သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် ဝိုင်းမော်အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွား


ရှေ့တန်းမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)
ရှေ့တန်းမှာတွေ့ရတဲ့ KIA တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အင်္ဂါနေ့ညပိုင်းကနေ ဗုဒ္ဓဟူးနေ့မနက်အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ရဟတ်ယာဉ်ပျံဝဲတာတွေ ရှိခဲ့သလို KIA ဌာနချုပ် လိုင်ဇာအနီးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဝိုင်းမော်အခြေစိုက် စစ်တပ်စခန်းကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် KIA ဘက်ကတော့ သူတို့အနေနဲ့ ဒီရက်ထဲ သွားရောက်တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ်က သတင်းကိုတော့ ကိုငြိမ်းချမ်း က ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့ ညက ဝိုင်းမော်အခြေစိုက် ခလရ ၅၈ကို KIA က ဝင်ရောက်ပစ်ခတ်ပြီး တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တဲ့နောက်မှာ ဒီလ ၂ရက်နေ့နဲ့ ၃ရက်နေ့မှာ ခလရ ၅၈ဘက်က ဆက်တိုက်ပစ်ခတ်တာတွေ ရှိခဲ့တာပါ။

ဒီလ ၃ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့အခြေအနေကို ဝိုင်းမော်ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ ၉နာရီခွဲကနေ မနက်ပိုင်း ၂နာရီခွဲလောက်အထိ ပစ်ကြတာလေ။ ဘုန်း၊ ဘုန်း၊ ဘုန်း ဆို အကြီးပစ်လိုက်၊ အသေးတွေ ပတောက်၊ ပတောက်ဆို အသေးတွေ ပစ်လိုက်နဲ့၊ သူတို့ပဲ သူတို့ ပစ်နေသလိုပဲ။ ဟတ်စကီးလည်း ဝဲတယ်။ တစ်နာရီလောက်မှာ ဆိုရင်တော့။ သူတို့ ပစ်တာကတော့ နာရီဝက်ခြား တစ်ခါပစ်။ တစ်နာရီလောက် ခြား တစ်ခါပစ်၊ အဲလိုပဲ ပစ်နေတာ။ တိုက်ပွဲဖြစ်သလိုလို ဘာလိုလို ပုံစံမျိုးနဲ့လေ နော။”

ဒီပစ်ခတ်မှုကြောင့် လဘန်ရွာအတွင်းက နေအိမ်တစ်လုံးလက်နက်ကြီးထိမှန်သလို အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ရက်နေ့ညကလည်း အလားတူ ပစ်ခတ်တာတွေ ရှိခဲ့ပြီး လဘန်ရွာအတွင်း လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ခဲ့ပါတယ်။

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကတော့ ခလရ ၅၈ကို သူတို့တပ်က သွားရောက်တိုက်ခိုက်တာ မရှိကြောင်း ပြောပါတယ်။

“ မနေ့က ဝိုင်းမော် ၅၈တပ်ရင်း ဝန်းကျင်လောက်မှာပေါ့နော်။ ၇နာရီကျော်အချိန်တည်းကနေ ညသန်းခေါင်ကျော်အချိန်ထိ သေနတ်သံတွေ၊ လက်နက်ငယ်၊ လက်နက်ကြီးသံတွေ တော်တော်ကြားပါတယ်။ သူတို့ ပြောတာက KIA ဝင်တိုက်တယ်လို့ ပြောတာ။ ဒါပေမဲ့ ကျနော်တို့ KIA ကတော့ အဲဒီဘက်မှာ ဝင်တိုက်တာမရှိပါဘူး။ လှုပ်ရှားမှုလည်း မရှိပါဘူး။ နောက် ကျနော်တို့ ဝင်တိုက်ဖို့၊ ဝင်ပစ်ဖို့ ဒီကနေ ညွှန်ကြားတာလည်း မရှိပါဘူး။”

ဝိုင်းမော်ဘက်မှာ ပစ်ခတ်သံတွေကြားနေရချိန်မှာပဲ လိုင်ဇာဘက်ကိုလည်း လက်နက်ကြီးနဲ့ အနည်းဆုံး ၆ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ မနေ့က ဝိုင်းမော်မှာ ပစ်တဲ့နောက်ပိုင်း တစ်နာရီလောက် ကြာတဲ့အချိန်မှာပေါ့နော်၊ လိုင်ဇာဘက်မှာ ပစ်ပါတယ်။ ပစ်တဲ့ဟာကတော့ KIA တပ်စခန်းဘက်ကို ဦးတည်ပြီးမှ ပစ်မှတ်ထားပြီးမှ ပစ်တာမျိုး ကျနော်တို့ မတွေ့ရဘူး။ ဒီလူနေရပ်ကွက်နားမှာပေါ့။ အဲဒီဘက်မှာ ကျသွားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကျနော်တို့ မိုင်းဆတ်ပါ Quarantine Center တွေပေါ့နော်။ ကျနော်တို့ Covid ရောဂါတွေကို သံသယလူနာတွေကို ကျနော်တို့ ပြုစုထားတဲ့ နေရာတွေမှာ လက်နက်ကြီးတွေ ပေါက်ကွဲတာတွေ ရှိပါတယ်။ မိုင်းဆတ်ပါမှာကတော့ အားလုံးက ၆လုံးလောက် ကျတယ်။ ဒါပေမဲ့ ၃လုံးလောက်ကတော့ ခုနက ပြောတဲ့ ဒီ မိုင်းဆတ်ပါ Quarantine Center ပေါ့နော်။ အဲ အဲဒီ ဝန်းကျင်မှာ ကျတာ။”

ပြီးခဲ့တဲ့လ ၂၉ရက်နေ့ကတော့ ဝိုင်းမော်တပ်ရင်း ၅၈ကို KIA တိုက်ခိုက်တာရှိကြောင်း ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောခဲ့ပါတယ်။

ဒီရက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ မူဆယ်မြို့နယ် မုံးကိုး ဒေသဘက် ဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားတာရှိသလို စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်နဲ့လည်း တိုက်ပွဲဖြစ်ပွားတာရှိကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ KIA အကြား ၂နှစ်နီးပါးလောက် တိုက်ပွဲတွေ ရပ်တန့်နေခဲ့ရာက ဒီနှစ် မတ်လက စတင်ပြီး ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်ဂျန်းယန်၊ ဒေါ့ဖုန်းယန်၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ မိုးကောင်း စတဲ့မြို့နယ်တွေဘက်အထိတိုက်ပွဲတွေ ပြန့်နှံလာသလို စစ်ကိုင်းတိုင်း ကသာ၊ ကောလင်း၊ ခန္တီးစတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

..........................................................................................


(Unicode)















Kachin fighting
please wait

No media source currently available

0:00 0:03:57 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG