သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်


ရွှေကူမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက် ဧပြီ ၆၊ ၂၀၂၃
ရွှေကူမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက် ဧပြီ ၆၊ ၂၀၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA−PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကျေးရွာတွေ မီးရှို့ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ အရင်ရက်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာတော့ ဒီကနေ့ တိုက်ပွဲဖြစ်တာ မကြားသိရပါဘူး။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရွှေကူမြို့နယ်အတွင်းမှာ မတ်လ ၂၃ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲဖြစ်ခဲ့ရာက ဒီရက်ပိုင်းအထိလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲရှိပါတယ်။ ဒီလ ၅ရက်၊ မနေ့ နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ညပိုင်းအထိ လေယာဉ်နဲ့ ၄ကြိမ် တိုက်ခိုက်ခဲ့သလို ကျေးရွာအချို့လည်း မီးရှို့ခံခဲ့ရကြောင်း ရွှေကူဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“မနေ့က အခြေအနေကတော့ သူတို့ ၁၂နာရီလောက်ကနေ စစ်ကြောင်းထိုးတာပေါ့။ အဲဒီမှာ သူတို့ ကွင်းပြင်မှာ တောက်လျောက် တွန်းထိုးတော့ ဟိုက သူတို့ ပစ်ကွင်းထဲရောက်တော့ အကုန်ပစ်တာပေါ့။ ပစ်တော့ သူတို့ အထိအခိုက် အကျအဆုံး များတာပေါ့ဗျာ။ များတဲ့အခါကျတော့ သူတို့ လေယာဉ်အကူတောင်းတော့ လေယာဉ်က ညနေပိုင်းအထိကို ၃ကြိမ် လာရောက် ပစ်ခတ်တယ်။ ည ၈နာရီလောက်မှာ တစ်ကြိမ် ထပ်ပစ်တယ်ဗျ။ လေယာဉ်နဲ့ပဲဗျ။ ရွှေကူမြို့နဲ့ ၉မိုင်အကွာပေါ့။”

ထိခိုက်ပျက်ဆီးမှုအခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“ဟို တစ်ခေါက်တုံးက ရွာတွေ မီးရှို့တာလေ။ လေယာဉ်တစ်ခေါက်လာပစ်တဲ့ အဲဒီရွာတွေပဲခင်ဗျ။ စည်သာရွာ၊ မံနား၊ မံဝိန်း။ မီးရှို့တာတွေကတော့ စီမူလေး၊ စီမူကြီး၊ နန့်လန်၊ နောင်လက်ကြီး ပေါ့နော်။ ဖြစ်တဲ့နေရာတွေ တလျောက်ပဲဗျ။ အဲဒါ စည်သာရွာ ဆိုလို့ရှိရင် လက်နက်ကြီးကျတာတို့၊ ဗုံးကျတာတို့ပေါ့။ တိုက်နယ်ဆေးရုံ ပြားသွားတယ်။ နောက်တစ်ခါ ဘေးက အိမ်ဝင်းတွေပေါ့နော်။ ဗုံးကျပြီး မီးလောင်တယ်။ အဲဒီမှာလည်း မနေ့က တော်တော်လေး လောင်တယ်။”

မတ်လ ၂၅ရက်နေ့က စီသောင်၊ စီမူလေးနဲ့ မံဝိန်း ကျေးရွာနဲ့ မတ်လ ၃၀ရက်နေ့ကလည်း မံဝိန်းနဲ့ စီမူလေး ကျေးရွာတွေမှာ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။

မတ်လ ၂၅ရက်နေ့ တိုက်ပွဲတွေ ပြင်းထန်လာကတည်းက ကျေးရွာ ၁၀ ရွာလောက်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရကြောင်း ရွှေကူဒေသခံက ဆက်ပြောပါတယ်။

“ဒေသခံတွေကတော့ လွန်ခဲ့တဲ့ ၂၅ရက်နေ့ စတင်ဖြစ်ပွားတဲ့အချိန်က စပြီး ရွာမှာ မရှိဘူးပေါ့ဗျာ။ အကုန်လုံးပစ်ထားပြီးတော့ ပြေးရတာပေါ့။ ရှမ်းပြည်ပြေးတာတွေရော၊ တောထဲ ပြေးတာတွေရော အကုန်လုံး သောင်းကျော်မယ်ဗျ။ အဲဒီနား ပြေးတဲ့ရွာတွေက ကျေးရွာပေါင်း ဘယ်လောက်ရှိမလဲဆို ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ခေါလဲ၊ တာလီ၊ စင်းဖုတ်၊ စီသောင်၊ စီသာ၊ မံနား၊ မံဝိန်း၊ စီမူကြီး၊ စီမူလေး၊ နန့်လန်၊ နောင်လက်ကြီး အဲဒီရွာတွေ အကုန်ပြေးရတာဗျ။ အဲဒီမှာ ရှိသေးတယ် ရွာ ခပ်သေးသေးပေါ့နော်။ တုံးကောက်တို့၊ ငှက်တံတားတို့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာက အားလုံးဟာ လူတစ်ယောက်မှ မရှိတော့ဘူး၊ အကုန်ပစ်ပြီး ပြေးရတာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လေကြောင်းက ၃ကြိမ်ထက် မနည်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ထီးချိုင့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ မရှိကြောင်း ထီးချိုင့်ဒေသံခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ မြို့နယ်ထဲမှာ တိုက်ပွဲတော့ မရှိဘူး။ ဒါပေမဲ့ စစ်ကြောင်းတော့ ထိုးနေတယ်။ နီတာ၊ နီတာကနေ ကျွဲသည်းကုန်း၊ ကျွဲသည်းကုန်းကနေ အခု အောင်သာယာဘက် ရောက်နေတာ။ ဗန်းမော်-မန္တလေး ကားလမ်းဘေးပ။ မြတောင်လမ်းခွဲရဲ့ အထက်နားတင်။ တိုက်ပွဲတော့ မရှိသေးဘူး။”

နီတာဟာ ထီးချိုင့်မြို့အရှေ့ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာ တည်ရှိတာပါ။ အခြား စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းကတော့ ထီးချိုင့်မြို့နယ်အထက် ကသာမြို့နယ်က လှေဘိုရွာအနီးမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလ ၅ရက်နေ့ကတော့ ကသာမြို့နယ် အင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ထီးချိုင့်နဲ့ ကသာမြို့နယ်က နယ်မြေချင်းဆက်စပ်နေသလို ကသာမြို့နယ်ဟာလည်း လက်ရှိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေတာဖြစ်ပါတယ်။ ဒီဒေသအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို KIA ဘက်ကလည်း ထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG