သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်နဲ့ ငွေကြေးစည်းကြပ်မှုတချို့ လျှော့ပေါ့ဖို့ စစ်ကောင်စီပြင်ဆင် 


ရန်ကုန်ကမ်းနားကုန်တင်စခန်း
ရန်ကုန်ကမ်းနားကုန်တင်စခန်း

ပို့ကုန်လုပ်ငန်းရှင်တွေကို အခွန်နဲ့ငွေကြေးပိုင်း သက်သာခံစားနိုင်ခွင့်တွေပေးဖို့ စစ်ကောင်စီက စီစဉ်နေပြီး ပြင်ဆင်မှုတွေလည်း လုပ်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေသူတွေ အတွက်လည်း ပြည်တွင်းကို ငွေပြန်ပို့ ရာမှာ သက်သာခံစားခွင့်တွေ ပေးနိုင်ဖို့ပါ ပြင်ဆင်နေတယ်လို့ပြောပါတယ်။ ဒီသတင်းရန်ကုန်က စုစည်းတင်ပြလာတာကို မဆုမွန်ကပြောပြပေးမှာပါ။

စီးပွားရေးလုပ်ငန်း တွေနဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင် နေသူတွေအပေါ် အခွန်ကောက်ခံမှု တွေ တင်းကျပ်တာနဲ့ ငွေကြေးချုပ်ကိုင်မှုတွေ တင်းကျပ်တယ်လို့ ဝေဖန်တွေမှုရှိနေချိန်မှာဘဲ စစ်ကောင်စီဘက်က ဖြေလျှော့မှုတွေလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"ကျနော်တို့ ၂ မျိုးစီစဉ်ထားတာရှိတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် စီးပွားရေးကော်မတီ အစည်းအဝေး အစိုးရအဖွဲ့ ကက်ဘိနက်မှာ ပြောပြီးဖြစ်တယ်။ နံပါတ် ၁ ကတော့ export အဖွဲ့တွေကို incentive သူတို့တွေကို စွဲဆောင်စည်းရုံးနိုင်ဖို့ export ပိုပြီးပို့နိုင်အောင်လို့ အခွန်နဲ့ ပတ်သတ်ပြီး သက်သာခွင့်၊ ပြီးရင်ငွေကြေးနဲ့ ပတ်သက်လို့က incentive ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်။ နောက်တခုကတော့ အလုပ်သမားတွေပေါ့။ ပြည်ပမှာ သွားရောက် လုပ်ကိုင် နေသူတွေ ရှိတယ်။ မြန်မာနိုင်ငံကို ငွေပြန်ပို့နေတဲ့ သူတွေရှိတယ်။ သူတို့သည်လည်း နိုင်ငံတော်ကို ငွေရှာပေးနေတဲ့သူတွေ ဖြစ်တယ်။ အလုပ်သမားများ ဖြစ်တယ်။ သူတို့နဲ့ပတ်သက်လို့ ပြန်လည်ငွေပို့ဆောင်တဲ့ နေရာမှာ အခွင့်အရေး incentive ပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ အသေးစိတ်ကတော့ စီစဉ်ဆောင်ရွက်နေဆဲရှိတယ်လို့ပဲ ပြောချင်ပါတယ်။"

ဖြေလျော့မယ့် အစီအစဉ်အသေးစိတ်ကို မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။ အခုတော့ ညှိုနှိုင်းနေဆဲဖြစ်နေတဲ့ အတွက် ထုတ်ဖော်ပြောဆိုလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

စီးပွားရေး လေ့လာသုံးသပ်သူ ပညာရှင်တဦးကတော့ ရေတိုဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းမယ်ဆိုရင် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာဖို့ မလွယ်နိုင်သလို အဓိကပြဿနာကို သေချာဖြေရှင်းနိုင်ဖို့ လိုနေတာကြောင့် အခုလုပ်မယ့် အပြောင်းအလဲလောက်နဲ့တော့ စီးပွားရေး ဦးမော့လာဖို့ မမျှော်လင့် နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။

"တကယ်လို့လုပ်ခဲ့ရင်တော့ exporter တွေ လုပ်သာကိုင်သာရှိသွားမှာပေါ့။ လုပ်သာကိုင်သာ ရှိလာနိုင်တယ်ဆိုပေမယ့် အခု တခုကူးလိုက် နောက်တခု ကူးပြောင်းလိုက်။ ခဏခဏ မတည်မငြိမ် ပြောင်းလဲနေလို့ မရဘူးလေ။ တဖက်မှာ ကလည်း အခွန်လျော့မယ်၊ ဒေါ်လာဈေးနှုန်း ပြင်ပေးမယ်ဆိုရင် ပြည်တွင်းမှာ ပြည်တွင်းကုန်ကျစရိတ်တွေ ကုန်ဈေးနှုန်းတွေ သွင်းအားစု ဈေးနှုန်းတွေ တက်နေတာရှိတော့ ဒါတွေတက်လာနိုင်တယ်။ တက်လာရင် exporter က ဒီအပြောင်းအလဲကို ခံစားရပါ့မလား။ လုပ်သာကိုင်သာ ရှိပါ့မလား ပြောမယ်ဆိုရင်တော့ မသေချာ သေးဘူး။ အချိန်တခု လိုမယ်။ အပြောင်းအလဲဖြစ်လာရုံနဲ့ သေချာပေါက် အလုပ်ဖြစ်လာမယ်လို့ မျှော်လင့်လို့ မရဘူး"

မကြာသေးခင်ကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူတွေ၊ သင်္ဘောသားတွေနဲ့ မြန်မာနိုင်ငံကို လစာငွေ ပြန်ပို့ပေး နေတဲ့သူတွေကို EV လျှပ်စစ်ကားတွေ တင်သွင်းခွင့်ပေးဖို့ လုပ်သွားမယ်ဆိုပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ချက် တစောင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီစာနဲ့ပတ်သက်လို့ စစ်ကောင်စီကို မေးမြန်းရာမှာတော့ တိတိကျကျ ပြန်လည် ဖြေဆိုတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG