သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားက IDP ဒုက္ခသည်တွေ စားဝတ်နေရေး အခက်တွေ့နေ


ကချင် စစ်ရှောင်စခန်းတခု (ဓာတ်ပုံ- AFP)
ကချင် စစ်ရှောင်စခန်းတခု (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)

မြစ်ကြီးနားမြို့နယ်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ကူညီထောက်ပံ့မှုမရတာ ၂ လကြာလာတဲ့အပြင် COVID ကာလ အသွားအလာကန့်သတ်ချက်တွေ၊ အလုပ်အကိုင်ရှားပါးတာတွေကြောင့် စားဝတ်နေရေး အခက်တွေ့နေကြပါတယ်။ IDP စခန်းကအခက်အခဲ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မြစ်ကြီးနားမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့စခန်းတွေကို WFP ခေါ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံရိက္ခာတွေအတွက် ငွေကြေး လစဉ်ထောက်ပံ့ပါတယ်။ ဒါပေမဲ့ WFP ရဲ့ ထောက်ပံ့မှုတွေမရတာ ၂ လ ရှိလာတာကြောင့် ဒုက္ခသည်တွေ အခက်အခဲရှိလာနေကြောင်း ဂျမိုင်ကောင် IDP စခန်းတာဝန်ခံ ဦးထွယ်အောင်က VOA ကို အခုလို ပြောပါတယ်။

“အခုလောလောဆည်က စားဝတ်နေရေးက အတော်လေး အခက်အခဲရှိလာတဲ့အနေအထားမျိုးရှိတယ်။ World Food ကလည်း ၂ လရှိပြီပေါ့လေ ရိက္ခာ မထုတ်ပေးနိုင်တာ။ သူတို့လည်း နိုင်ငံရေးအခြေအေနတွေ၊ ဘဏ်ကိစ္စတွေအတွက်လည်း ဖြစ်တယ်ထင်တယ်။ ပေးတော့ ပေးမှာပေါ့။ ဒါပေမဲ့ ဘယ်အချိန် ဘယ်အခါ ပေးမယ်ဆိုတာ ကျနော်တို့လည်း အတိအကျ မသိရဘူး။ တချို့ဆိုရင် စားဖို့ဆန်က မရှိတော့တဲ့ အနေအထားတွေ ရှိလာတယ်။ ရှေ့ဆက်ပြီးတော့ သွားမယ်ဆိုရင် ပိုပြီးတော့မှ စားဝတ်နေရေးက တော်တော်လေး ဒုက္ခရောက်လာမယ့် အခြေအနေရှိတယ်။ ”

ဂျမိုင်ကောင်စခန်းဟာ ဒုက္ခသည် ၁,၀၀၀ ကျော်လောက် နေထိုင်နေတဲ့စခန်းဖြစ်ပါတယ်။ WFP က အရင်က ဆန်၊ဆီ၊ဆား စတာတွေ ထောက်ပံခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး လူတယောက်အတွက် လစဉ် စားနပ်ရိက္ခာဖိုး ငွေသား ၁၁,၀၀၀ ကျပ် ထောက်ပံ့ပြီး မုဆိုးဖို၊ မုဆိုးမ စတဲ့ အိမ်ထောင်စုတွေ၊ အသက်ကြီးသူတွေကို တလ ၁၅,၀၀၀ ကျပ် ထောက်ပံနေတာဖြစ်ပါတယ်။

ထောက်ပံ့ငွေနဲ့ မလုံလောက်သူတွေ အရင်က မြို့ပေါ်မှာ ရရာအလုပ်လုပ်ပြီး ဝင်ငွေရှာနိုင်ပေမဲ့ အခုအခါ COVID ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်တာနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာကြောင့် ပိုမို ခက်ခဲလာနေပါတယ်။
ဒီရက်ပိုင်းမှာတော့ ပြင်ပမှာ အလုပ်လုပ်ကိုင်ခွင့်ကို အကန့်အသတ်နဲ့ ပြန်ခွင့်ပြုနေတယ်လို့လည်း ဦးထွယ်အောင်က ပြောပါတယ်။

“လွန်ခဲ့တဲ့အပတ်ကနေပြီးတော့ ကျနော်တို့က နေ့စား လုံး၀ လူမများတဲ့နေရာကို သွားတဲ့ဟာမျိုးတော့၊ ပန်းရံလိုမျိုး၊ သူများအိမ်မှာ မြက်ရှင်းပေါင်းရှင်းပေါ့လေ ကျပန်းအလုပ်ပေါ့လေ အဲလိုမျိုး သွားလို့ရတဲ့ဟာတွေကို ခွင့်ပြုတဲ့အနေနဲ့ လုပ်ထားတယ်။ ဈေးဆိုင်ပုံစံမျိုး၊ ဒီဟိုတယ်တွေဘာတွေမှာ အလုပ်လုပ်တဲ့ဟာတွေက ပိတ်ထားတယ်။ ကျနော်တို့မသိဘဲနဲ့ အဲလိုမျိုးနေရာမှာ အလုပ်လုပ်တယ်ဆိုရင်တော့ ကျနော်တို့က Camp ထဲကို လက်မခံတော့ဘူးပေါ့။ အဲလိုမျိုးကျနော်တို့က အသိပေးထားတာပေါ့။ ”

