သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲပြန်စလာတဲ့ ဂါဇာအခြေအနေနဲ့ အလားအလာ


တိုက်ပွဲပြန်စလာတဲ့ ဂါဇာအခြေအနေနဲ့ အလားအလာ
please wait

No media source currently available

0:00 0:11:46 0:00

ရက်သတ္တတပတ်ကြာအပစ်ရပ်ခဲ့တဲ့ ဂါဇာမှာ အစ္စရေးတပ်တွေ မြေပြင်ထိုးစစ်တိုးချဲ့လာတဲ့အတွက် ဒေသခံတွေ ‌ပြေးစရာမြေမရှိသလောက်ဖြစ်လာနေတယ်လို့ စာနာမှုကူညီရေးအဖွဲ့တွေက ပြောနေပါတယ်။ ဒီအခြေအနေ၊ အပစ်ရပ်ရေးအလားအလာနဲ့ အနာဂါတ်ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေ စတာတွေကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

ရက်သတ္တတပတ်ကြာ အပစ်ရပ်ခဲ့တဲ့ ဂါဇာမှာ အစ္စရေးတပ်တွေ မြေပြင်ထိုးစစ် တိုးချဲ့လာတဲ့အတွက် ဒေသခံတွေ ‌ပြေးစရာမြေ မရှိသလောက်၊ ဖြစ်လာနေတယ်လို့ စာနာမှုကူညီရေးအဖွဲ့တွေက ပြောနေပါတယ်။ ဒီအခြေအနေမှာ အပစ်ရပ်ရေးအလားအလာနဲ့ အနာဂတ်ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေစတာတွေကို ဒီတပတ်အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဒီတပတ်မှာတော့ အရှေ့အလယ်ပိုင်း အစ္စရေးနဲ့ ဟားမက်စ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အစ္စရေး-ဟားမက်စ် တိုက်ပွဲတွေ တပတ်ကြာအပစ်ရပ်ခဲ့တာ ဘယ်လို အကျိုးရှိခဲ့ပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ အများကြီး အကျိုးရှိခဲ့ပါတယ်။ ပထမဦးဆုံး လူသေတာကို ပြောကြစို့ဆိုရင် သတင်းကြည့်ရတာကိုက စိတ်ချမ်းသာတယ်။ ပစ်တာခတ်တာ သေနေတာထက်စာရင်၊ အပျက်အစီးပုံတွေတော့ မြင်ရတယ်။ ဒါပေမဲ့ လူတွေ သေကြေတာကို မမြင်ရဘူး။ ထွက်ပြေးနေတာ မမြင်ရဘူး။ ပစ်တာ မတွေ့ရဘူး။ ပြီးတော့ ဒုက္ခသည်တွေ ကူညီရေး အထောက်အပံ့ကားတွေ ဝင်လာပြီး၊ သူတို့အတွက် ရိက္ခာတွေ၊ ဆေးဝါးတွေ၊ ရေတွေ ရတယ်။ သိပ်ပြီးတော့ စိတ်ချမ်းသာဖို့ ကောင်းပါတယ်။ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးကာလမှာ ညှိနှိုင်းခဲ့တဲ့အတွက်ကြောင့် ဓါးစားခံတွေ လွတ်မြောက်လာတယ်။ အစ္စရေး ၈၀ နဲ့ နိုင်ငံခြားသား ၂၀ လောက် လွတ်မြောက်လာကြတယ်။ တချိန်တည်းမှာပဲ ပါလက်စတိုင်းဘက်ကနေ အစ္စရေးဆီမှာ အဖမ်းခံထားရတဲ့ အကျဉ်းသားတွေ တော်တော်များများလည်း လွတ်မြောက်လာတယ်ဆိုတော့ တော်တော်လေးကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးဘက်က ဖမ်းထားတဲ့ ပါလက်စတိုင်းတွေဟာ အကုန်လုံး ရာဇဝတ်သားတွေလည်း နာမည်တပ်လို့ မရပါဘူး။ လူလေးထောင်ကျော်လောက် ဖမ်းထားတဲ့ထဲမှာ နှစ်ထောင်နီးပါးလောက်က သူတို့ကို ဘယ်လိုခေါ်သလဲဆိုတော့ Administrative detainees တရားဥပဒေအရ စွဲချက်တင်လို့ မရဘူးဆိုပြီး ထိန်းသိမ်းထားတဲ့လူတွေ ဖြစ်ပါတယ်။ အဲဒီလူတွေကို လွတ်တယ်။ အစ္စရေးဘက်မှာ အဖမ်းခံထားရတဲ့ ပါလက်စတိုင်းက ပိုများပါတယ်။ အခုလောလောဆယ်မှာ နည်းနည်းပါးပါး လွတ်လာတယ်။ အဖမ်းခံရတဲ့ အစ္စရေး ဓါးစားခံတွေ လွတ်လာတယ်ဆိုတော့ တော်တော်ကောင်းတဲ့ အခြေအနေလို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အပစ်ရပ်ပြီးမှ ဘာလို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာရတာလဲ။

ဖြေ ။ ။ အဲဒါကတော့ အဲဒီမှာ အပြန်အလှန် တဘက်ကိုတဘက် စွပ်စွဲကြတယ်။ အစ္စရေးကတော့ ပါလက်စတိုင်းတွေဟာ ဟားမက်စ်တွေက ဂျေရုစလင်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တဲ့အတွက်ကြောင့် အစ္စရေးလူမျိုးတချို့ သေဆုံးခဲ့ရတယ်။ ဟိုဘက်ကလည်း စဖောက်တယ်လို့ ပြောတယ်။ အစ္စရေးဘက်က စဖောက်တယ်လို့ ပြောတယ်။ အဲဒီလို အပြန်အလှန် စွပ်စွဲမှုတွေတော့ ရှိပါတယ်။ နောက်တခု အရေးကြီးတာက အစ္စရေးနိုင်ငံမှာ Netanyahu အစိုးရထဲမှာ လက်ယျာစွန်းတွေ Extreme Right-wing တွေက ဖိအားပေးတယ်။ ဟားမက်စ်ကို လုံးဝချေမှုန်းပြစ်ဖို့ တိုက်တွန်းတယ်။ သူတို့ရဲ့ဆန္ဒကိုလည်း Netanyahu က လိုက်လျောရတယ်လို့ သုံးသပ်သူတွေ ရှိပါတယ်။ Netanyahu ကိုယ်တိုင်လည်း လက်ယျာသမားလို့ သတ်မှတ်ထားခြင်းခံရတယ်။ တခုဖြစ်နိုင်တာက သူတို့ကလည်း အပစ်ခတ်ရပ်စဲရေး လုပ်ထားရင် ဂါဇာထဲကို အထောက်အပံ့တွေ အများကြီးဝင်သွားမယ်။ အဲဒါကိုလည်း ဖြတ်တောက်ချင်ဟန်တူပါတယ်။ ဖြတ်တောက်ပြီးတော့ ခဏလေးရပ်ဆိုင်းလိုက်ပြီးရင် ဆက်တိုက်ဖိပြီးတော့ တောင်ပိုင်းကို ပြန်ပြီးတော့ ဆုတ်ခိုင်းတယ်။ အခုဆိုရင် ပိုပြီးတော့ ဆုတ်ခိုင်းလာတယ်။ အဲဒီအချိန်မှာ သူတို့က ဖိတိုက်မယ်။ နောက် နိုင်ငံတကာဖိအားများလာမယ်၊ အခြေအနေကောင်းလာမယ်ဆိုရင် သူတို့ အပစ်အခတ်ရပ်ဆဲရေး ပြန်လုပ်ပြီးတော့ ပြန်ပြီးတော့ ညှိကောင်းညှိနိုင်ပါလိမ့်မယ်။

