သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲငြိမ်သက်


KIA တပ်ဖွဲ့ဝင်တချို့။ (အောက်တိုဘာ ၃၁၊ ၂၀၁၃)
KIA တပ်ဖွဲ့ဝင်တချို့။ (အောက်တိုဘာ ၃၁၊ ၂၀၁၃)

[Zawgyi/Unicode]

ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်ထဲက ကျေးရွာတချို့မှာဆို ရွာသားတွေက သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပြန်လည် ရိတ်သိမ်းနေကြပါတယ်။ စစ်ရေးတင်းမာမှုကတော့ နှစ်ဘက်တပ်တွေအကြားမှာ ဆက်ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စစ်တပ်နဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ ဒီတစ်ရက်၊နှစ်ရက်အတွင်းမှာတော့ အဲဒီမြို့နယ် ၂ ခုလုံးမှာ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အခုထက်ထိကတော့ တိုက်ပွဲသတင်းတွေ မတက်ဘူးခင်ဗျ။ မံစီဘက်က အခြေအနေလည်း ငြိမ်နေပါတယ်။ ငြိမ်တယ်ဆိုတာကတော့ မဒန်ယန်မှာကတော့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်ဆိုတဲ့ သတင်းလောက်တော့ တက်ပါတယ်။ ဒါပေမဲ့ တုံ့ပြန်တဲ့ တိုက်ပွဲတွေ၊ မြေပြင်တိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲတွေ ရှိတဲ့ သတင်းတွေကတော့ မတက်ဘူးခင်ဗျ။ ၂ ရက်လောက် ရှိလောက်ပြီထင်တယ်။ ကျနော် မှတ်မိတာကတော့ ၂ ရက်လောက် ရှိပြီ။”

မိုးမောက်မြို့နယ်က ဗန်းမော်- မြစ်ကြီးနားလမ်းကို စိုးမိုးထားတဲ့ အလော့ဘွမ်စခန်းဘက်မှာလည်း တိုက်ခိုက်တာတွေ ငြိမ်သက်နေတာ ၄ ရက် လောက်ရှိကြောင်း ပြောပါတယ်။ မိုးမောက်မြို့နယ်က KIA ထိန်းချုပ်ထားတဲ့ အလော့ဘွမ်စခန်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းတဲ့သတင်းတွေ ထွက်ပေါ်ခဲ့သလို မန်စီမြို့နယ်က စစ်တပ်စခန်းတချို့ကို KIA က တန်ပြန်ထိုး စစ်ဆင်ခဲ့တဲ့နောက် စစ်တပ်ဘက်က လေကြောင်းကပါ တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အခုတော့ တိုက်ပွဲတွေ ရပ်နေတဲ့အတွက် မိုးမောက်မြို့နယ်အတွင်းက ကျေးရွာတချို့မှာတော့ ဒေသခံတချို့ဟာ မိမိကျေးရွာကို ခေတ္တပြန်လာပြီး သီးနှံ ရိတ်သိမ်းတာတွေ ရှိနေပါတယ်။

“ဒီ ၃၊ ၄ ရက် အခြေအနေကတော့ ငြိမ်တယ်။ အခု ရွာမှာ။ အခု ဒီမနက်ပိုင်းကတော့ မြေပဲ လာနှုတ်ကြတာလေ။ ကျနော်တို့ ဒီ ပတ်ဝန်းကျင်ပေါ့။ ဟို ရှမ်းရွာတွေ ဘာတွေလည်း အားလုံးနုတ်နေတယ်။ တချို့ဟာတော့ ပစ်လိုက်ပြီ။ တချို့ဟာတော့ ဟိုဘက်ကမ်းဆိုတော့ သွား မနုတ်ရဲကြဘူးလေ။”

မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာစတဲ့ နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အနီးအနားကျေးရွာသားတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး သူတို့တွေဟာ မြေပဲ၊ ပြောင်း၊ ဖရဲ၊ သခွား စတဲ့ သီးနှံတွေကို စိုက်ပျိုးထားတဲ့ ဧက ထောင်ချီပြီး စိုက်ပျိုးထားကြတာလည်း ဖြစ်ပါတယ်။တချို့ရွာတွေကိုတော့ စစ်တပ်က မနက် ၆ နာရီကနေ ညနေ ၃ နာရီအထိ မြေပဲ နုတ်ယူခွင့်ပြုထားတာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေဟာ တိမ်းရှောင်ရာကနေ နေရပ်ရင်း ပြန်လာနေကြတာလည်း ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်တွင်းဒုက္ခသည်တွေကို ကူညီနေသူ တယောက်ကတော့ တိုက်ပွဲတွေ ငြိမ်သက်နေပဲမှာ နှစ်ဘက် စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲရှိတယ်လို့ ပြောပါတယ်။

“ဒီတစ်ရက်ကတော့ လက်နက်ကြီးသံတွေ သိပ်မကြားတော့ဘူး။ နည်းနည်းတော့ ငြိမ်နေတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာမှု ရှိနေသလိုပဲ။ စစ်ကားတွေကတော့ အသွားအလာတွေတော့ ရှိနေတာပဲ။ ဒီလိုပဲ လုံခြုံရေးအခြေအနေကတော့ တင်းကြပ်နေတာပဲ။ ဒါပေမဲ့ လက်နက်ကြီးပစ်တဲ့အသံတွေတော့ ဒီနေ့တော့ တစ်ချက်၊ နှစ်ချက်ပဲ ကြားတာပေါ့နော်။ အဲဒီလိုလေးတော့ ရှိတယ်။”

ဒီရက်ပိုင်းမှာ မိုးမောက်ရော မံစီမြို့နယ်မှာပါ လေကြောင်းက လာရောက် တိုက်ခိုက်တာတွေ မကြားရကြောင်း ပြောပါတယ်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ အခြေအနေကို စောင့်ကြည့်နေကြကြောင်း ပြောပါတယ်။

“ကျနော်တို့ မဒန်ယန်တို့ ဟို မံဒါတို့ဘက်မှာ တိုက်ပွဲရှိတယ်။ အဲဒီဘက်မှာလည်း စစ်ကူသွားကြတယ် သူတို့က။ ဒါ တစ်ချက်။ ဒုတိယတစ်ချက်ကတော့ မြစ်ကြီးနား - ဗန်းမော်လမ်းမကြီးပေါ်မှာလည်း ပြည်သူလူထုတွေ မှတ်ပုံတင်တွေ စစ်ဆေးကြတာ။ အဲဒီမှာလည်း စစ်သားတွေပဲ စစ်တာ။ ရဲတွေ စစ်တာ မဟုတ်ဘူး။ အဲဒီနေရာမှာလည်း သူတို့က ဒီ စစ်အင်အားတွေ ဝင်သွားတာ တွေ့ရပါတယ်။ နောက် တစ်ခု ရှိတာကတော့ ပြန်တိုက်ဖို့ ကိစ္စကို သူတို့က ဗျူဟာများ စဉ်းစားနေတာလားပေါ့နော်။ ဗျူဟာပြောင်းပြီးမှများ ပြန်စစ်ဆင်ရေး လုပ်မလားဆိုတဲ့ဟာတွေ သုံးသပ်ကြည့်တာပေါ့။”

ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ၂ နှစ်ကျော်ကြာ ငြိမ်သက်နေရာက ဒီနှစ် မတ်လ ၁၁ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာတာဟာ အခုဆို ၂ လကျော်ကြာလာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ KIA ကချင်၊ KNU ကရင်၊ ရှမ်းမြောက်မှာ TNLA တအန်း (ပလောင်) နဲ့ MNDAA ကိုးကန့် စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေသလို၊

ချင်းပြည်နယ် ဟားခါး၊ မင်းတပ်၊ စစ်ကိုင်းတိုင်း ကနီ၊ တန့်ဆည်၊ မန္တလေးတိုင်းက မြင်းခြံမြို့နယ် တလုပ်စတဲ့နေရာတွေက ဒေသကာကွယ်ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ ဒေသတော်တော်များများမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းလာကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ကခငြျ မိုးမောကျနဲ့မံစီမှာ တိုကျပှဲငွိမျသကျ













XS
SM
MD
LG