်ဒုက္ခသည်စခန်းက ဦးမောင်လေးက ပြောပါတယ်။
“ကျနော်တို့စခန်းမှာ အသက်ကြီးပိုင်းတွေကို ဆေးထိုးပေးမယ်လို့တော့ ပြောသွားတယ်။ နှစ်ပတ်လောက်ရှိနေပြီး အခုအထိတော့ လာပြီးတော့ ဆေးထိုးပေးတာမရှိသေးပါဘူး။ ကျန်းမာရေးကလာပြီးတော့ပြောတာ ရွာက လူကြီးတွေနဲ့ စာရင်းတော့ ကောက်ယူသွားတယ်။”
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် စစ်ကောင်စီဘက်က ဆောင်ရွက်နေသလို တနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေမြန်မာပိုင်းကို ပြောထားပါတယ်။

“IDP ကမ့်တွေပေါ့နော်။ ကချင်မှာ ရှိတယ် ရခိုင်မှာရှိတယ်။ တချို့ ရှမ်းမှာ ရှိတယ်။ အဲဒီ IDP ကမ့်က သူတွေကို ဆေးထိုးနိုင်ရေး ကျနော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီကိုဗစ်ရောဂါကာလမှာ EAO တွေကော ဒီ IDP ကန့်ကလူတွေကိုရော တနိုင်ငံလုံးမှာ ရှိတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ့ရေးအတွက် အစိုးရအနေနဲ့ မည်သူ့ကိုမှ ချန်ထားမှာ မဟုတ်ပါဘူး။ လက်တွေ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ဒီလို ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ အဆက်မပြတ် ရောက်နေတာ ရှိတယ်။ ဒါအပြင့် နောက်ထပ် ၂၄ သန်း တရုတ်နိုင်ငံကနေ ဝယ်ယူရရှိဖို့လည်း သဘောတူ ထားရှိတယ်။”

ရခိုင်ပြည်နယ်က ပြည်တွင်းဒုက္ခသည်တွေခိုလှုံနေတဲ့ IDP စခန်းတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေး ငါးသောင်း ရခိုင်ပြည်နယ်မှာ ရောက်ရှိနေပြီး အဲဒီဆေးတွေကို စစ်ဘေးရှောင်သုံးသောင်းနဲ့ IDP နှစ်သောင်းကိုထိုးဖို့ လျာထားတယ်လို့လည်း ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရရဲ့ သြဂုတ်လ ၂၂ ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်က ရခိုင်လက်နက်ကိုင် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက် ဒုက္ခသည်စခန်းတွေမှာ လက်ရှိအချိန်ထိ ရှိနေပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရခိုင်မြောက်ပိုင်းမှာ ရခိုင်နဲ့ မွတ်ဆလင်တွေကြား လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အာဏာပို်င်တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာကြောင့် သိန်းနဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ပြည်တွင်းဒုက္ခသည် IDP စခန်းတွေမှာ လက်ရှိအချိန်ထိ နေထိုင်နေကြရပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်နယ်ကောင်စီဘက်က ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ရခိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ကိုဗစ်ကူးစက်မှု ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ နည်းပါးလာတာကို တွေ့ရပါတယ်။

.......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)









XS
SM
MD
LG