မေး ။ ။ အဲဒီတကျော့ပြန် တိုက်ပွဲတွေရဲ့ လက်ရှိအခြေအနေကကော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အခြေအနေ အတော်ဆိုးပါတယ်။ ဘယ်လောက်ဖြစ်သလဲဆိုရင် ဒီနေ့ တနင်္လာနေ့ နောက်ဆုံးတွေရတဲ့ အခြေအနေမှာဆိိုရင် အစ္စရေးက မြေပြင်စစ်ဆင်ရေးကို All areas of Gaza တခုလုံးမှာ ထိုးစစ်ဆင်နေတယ်ဆိုပြီးတော့ ပြောပါတယ်။ နောက်ပြီးတော့ ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြတယ်။ ဧရိယာ ၂၀ လောက်ကနေ ပါလက်စတိုင်းတွေက ဖယ်ပေးရတယ်။ သူတို့ပြေးစရာ နေရာတောင်မှ သိပ်မရှိတော့ဘူးလို့ ပြောကြတဲ့သတင်းတွေကို တွေ့ရပါတယ်။ နောက်ပြီးတော့ အစ္စရေးစစ်သားတွေက အစ္စရေးက သူတို့နိုင်ငံ၊ သူတို့လူမျိုးတွေအတွက် ခုခံပိုင်ခွင့် အပြည့်အဝရှိတယ်ဆိုတာကို အမေရိကန်က အဲဒါကိုပြောပြီးမှ၊ အရပ်သားတွေကိုတော့ သိပ်မထိခိုက်နဲ့ဆိုတာက လေသံခပ်ပျော့ပျော့နဲ့ ပြောတယ်ဆိုတော့ အခုထိ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုလည်း အများကြီးဝေဖန်နေကြပါတယ်။ ပိုပြီးတော့ ကျယ်ပြန့်လာတယ်ဆိုတော့ အစ္စရေးဘက်ကတော့ အရပ်သားတွေကို မထိခိုက်အောင် သူတို့ကတော့ အစွမ်းကုန်အားထုတ်ပါတယ်။ သို့ပေမဲ့လဲ အရပ်သားတွေ သေဆုံးမှုက အတော်များနေတာ တွေ့ရပါတယ်။ စောစောက ပြောခဲ့သလိုပါပဲ အခုလောလောဆယ်မှာ အစ္စရေးဘက်က ထိုးစစ်ဆင်ကတည်းက သေရတဲ့ ပါလက်စတိုင်းတွေက ၁၅,၅၀၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒုက္ခရောက်ပြီး ဒဏ်ရာရသူ ကလေးတွေအပါအဝင် ခြောက်ထောင်ကျော် ရှိခဲ့ပြီဆိုပြီး ဒီနေ့သတင်းတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အခြေအနေသိပ်ဆိိုးပါတယ်။ လောလောဆယ်မှာပဲ သတင်းတခုကြည့်လိုက်တာ အဖေ၊ အမေ သေသွားလို့ ငိုနေတဲ့ ကလေးလေးတယောက်၊ သိပ်ကြေကွဲဖို့ ကောင်းပါတယ်။ အတော်လေးစိတ်ညစ်စရာကောင်း အခြေအနေပါ။

မေး ။ ။ အဲဒီတော့ ဒီတိုက်ပွဲတွေက ပိုပြီးတော့ ကျယ်ပြန့်လာနိုင်တဲ့ အလားအလာရှိလား။ ဒါမှမဟုတ်လို့ရှိရင် အပစ်ရပ်တဲ့ဘက်ကို ပြန်ပြီးတော့ ဦးတည်လာနိုင်သလား။