IDP စခန်းတွေက ဒုက္ခသည်တွေဟာ ဆန်နဲ့ စားသောက်ကုန်တွေကို ကုန်သည်တွေဆီကနေ အကြွေးဝယ်ယူပြီး ထောက်ပံ့ငွေရချိန်မှာ ပြန်လည်ပေးဆပ်ကြတာဖြစ်ပေမဲ့ ထောက်ပံ့ငွေ ၂ လ မရတဲ့နောက် အကြွေး မဆပ်နိုင်သလို နောက်ထပ်ရယူဖို့လည်း ခက်ခဲလာနေတယ်လို့ ပြောပါတယ်။

ပလနရွာ၊ စိန့်ဂျိုးဇက်စစ်ရှောင်စခန်းတာဝန်ခံ ဦးလခေါင်ကလည်း သူတို့ဆီမှာ အထောက်အပံ့မရတာ ၂ လ ရှိပြီဖြစ်ကြောင်း ပြောပါတယ်။
“ကျနော်တို့ ခါတိုင်းဆိုရင်တော့ တလမှာ လူတယောက်ကို တသောင်းခွဲ လစဉ်ပေးတယ်။ အခုဆိုရင် ကျနော်တို့ ဒီ ကပ်ဘေးရောဂါနဲ့ နိုင်ငံရေးကြောင့်၊ အခုဆို ၂လကျော် ၃လ ရှိသွားပြီ။ ကျနော်တို့ကို လစဉ် ထုတ်ပေးတဲ့ ထောက်ပံ့ကြေး မထုတ်ပေးနိုင်တာတောင်မှ ဆရာ။ ကျနော်တို့ဟာကျနော်တို့ အပြင်မှာ နေ့စားသွားတာတို့ ရှာစားတာတို့လည်း မဖြစ်နိုင်ဘူးဆိုတော့ ကျနော်တို့အတွက် တော်တော်လေး ခက်ခဲနေပါတယ်။”

ပလနရွာက စိန့်ဂျိုးဇက်စစ်ရှောင်စခန်းမှာ လူ ၂,၀၀၀ လောက် နေထိုင်နေတာဖြစ်ပါတယ်။
ပလနရွာက Trinity IDP စခန်းနဲ့ ရွှေစက် IDP စခန်းက တာဝန်ခံတွေကလည်း WFP အထောက်အပံ့မရတာ ၂ လ ကျော်ပြီဖြစ်ကြောင်း ပြောပါတယ်။

စစ်ရှောင်တွေကို ကူညီနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဒေါက်တာ Khalam Samson ကလက်ရှိအခြေအနေအပေါ်မှာ သူ့အမြင်ကို အခုလို ပြောပါတယ်။

“WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလည်း ထောက်တော့ ထောက်ပံ့နေတာပေါ့။ ဒီကြားထဲမှာ ပို ခက်ခဲသွားတယ်ဆိုတာက ပိုက်ဆံထုတ်တဲ့ အခက်အခဲလည်း တော်တော်များတယ်။ ကျနော်တို့ ပိုက်ဆံထုတ်မရဘူး။ အဲဒီကိစ္စတွေလည်း ပါတယ်။ ကျနော်တို့ KBC – HDD ဆိုရင် ဌာနတာဝန်ခံတောင်မှ တော်တော် ခေါင်းစားနေတယ်။ ဝန်ထမ်းတွေ လစာပေးဖို့ အခက်အခဲတွေရယ်၊ နောက်ပြီးမှ အဲလို Campတွေကို ခုနက ပြောတဲ့ ပံ့ပိုးမယ့် ပိုက်ဆံတွေရယ်။ အခုက ထုတ်ဖို့ တော်တော်ကို ခက်တယ် ဆရာရေ ။ အဲဒါက ဘယ်လိုမှ ဖြေရှင်းမပေးနိုင်ဘူး အဲဒါတော့။”

လောလောဆည် ငွေထုတ်ယူဖို့ အခက်အခဲနဲ့ COVID ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတဲ့အတွက် အလှုရှင်တွေလည်း အရင်လို မများတော့ကြောင်း ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာ ပြည်တွင်းဒုက္ခသည် IDP စခန်းပေါင်း ၂၆ ခုလောက်ရှိပြီး လူဦးရေ ၁၁,၆၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကတော့ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ နှာခေါင်းစည်း Mask တွေ လှူဒါန်းတာရှိခဲ့ပါတယ်။

ထိခိုက်လွယ်သူ မိသားစုတွေကို လစဉ် ကူညီထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေကို သြဂုတ်လ နောက်ဆုံးပတ်ကစလို့ ပြန် ဖြန့်ဝေပေးနေတယ်လို့ WFP က သြဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ WFP ၏ အကျိုးခံစားခွင့်ရရှိသူများသူများအနေနဲ့ အကူအညီများ၊ မေးခွန်းများနှင့် အကြုံပြုချက်များအတွက် WFP အထောက်အပံ့လုပ်ငန်းများ လုပ်ဆောင်ရာဒေသက ရုံးခွဲအသီးအသီးကို ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ ပြောထားပေမဲ့ ရခိုင်အပြင် တခြားပြည်နယ်တွေကို ဘယ်တော့ အကူအညီတွေပြန်ပေးမယ်ဆိုတာကိုတော့ အဲဒီသတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

.................................................................................

တိုက်ရိုက် လင့်ခ်


မွဈကွီးနားက IDP ဒုက်ခသညျတှေ စားဝတျနရေေး အခကျတှေ့နေ

(Unicode)
















XS
SM
MD
LG