သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင်တော်လှန်ရေးမှာ နိုင်ငံခြားဩဇာ ပါဝင်ခြင်းမရှိ (ယာယီသမ္မတ ဒူဝါလရှီးလ)  


NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ
NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ

မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးအဆင့်ရောက်ဖို့ အခြေအနေတွေ အများကြီးလိုအပ်နေသေးကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ရှိ နိုင်ငံတဝှမ်း ပူးပေါင်းစစ်ဆင်ရေးတွေမှာ ဘယ်နိုင်ငံရဲ့ သြဇာမှ ပါဝင်မှုမရှိဘူးလို့လည်း ယာယီသမ္မတက အခိုင်အမာပြောကြားခဲ့ပါတယ်။ အောက်တိုဘာလကုန်ပိုင်းကစပြီး တိုင်းရင်းသားဒေသအသီးသီးမှာ စစ်ကောင်စီကို တွန်းလှန်တဲ့ စစ်ဆင်ရေးတွေမှာ NUG ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ကို မအင်ကြင်းနိုင်က Zoom ကနေ သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ NUG အစိုးရအနေနဲ့ စစ်ရေးအပြင်၊ နိုင်ငံရေးအရ ပြင်ဆင်ပြီးတော့ နိုင်ငံတခု ပြန်တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်မှာ တရုတ်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့် ဘယ်အချိန်ရောက်မလဲ။

ဖြေ ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဖြေတခု ဖြစ်ပါတယ်။ ကျနော်တို့ကလည်း အမြဲတမ်းပြောပါတယ်။ တံခါးပိတ်မထားပါဘူး။ တွေ့ဆုံဆွေးနွေးမှုဆိုတာ တံခါးပိတ်မထားပါဘူး။ ဒါပေမဲ့ တွေ့ဆုံရေးလမ်းကြောင်း အခြေအနေ ရှိသလားဆိုတာကို စဉ်းစားသင့်ပါတယ်။ ပုံသေနည်းတော့ မသုံးသင့်ပါဘူး။ သူတို့အနေနဲ့လည်း အောင်မြင်ခဲ့တာ ရှိမှာပေါ့။ တချို့မှာ ကမ္ဘောဒီးယား၊ တောင်အာဖရိက စသည်ဖြင့် ဒါက နေရာဒေသ၊ ကာလံဒေသံ မတူပါဘူး။ မြန်မာနိုင်ငံရေး အခြေအနေကတော့ ဒီထက်ဆိုးဝါးတဲ့ အနေအထား ရှိတဲ့အတွက်ကြောင့် ကျနော်တို့မှာ တွေ့ဆုံဆွေးနွေးဖို့ကို တော်တော်လေး စဉ်းစားရမယ့် အနေအထား ရှိပါတယ်။ ကျနော်တို့ မတွေ့ဆုံပါဘူးလို့လည်း ဘယ်တော့မှ အဲဒီလို မပြောပါဘူး။ မတွေ့ဆုံဘူးလို့ ပြောတဲ့အခါက မင်းအောင်လှိုင်နဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ကျနော်တို့ကို အကြမ်းဖက်ဖြစ်တဲ့အတွက် မတွေ့ဆုံဘူးလို့ သူ အမြဲတမ်းပြောပါတယ်။ ကျနော်တို့ကတော့ လုံးဝပိတ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက တကယ်တမ်း ပြောင်းလဲချင်တဲ့စိတ်ဓါတ်တော့ ရှိဖို့လိုပါတယ်။ သူတို့ကတော့ တောက်လျှောက်လိမ်နေတယ်။ သူတို့ သုံးစွဲနေတဲ့ strategy ကတော့ သုံးခုပဲ ရှိတယ်လိို့ပြောတယ်။ (၁) ခေါင်းမာတယ်။ (၂) ဘယ်တော့မှ System မကျဘူး။ (၃) ဘယ်တော့မှ မရိုးသားဘူး။ အခုလဲ မရိုးသားတာပဲ။ သူ့အနေနဲ့ ဆွေးနွေးမယ်ဆိုပြီး NCA မှာ နှစ်ပေါင်းများစွာ အချိန်ကုန်၊ လူကုန်နဲ့ လုပ်ခဲ့တာတွေက လိမ်ဖို့ပါ။ တိုင်းရင်းသားတွေက လက်နက်ချခိုင်းတဲ့ သဘောပါပဲ။ အဲဒီလို မဟုတ်ဘဲနဲ့ တကယ့်ကို မြန်မာနိုင်ငံကို ပြောင်းလဲချင်တဲ့စိတ် အပြည့်အဝ ရှိတယ်ဆိုရင် သူ့အနေနဲ့ ကျနော်တို့ ယုံကြည်အောင်၊ ပြည်သူလူထု ယုံကြည်အောင် အရင်ပြဖို့ လိုပါတယ်။ ကျနော်တို့ ပြောထားပြီးသာပါ ကျနော်တို့ ပြည်သူလူထုကို လေယာဉ်တွေနဲ့ ဗုံးကျဲသတ်ဖြတ်၊ ဖမ်းဆီးနေတာတွေကို ချက်ချင်းရပ်ဖို့။ သူ လုပ်သင့်တာ ရှိတယ်။ ရှင်းရှင်းပြောရရင် ပြည်သူလူထုက လုံးဝမယုံဘူး။ မင်းအောင်လှိုင်နဲ့ သူ့စစ်တပ်အဖွဲ့ကို။ ဒါကြောင့်မို့ သူတို့က ယုံကြည်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့၊ ကမ္ဘာသိ - ကျနော်တို့က ပြည်သူလူထု အထူးကြိုက်တဲ့ ပြည်သူလူထု အုပ်ချုပ်တဲ့အောက်မှာ နေပါမယ်။ ကျနော်တို့ အနာဂတ်မှာ ဝင်မရှုပ်တော့ပါဘူး။ ၂၀၀၈ ဆိုတာက ချောက်ထဲကျတော့မယ့် ရထားအနေအထား ဖြစ်နေပြီ။ အဲဒါကို သူက ဆက်ပြီးတော့ စီးမနေသင့်တော့ဘူး။ အမြန်ခုန်ချချင်လည်း ခုန်ချ။ သို့မဟုတ် လမ်းကြောင်းပြောင်းပြီးတော့ ရထားလမ်းကို ပြောင်းရတော့မယ်။ ဒါမှမဟုတ်ရင် တိုင်းပြည်က လုံးဝရစရာမရှိ ပျက်ဆီးနေပြီ။ သူလည်း ပျက်ဆီးသွားမှာပါ။ စစ်တပ်လည်း ဘာမှရစရာ မရှိတော့ပါဘူး။ ဆိုတဲ့အနေအထားတွေကို စဉ်းစားသင့်ပါတယ်။ ဒါတွေကို ကမ္ဘာသိ သူက ကြေညာရဲလို့ရှိရင်တော့ ကျနော်တို့ တွေ့ဆုံမှုလည်း - ကျနော်တို့က လုံးဝငြင်းထားတာ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူလူထု မကြိုက်တာ ဖြစ်တဲ့အတွက်ကြောင့် နည်းလမ်းကို သိမ့်သိမ့်မွှေ့မွှေ့နဲ့ ချသင့်ပါတယ်။ ကမ္ဘာကလည်း ကျနော်တို့ကို ဇွတ်အတင်းတွေ့ခိုင်းတာမျိုး မလုပ်သင့်ဘူး။ ပြည်သူလူထုကို စိတ်ဆိုးအောင်၊ ဒေါသထွက်အောင် လုပ်တာနဲ့ တူပါတယ်။ ကျနော်အနေနဲ့ အဲဒီလို ရှုမြင်ပါတယ်။