ဖြေ ။ ။ လောလောဆယ်မှာတော့ နှစ်ဘက်စလုံးက အပစ်ရပ်တဲ့ဘက်ကို ပြန်လိုချင်ကြမှာပဲ။ အစ္စရေးက အဓိကအားဖြင့် - သူတို့ရဲ့ ဓားစားခံတွေ အကုန်လုံးက မလွတ်မြောက်သေးဘူးဆိုတော့ အပစ်ရပ်စဲရေးကို အဓိကထားပြီးတော့ ပြန်လုပ်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ Netanyahu ကပြောတယ် - သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဓါးစားခံတွေ လွတ်မြောက်ရေးနဲ့ ဟားမက်စ် ချေမှုန်းရေး ဖြစ်တယ်။ မနေ့ကပြောတဲ့အထဲမှာ ပိုပြီးတော့ချဲ့ထွင်လိုက်တယ်။ ဟားမက်စ် ချေမှုန်းရေးဆိုတဲ့နေရာမှာ ဟားမက်စ်ရဲ့ military ability သူတို့ရဲ့ စစ်ရေးစွမ်းရည်ကို လုံးဝရပ်သွားအောင် ဖြိုဖျက်ပြစ်မယ်ဆိုတာကို ပြောသွားတယ်။ ပိုပြီးတော့ ဒါကို မဖြစ်မနေလုပ်သွားမှာပဲ။ တချိန်တည်းမှာပဲ ဓါးစားခံတွေ ပြန်လည်လွတ်မြောက်ရေးဆိုတာလည်း အဓိကအရေးကြီးတယ်ဆိုတော့၊ ဖြစ်နိုင်တာက နည်းနည်းအလျှော့ပေးလိုက်၊ ဓါးစားခံတွေလွတ်အောင် ပြန်တိိုက်လိုက် အဲဒီလို တဖြည်းဖြည်းလုပ်သွားမယ်လို့ ယူဆရပါတယ်။

မေး ။ ။ အဲဒါဆိုရင် နောက်ထပ်အပစ်ရပ်ရေး ကြိုးပမ်းမှုအလားအလာ ဘယ်လိိုရှိပါသလဲ။

ဖြေ ။ ။ ကြိုးပမ်းနေကြပါတယ်။ ကြိုးပမ်းနေကြတာ ကာတာနိုင်ငံမှာပဲ။ အဓိကအားဖြင့် နိုင်ငံခြားရေးဝန်ကြီးက အပြင်းအထန် ကြိုးပမ်းနေပါတယ်။ နိုင်ငံတကာကလည်း အပစ်ရပ်ဖို့ကိုပဲ အဓိကထားပြီး တောင်းဆိုနေကြပါတယ်။ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ။ နောက်ပြီးတော့ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း သူကိုယ်တိုင်သွားပြီးတော့ အဲဒီကိစ္စကို လုပ်မယ်လို့ ပြောနေတာကို တွေ့ရပါတယ်။ ဒီနေ့လား၊ မနက်ဖြန်လား သူသွားလိမ့်မယ် ထင်ပါတယ်။ အပစ်ရပ်စဲရေးကတော့ ဆက်ပြီးဖြစ်လာမှာပါ။ လောလောဆယ်မှာတော့ တိုက်ပွဲကျယ်ပြန့်လာနိုင်စရာ မရှိသေးပါဘူး။ အဲဒီ အပစ်ရပ်စဲတဲ့ကာလမှာပဲ အစ္စရေးဘက်က တိုက်ခိုက်မှု ပိုများမယ်။

မေး ။ ။ အဲဒီမှာ မေးချင်တာက အရှေ့အလယ်ပိုင်းပြဿနာက ထာဝရငြိမ်းချမ်းရေးဆိုတာကော ရှိလာနိုင်ပါ့မလား။

ဖြေ ။ ။ ထာဝရငြိမ်းချမ်းရေးကတော သိပ်အလှမ်းဝေးပါတယ်။ ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးကို ကြည့်မယ်ဆိုရင် ပြဿနာ ဖြစ်လာတာကိုကြည့်ပါ။ ပြဿနာက ဟိုတုန်းကပြောခဲ့သလို သမိုင်းအစဉ်အဆက် ဖြစ်လာတယ်။ ၄၈ ခုနှစ်မှာ နှစ်ခြမ်းခွဲလိုက်ပြီကတည်းက အာရပ်နိုင်ငံတွေက လက်မခံဘဲနဲ့ အစ္စရေးကို ဝင်တိုက်တယ်။ အစ္စရေးက နိုင်သွားပြီးတော့ သူတို့နယ်မြေကို သိမ်းသွားတယ်။ အဲဒီအချိန်ကတည်းက လက်မခံဘဲလာခဲ့တာ ၁၉၈၀ နောက်ပိုင်းမှာ PLO ရာဆာအာရဖတ် ဦးဆောင်ခဲ့တဲ့ကာလမှာ အစ္စရေးနိုင်ငံ State of Israel ဆိုတာကို ပါလက်စတိုင်းဘက်က PLO ဘက်က လက်ခံခဲ့ပါတယ်။ အဲဒီလို လက်ခံခဲ့ပြီးနောက် အခြေအနေ တိုးတက်လာတယ်။ သို့ပေမဲ့ လက်မခံချင်တဲ့ အစိတ်အပိုင်းတွေ ရှိတယ်။ အဲဒါက Palestine Muslim Brotherhood လို့ခေါ်တဲ့ မူဆလင်ညီနောင်များအဖွဲ့က လက်မခံဘဲနေလာတယ်။ အဲဒီလို အစ္စရေးကို လက်ခံတဲ့အနေအထားက တဖြည်းဖြည်း အရှိန်မြင့်လာတယ်လို့ ပြောနိုင်တယ်။ ၁၉၉၀ မှာဆိုရင် နော်ဝေ အော်စလိုမှာ အော်စလို သဘောတူညီချက် Oslo Accords ဖြစ်လာတယ်။ နောက် ၂၀၂၀ မှာ Abraham Accords ဆိုတာ ဖြစ်လာတယ်။ အဓိကအားဖြင့် ဂျူးလူမျိုးတွေရဲ့ဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကုန်လုံး တညီတညွှတ်တည်း ငြိမ်းချမ်းစွာနေဖို့ သဘောတူညီချက်လုပ်တယ်။ အဲဒီလိုလုပ်တဲ့အပြင် နောက်ပိုင်းမှာ အစ္စရေးနဲ့ ကျန်တဲ့အာရပ်နိုင်ငံတွေ ပြန်လည်သင့်မြတ်ရေးက တဖြည်းဖြည်းအရှိန်မြင့်လာတယ်။ နောက်ဆုံးမှာ ဆော်ဒီအာရေးဗီယားနဲ့လည်း သဘောတူညီမှု လုပ်တော့မယ်။ ဆိုတဲ့အခါကြတော့ စောစောက အစ္စရေးကို လက်မခံဘူးလို့ ကန့်ကွက်ခဲ့တဲ့ ပါလက်စတိုင်း အစိတ်အပိုင်းက ငါတို့အရေးက ဘာမှမကျန်တော့ပါလား။ ပစ်ပယ်ခြင်းခံနေရတယ်။ ဒါကြောင့်လဲ အခုလိုတိုက်ပွဲတွေ စလုပ်ခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီလို လုပ်လာတဲ့အခါမှာ သူတို့အရေးကို ကမ္ဘာက ပြန်လည်အာရုံစူးစိုက်လာတယ်။ တဘက်ကပြောရရင် သူတို့အကြမ်းဖက်လိုက်တဲ့ကိစ္စကြောင့် သူတို့ကိစ္စကို အာရုံစူးစိုက်တာဆိုတော့ ငါတို့လုပ်တာ မှန်တယ်လို့တောင် ဟားမက်စ်က တွေးကောင်းတွေးလိမ့်မယ်။ သူတို့သာ ဒီလိုမတိုက်ခဲ့ရင် ပါလက်စတိုင်းကိစ္စကို ဘယ်နိုင်ငံကမှ ပြန်ပြောချင်မှ ပြောလာပါလိမ့်မယ်။ နှစ်နိုင်ငံ Two State Resolution ကို အခုမှပြန်ပြီး အသံထွက်လာပြီး၊ ဒါကို သင့်မြတ်အောင် လုပ်ရမယ်ဆိုပြီး ပြောလာကြတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီကိစ္စ ဘယ်လိုဖြစ်လာမလဲဆိုတာ အဝေးကြီးတော့ လိုပါသေးတယ်။

