သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဝိုင်းမော်အနီး စစ်ဘေးဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှုတိုးလာ


ကချင်စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - Official Publication)
ကချင်စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - Official Publication)

(Zawgyi/Unicode)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုးလာနေသလို စခန်းတစ်ခုလုံး အသွားအလာကန့်သတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးထောက် ပံ့မှုတွေလည်း လိုအပ် နေတယ်လို့စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်း ကိုငြိမ်းချမ်းပြောပြပါမယ်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်းက လူဦးရေ သုံးထောင်နီးပါးနေထိုင်တဲ့ မိုင်းနား ကေဘီစီ စစ်ရှောင်စခန်းမှာ ဒီကနေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၄၀ကျော် ရှိတယ်လို့ စခန်းတာဝန်ခံ ကိုဘရန်ဆိုင်းက ပြောပါတယ်။

“ ဒီနေ့နှစ်ယောက်ထပ်တွေ့တယ်ဆိုတော့ အားလုံးပေါင်း ၄၁ ယာက်ရှိသွားပြီ ဟုတ်။ အဲဒီ ၄၁ ယောက်ထဲမှာ ၂၀ကျော်လောက်ကတော့ ဆေးရုံကနေ ပြန်ဆင်းလာပြီ။ ကျန်တဲ့သူတွေကတော့ ဆေးကုသမှု ခံယူနေကြတယ်။ ဖုန်းဆက်ပြီး မေးကြည့်တော့လည်း ကျန်းမာရေး ကောင်းတယ်လို့ ပြောတယ်။ ဒီနေ့အထိကတော့ အောက်ဆီဂျင် ပေးရလောက်အောင် ဆိုးဆိုး ရွားရွား အခြေအနေမရှိသေးပါဘူးခင်ဗျ။”

ကိုဗစ်ကူးစက်ခံရသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပြီး အမျာစုကတော့ အသက် ၆၀ကျော် သက်ကြီးပိုင်း တွေ ဖြစ်တယ်လို့လည်း ကိုဘရန်း ဆိုင်းကပြောပါတယ်။

“ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းများတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေလည်း သုံးလေးယောက်လောက်ပါတယ်။ အများစုကတော့ အသက်ကြီးပိုင်းတွေ များတယ်။ လူ လတ်ပိုင်းလည်း နည်းနည်းတော့ ရှိတယ်။ အများစုကတော့ သက်ကြီးပိုင်း အသက် ၅၀၊ ၆၀ အထက် လူကြီးပိုင်းတွေ များတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ အလယ်ပိုင်းလောက်ကတော့ ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာတာကြောင့် မိုင်းနား ကေဘီစီ စစ်ရှောင်စခန်းကိုလည်း အသွားအလာ ကန့်သတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတာပါ။

စခန်းတွင်းက သက်ကြီးရွယ်အိုတွေအကြား အဟာရချို့တည့်တာတွေ ရှိသလို ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း စခန်းတာဝန်ခံ ကိုဘရန်ဆိုင်း ကပြောပါတယ်။

“ အခက်အခဲကတော့ လော့ဒေါင်းကာလဆိုတော့ စားဝတ်နေရေး ခက်ခဲတာပေါ့။ ပြီးတော့ အရမ်းလိုအပ်နေတာကတော့ အသက်ကြီး ဘိုးဘွားတွေရဲ့ အဟာရပေါ့နော်။ ဘာဖြစ်လို့ လည်းဆိုတော့ အခု ကိုဗစ်ကူးခံရတဲ့ လူတွေကို ကြည့်လိုက်တဲ့အခါ သူတို့ အဟာရချို့ယွင်းလို့၊ အားမရှိလို့ ဖြစ်တယ်ဆိုပြီးတော့ အဲလိုတွေးကြတယ်လေ။ အဲတာကြောင့် အဟာရတွေ လိုအပ်တယ်။ အခုက ကျနော်တို့ ပြည်သူတွေလည်း အားလုံး ခက်ခဲတဲ့ အချိန်ကာလဆိုတော့။ ဒါပေမယ့် ကျနော်တို့ စစ်ရှောင်တွေက တစ်ပူပေါ် တစ်ပူဆင့်တော့ ပိုပြီးတော့ ခက်ခဲတာပေါ့။”

လက်ရှိအချိန်မှာ ကိုဗစ်တတိယလှိုင်းကို တစ်နိုင်ငံလုံး ရင်ဆိုင်နေရတာဖြစ်သလို လူဦးရေ ထူထပ်နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ကိုဗစ်ကူးစက်တွေ ရှိနေတာပါ။ ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတစ်ချို့မှာ ကိုဗစ်ကူးစက်မှုတွေ ရှိနေသလို ကိုဗစ်ကာလ စားနပ်ရိက္ခာပြတ်လပ်တာတွေရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ကအထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ သုံးသိန်း သုံးသောင်းကျော် အထိရှိနေပြီး သေဆုံးသူ တစ်သောင်းနှစ်ထောင်ကျော်အထိ ရှိကြောင်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အပြင်မှာ အမှန်တကယ် ရောဂါပိုးကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေထက် အများကြီး ပိုများနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပရဟိတ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ ကိုဗစ် ကူးစက်မှုတွေ တားစီးနိုင်ရေးအတွက် ဌာနာဆိုင်ရာ ဝန်ထမ်းတွေနဲ့ အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးတဲ့အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................................................


(Unicode)












XS
SM
MD
LG