မေး ။ ။ သမ္မတကြီး ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်တွေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီးတော့ ကရင်ပြည်နယ်မှာဖြစ်တဲ့ ၁၁၁၁ စစ်ဆင်ရေး၊ ချင်းနဲ့ ရခိုင်က စစ်ဆင်ရေးတွေ။ အခုဆိုရင် ကရင်ပြည်နယ်တွင်းက မုန်းစစ်ဆင်ရေးအစရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ဒေသတွေမှာ စစ်ဆင်ရေးတွေအသီးသီး စလာခဲ့တယ်။ ဒီလို မြန်မာစစ်ကောင်စီကို အသီးသီးတွန်းလှန်နေကြတဲ့ စစ်ဆင်ရေးတွေက သူတို့ဒေသအလိုက်လည်း ဖြစ်နေတဲ့အခါမှာ NUG ဆက်စပ်မှုရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့ နိုင်ငံရေးသာမက စစ်ဆင်ရေးမှာလည်း ကျနော်တို့ ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်ရပါတယ်။ တကယ်တမ်း ကျနော်တိို့ လိုချင်တာကတော့ Chain of Command တခုတည်းအောက်မှာ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အနာဂတ်ပြည်ထောင်စု တပ်မတော်မှာတော့ အဲဒီလိုဖြစ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်အနေန့တော့ One Chain of Command ထဲမှာ မရှိတာတောင်မှ ကျနော်တို့အချင်းချင်း ဘယ်သူက ဘာလုပ်ကြမယ်ဆိုတဲ့ Coordinating Operation အနေနဲ့ သုံးပါတယ်။ ဥပမာဆိုပါတော့ ကျနော်တို့ မြောက်ပိုင်းမှာဆိုရင် စစ်ဒေသ (၁) အနေနဲ့ သတ်မှတ်ပြီးတော့ အဲဒီမှာရှိတဲ့ တော်လှန်ရေးအဖွဲ့နဲ့ PDF တွေ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ တောင်ဘက်ပိုင်းမှာ အထူးသဖြင့် ကရင်နီ၊ ကရင်ဒေသ၊ တနင်္သာရီ၊ ရန်ကုန်တိုင်း၊ ပဲခူး အဲဒါတွေကိုတော့ တောင်ပိုင်းစစ်ဒေသအနေနဲ့ သတ်မှတ်ပြီးတော့ အဲဒီမှာ လက်နက်ကိုင် ERO အဖွဲ့တွေနဲ့ PDF တွေက တောက်လျှောက်ပူးပေါင်းပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အင်မတန်မှ ရှင်းပါတယ်။ ကျနော်တို့ PDF တွေကလည်း အစတုန်းကတော့ သီးခြားနေလို့လည်း မရပါဘူး။ ဒါကြောင့် KNU ဧရီယာမှာဆိုရင် KNU ရဲ့ ကွပ်ကဲမှုအောက်မှာ သူတို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ ပါဝင်ကြပါတယ်။ အလားတူပါပဲ ကရင်နီပြည်နယ်မှာလည်း PDF တွေက ကရင်နီ KNDF လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်နေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က တောင်ပိုင်း၊ မြောက်ပိုင်းတွေမှာ နေရာအနှံ့ လုပ်နေပါတယ်။ နောက်တခါ အလယ်ပိုင်းကိုလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီအလယ်ပိုင်းက အင်မတန်အရေးကြီးပါတယ်။ နေပြည်တော်နဲ့လည်း နီးတဲ့အတွက်ကြောင့် အလယ်ပိုင်းကို အားကောင်းအောင် သူတို့ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တယ်။ သိမ်းဆည်းနိုင်တယ် အနေအထားအထိ ရည်မှန်းထားတာ ရှိပါတယ်။

XS
SM
MD
LG