၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် အုပ်စုပွဲအဖြစ် မြန်မာနဲ့မြောက်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ကြရမှာ မြန်မာက ၆ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ညနေ သုဝဏ္ဏဘောလုံးကွင်းးမှာ ကစားခဲ့တဲ့ပွဲမှာ မြောက်ကိုရီးယားအသင်းအတွက် တိုက်စစ်မှူး Jong က ပွဲကစားချိန် မိနစ် ၃၀ မှာသွင်းခဲ့တဲ့အဖွင့်ဂိုးအပါအဝင် ဟက်ထရစ် သုံးဂိုးသွင်းယူခဲ့ပြီး တခြားအသင်းဖော်တွေက ပင်နယ်တီတလုံးအပါအဝင် ၃ ဂိုးသွင်းယူခဲ့တာပါ။ မြန်မာအတွက် တလုံးတည်းသော ချေပဂိုးကို အင်ဒိုနီးရှားကလပ် Borneo Samarinda မှာကစားနေတဲ့တောင်ပံတိုက်စစ်ကစားသမား ဝင်းနိုင်ထွန်းက သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ အာရှဇုန်ဒုတိယအဆင့် အုပ်စုပထမပွဲမှာ ဂျပန်ကို ၅ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ထားတာမို့ အုပ်စု ၂ ပွဲကစား အမှတ်မရသေးပါဘူး။ မြန်မာအသင်းပါဝင်တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့် အုပ်စု B မှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ပါဝင်ပြီး အိမ်ကွင်းအဝေးကွင်းစနစ်နဲ့ ၆ ပွဲကစားရမှာပါ။ မြန်မာက ဆီးရီးယားနဲ့ နောင်နှစ် မတ်လမှာ နှစ်ပွဲကစားရဦးမှာဖြစ်ပြီး ဂျပန်၊ မြောက်ကိုရီးယားတို့နဲ့ ဒုတိယအကျော့ကို ဇွန်လမှာကစားရမှာဖြစ်ပါတယ်။