မေး ။ ။ အဲဒီတော့ အရှေ့အလယ်ပိိုင်းပြဿနာ ပြေလည်ဖို့ဆိုရင် အဓိကအကြောင်းရင်းက ဘာဖြစ်မယ်လို့ ပြောလို့ရသလဲ။

ဖြေ ။ ။ အဓိကတော့ အခုနဇာတ်လမ်းကိုကြည့်ပြီး အနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် Narrative Issue ဘယ်လိုဖြစ်လာတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ပြန်ပြောတဲ့နေရာမှာ xxxxx မတည့်ကြဘူး။ နှစ်ဘက်စလုံးက ငါတို့မှန်ခဲ့တယ်ဆိုတဲ့သဘောနဲ့သာ ရပ်တည်လာကြတယ်ဆိုတော့ သူတို့နှစ်ခုက သဘောတူညီမှုအဖြေ ရရှိဖို့တော့ အတော်ခဲယဉ်းမယ် ထင်ပါတယ်။ ခေတ္တခဏကတော့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်၊ ဘာလုပ်လိုက်နဲ့ အခွင့်သာရင် တဘက်က တိုက်လိုက်၊ ပြန်တိုက်လိုက်နဲ့ အဲဒီလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ Netanyahu နောက်ဆုံးပြောတဲ့ထဲမှာ တခုကြားတာက သူက နောက်ကို ဘယ်လိုလုပ်ချင်သလဲဆိုတော့ ဂါဇာမှာ ကြားခံနယ်မြေ ဘယ်သူမှ မဖြတ်သန်းတဲ့နယ်မြေ လုပ်မယ်။ အဲဒါ အစ္စရေးဘက်ခြမ်းမှာ မဟုတ်ဘူး။ ပါလက်စတိုင်းတွေအတွက် ပေးထားတဲ့နေရာမှာပဲ အဲဒီလို တံတိုင်းလုပ်ထားမယ်ဆိုပြီး၊ သူတို့ကို လာခွင့်လုံးဝမပေးထားဘူး။ အဲဒီလိုပုံစံမျိုးနဲ့ သူတို့ ငြိမ်းချမ်းရေးကို ဒီလိုအကြမ်းဖက် တိုက်ခိုက်မှု မခံရအောင်ဆိုပြီး ကြိုးပမ်းနေပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးပြဿနာ၊ ထာဝရပြေလည်ရေး ပြဿနာကိုတော့ သူတို့ လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဟားမက်စ်ကို လုံးဝဖယ်ရှားချင်တယ်။ ဟားမက်စ်ကို ဖယ်ရှားဖိို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Palestain Authority လို့ခေါ်တဲ့ သမ္မတအားဘတ်စ်တို့ အဖွဲ့အစည်းနဲ့ ဟားမက်စ်ကိုကြည့်ရင် သမ္မတအားဘတ်စ်တို့ရဲ့ အဖွဲ့အစည်းက West Bank မှာနေတယ်။ အဲဒီ West Bank မှာလည်း Palestain Auhority ကိုသာ ပေးထားတာဖြစ်တယ်။ ဂျူးလူမျိုး ပြောင်းရွှေ့အခြေချသူတွေ ရောက်လာတော့ အမြဲတမ်း သူက အပေါ်စီးကနေ ဆက်ဆံတယ်။ အခု ဂါဇာမှာ တိုက်ပွဲဖြစ်နေချိန်မှာ ဟိုဘက်မှာ အခြေချနေသူတွေက အဲဒီမှာနေတဲ့ ဒေသခံအာရပ်တွေကို အနိုင်ကျင့်တာတွေ၊ အကြမ်းဖက်တာတွေ မကြာခဏ ဖြစ်တယ်။ ပြီးခဲ့တဲ့နေ့ကလား မသိဘူး၊ မနေ့ကထင်တယ် ပါလက်စတိုင်း ၆၀ လောက်ကို ဖမ်းသွားတယ်။ အဲဒီလိုမျိုးတွေက အများကြီးပဲ။ သိပ်တော့ မလွယ်လှပါဘူး။ xxxx ဖြစ်စေချင်တာ အမေရိကန်တို့ ဦးဆောင် ဖြစ်စေချင်တာက ဟားမက်စ်ကို ချေမှုန်းဖို့ကို လက်ခံတယ်။ ဟားမက်စ်က အကြမ်းဖက်အဖွဲ့သာ ဖြစ်တယ်။ ပါလက်စတိုင်း အုပ်ချုပ်ခွင့်ကို Palestine Authority ကို ပေးရမယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အဲဒီနှစ်ခုပြိုင်ပြီးတော့ ရွေးကောက်ပွဲ လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းက Palestine Authority က လုံးဝရှုံးပြီးတော့ ဟားမက်စ်က အပြတ်သတ် သောင်ပြိုကမ်းပြို အနိုင်ခဲ့တယ်။ ဒါပေမဲ့ ဟားမက်စ်က အကြမ်းဖက်အဖွဲ့ ဖြစ်လို့ဆိုပြီးတော့ သူတို့ကို အုပ်ချုပ်ခွင့် မပေးခဲ့ဘူး။ ပါလက်စတိုင်းပြည်သူတွေကလည်း မြင်မှာပေါ့ တခုခုဖြစ်လာလို့ အကာအကွယ်ပေးခြင်းပေးရင် ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့က ဘာမှ သူတို့ဘက်က ကာကွယ်ပေးနိုင်တာ မဟုတ်ဘူး။ ဟားမက်စ်ကသာ ကာကွယ်ပေးတယ်ဆိုပြီးတော့ သူတို့စိတ်ထဲမှာ အားကိုးစိတ် ရှိနေတယ်။ ဟားမက်စ်ကို ဒီ equation ထဲက ခွဲထုတ်ဖို့ဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးမှုထဲကနေ လုံးဝဖယ်ထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အဲဒီစေ့စပ်ဆွေနွေးရေးမှာ ပါဝင်ခဲ့ဖူးတဲ့ သံတမန်တွေရဲ့ သုံးသပ်ချက်တွေကို ကျနော် ကြားပါတယ်။ မှန်ပါတယ်။ ဟားမက်စ်ကို ဖယ်ထုတ်ဖို့ ကြိုးပမ်းနေသမျှတော့ ထာဝရငြိမ်းချမ်းရေး ဖြစ်နိုင်မှာ မဟုတ်သလို၊ အစ္စရေးနိုင်ငံ ထာဝရငြိမ်းချမ်းရေး၊ လုံခြုံရေးကို မပေးနိုင်ရင်လည်း ငြိမ်းချမ်းရေး ပေါ်ပေါက်လာနိုင်မှာ မဟုတ်ဘူး။ သမိုင်းကြောင်းကို ဖြေရှင်းတဲ့နေရာမှာလည်း အကြောင်းအမျိုးမျိုးနဲ့ ငြင်းခုန်နေကြရင် ပြန်လည်သင့်မြတ်ရေး ပြဿနာပြေလည်ရေးလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာရှင့်။

XS
SM
MD
LG