သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကူမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်


ရွှေကူမြို့နယ် ၊ စီသာကျေးရွာ နေအိမ်များမီးရှို့ခံရ (ဧပြီ ၊၂၀၂၃)
ရွှေကူမြို့နယ် ၊ စီသာကျေးရွာ နေအိမ်များမီးရှို့ခံရ (ဧပြီ ၊၂၀၂၃)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာ ၂ ရွာကို ကြာသပတေးနေ့က လေကြောင်းက ထပ်မံတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ မီးလောင်ခဲ့သလို ရွာသားတစ်ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကြာသပတေးနေ့ညပိုင်းမှာတော့ ပူတာအိုမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KIA၊ PDF တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းက စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA၊ PDF အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီလ ၆ရက်နေ့က လေကြောင်းက ၃နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာ ၂ရွာမှာတော့ အထိအခိုက် အပျက်အဆီးတွေ ရှိခဲ့တာပါ။ လတ်တလော ထိခိုက်ပျက်ဆီးတဲ့အခြေအနေကို ရွှေကူဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့ကလည်း ညနေ ၃နာရီလောက်ကို တိုက်လေယာဉ် ၂စင်းနဲ့ လာကြဲပါတယ်။ မြစ်ရဲ့ဟိုဘက် ကျောက်တလုံးပေါ့။ ရွာဆိုပြီးတော့ချတာ၊ ရွာတော့ မကျဘဲနဲ့ ရွာရဲ့နောက်က ဝါးရုံတောထဲ ကျသွားတာပေါ့။ ဘာမှတော့ အထိအခိုက်မရှိဘူး။ အဲဒီကနေ ဆက်လာတဲ့ပြီးတော့ စီသောင်ရွာပေါ့။ ရွှေကူဟိုဘက် အစွန်ဆုံးရွာပေါ့။ ရှမ်းနဲ့ နယ်စပ်နားက။ စီသောင်ရွာကို ချတယ်။ နောက်တစ်ခါ တုံးကောက်၊ တုံးကောက်ကို ချတယ်။ တုံးကောက်ကို ချတဲ့အခါ တစ်ရွာလုံး ပြာကျသွားတယ်။ အရပ်သား တစ်ယောက်နဲ့ ကလေးတစ်ယောက် ကိုထိတယ်။ အရပ်သား သေသွားတယ်။ နွားသေသွားတယ်ပေါ့။ ကလေးကတော့ နည်းနည်းပဲ ထိသွားတယ်ပေါ့။ အဲဒီစီသောင်ကတော့ ရွာလည်ကောင် ဘုန်းကြီးကျောင်းကြီးပေါ့။ ပြီးခဲ့တဲ့နှစ်ကပဲ ရေစက်ချထားတာ ကျောင်းအကြီးကြီး အဲဒါကြီး တည့်တည်ကျသွားတယ်။ သူ့ရဲ့ဘေးနား စာသင်ကျောင်း ထိတယ်ပေါ့။”

ဒီလ ၅ရက်နေ့ကလည်း စီသောင်ရွာအနီးက စီသာရွာကိုလေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် တိုက်နယ်ဆေးရုံ ပျက်ဆီးခဲ့ပါတယ်။ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေဟာ မတ်လ တတိယပတ်လောက်က စတင်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာ ၁၀ရာလောက်က ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ဒီလ ၆ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းမှာတော့ ကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပူတာအိုဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“မနေ့ည ၈နာရီခွဲလောက်မှာ လုံရှာယန်ကနဲ့ ၃မိုင်၊ ဟို တန်ဂျာရွာကနဲ့ ၂မိုင်ကြားမှာ တိုက်ပွဲဖြစ်တာ။ ၁၅မိနစ်လောက် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတွေက အဲဒီ လုံရှာယန်ကနဲ့ ထွက်သွားတဲ့အချိန် လမ်းမှာ စောင့်ပြီးမှ ဟို PDF တွေနဲ့ KIA တွေက စောင့်ပစ်တာပေါ့။ သွေးထွက်သံယိုမှုက ရှိမှာထင်တယ်။”

နှစ်ဘက် ထိခိုက်ကျဆုံးတာကို အတိအကျ မသိရကြောင်း ပြောပါတယ်။

ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ဒေသဘက်မှာ နှစ်ဘက် တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး မတ်လကုန်ပိုင်းကလည်း လုံရှာယန်ကနေ ၉မိုင်အကွာ ခေါ်ခဆိုတဲ့နေရာမှာ ၃ကြိမ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ KIA ဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။

{Unicode}









XS
SM
MD
LG