သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုကို ရှေ့လအတွင်း အပြီးသတ်အမိန့်ချမည်


KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် (Credit -KBC Kachin )
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် (Credit -KBC Kachin )

၂၀၂၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) ပုဒ်မစတဲ့အမှုတွေကို ဧပြီလ ပထမပတ်ထဲမှာ အပြီးသတ်အမိန့်ချဖို့ ရှိနေပါတယ်။ ဒီသတင်း ရန်ကုန်ကပေးပို့လာတာကို အခြေခံပြီး ကိုငြိမ်းချမ်းက ပြောပြမှာပါ။

ဒီနေ့ မြစ်ကြီးနားတရားရုံးမှာ အမှု ၃ မှုလုံး စစ်ဆေးမှုတွေလုပ်ခဲ့တာမှာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁၊ တပ်မတော်ကိုအကြည်ညို ပျက်အောင် သွေးထိုးလှုံ့ဆော်မှု ၅၀၅(က) ပုဒ်မနှစ်ခု စတဲ့ အမှုတွေကို လာမယ့် ဧပြီလ ပထမပတ်ထဲမှာ အပြီးသတ် အမိန့်ချဖို့ ရှိတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ရှေ့နေက ပြောပြပါတယ်။ ဒီကနေ့မှာတော့ ဒေါက်တာခလမ်ဆမ်ဆွန် ဘက်ကနေ သက်သေလိုက်ပေးသူတွေကို စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

‘ဒီနေ့က တရားခံပြစစ်တာပါ။ အမှုကပြီးသွားတော့မှာ။ နောက် တခြားကတော့ လျှောက်လဲချက်အဆင့်ပေါ့။ အဲဒါပြီးရင် အမိန့်ချမှာရှင့်။ ဟုတ်တယ်၊ ဧပြီ ပထမအပတ်လောက် ပြီးမယ်ထင်တယ်။”

သူ့အပေါ် နောက်ထပ် စွဲဆိုထားတဲ့ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က) နဲ့စွဲဆိုထားတဲ့ အမှုကိုလည်း ဒီနေ့မှာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သတ်လို့ ရှေ့နေက အခုလို ပြောပြပါတယ်။

“ဒီနေ့ကတော့ ၅၂(က) နဲ့ စွဲထားတဲ့အမှုအတွက်က တရားခံစစ် စစ်တယ်။ ပြီးရင် ခံပြ ၂ယောက် စစ်တယ်။ အင်း….တခြားမရှိရင်တော့ အဲဒါပြီးရင် လျှောက်လဲချက်ပေါ့။”

အမှု ၃ခုလုံးအတွက် နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် မတ်လ ၂၈ရက်ကို ချိန်းဆိုထားတယ်လို့ ရှေ့နေကပြောပါတယ်။

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ အဲဒီလိုဖမ်းဆီးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၁၁ရက် မှာတော့ ဗိုလ်မှုး သူအောင်ဇော်ဆိုသူက တရားလိုလုပ်ပြီး ပုဒ်မ ၃ ခုတပ် တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းတာကြောင့် ဆေးစစ်ဖို့ ကြိုးစားနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်လို့ မိသားစုဘက်က စိတ်ပူနေပါတယ်။ လက်ရှိအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ကချင်လူထုအကြား သြဇာညောင်းတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားထောင်မှာ လောလောဆယ် ဖမ်းဆီးထားပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ KIA ဌာနချုပ်ရှိရာ လိုင်ဇာကို သွားရောက်ပြီး KIA ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာကြောင့် ဖမ်းဆီး အရေးယူခံရတာလို့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG