သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးအကူအညီငွေလျာထားမှု ကန်လွှတ်တော်မှာ နှောင့်နှေး


A general view shows House of Representatives vote on a new Speaker of the House at the US Capitol on October 18, 2023 in Washington, DC.
A general view shows House of Representatives vote on a new Speaker of the House at the US Capitol on October 18, 2023 in Washington, DC.

အမေရိကန်လွှတ်တော်မှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးထောက်ခံတဲ့ BURMA ACT ကို သတ်မှတ် အတည်ပြုပြဌာန်းထားပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ ဘတ်ဂျက်လျာထားငွေအတွက် လွှတ်တော်မှာ ဆုံးဖြတ်ချက်မကျသေးဘဲဖြစ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီအခြေစိုက် Myanmar Policy အင်စတီကျုရဲ့ မူဝါဒရေးရာပူးပေါင်းဆောင်ရွက်ရေးမှူး Mike Haack ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Mike Haack- “ပြောရမယ်ဆိုရင်တော့ လျာထားတဲ့ဘတ်ဂျက်တွေအတွက် အမေရိကန်လွှတ်တော်ကနေ ဆုံးဖြတ်ဆောင်ရွက်တဲ့နေရာမှာ နှေးကွေးပြီး ပရမ်းပတာဖြစ်နေတဲ့အခြေအနေအောက်မှာ မြန်မာအတွက်လျာထားတဲ့ အကူအညီပေးရေးဘတ်ဂျက်ကိစ္စကလည်း နှောင့်နေးကြန့်ကြာနေတာပါ။ ဒါပေမယ့် ကျနော်တို့ စိတ်ဝင်စားတဲ့ အကြောင်းအရာကတော့ မြန်မာအဖွဲ့အစည်းတွေကို အကူအညီပေးမယ့်ကိစ္စမှာ အထက်နဲ့ အောက်လွှတ်တော်က ရေးထားတဲ့မူကြမ်းစာသားတွေက သိသိသာသာကွာခြားနေတာပါ။ အထက်လွှတ်တော်ကပေးမယ့် ဘတ်ဂျက်ကနည်းနေပြီး အောက်လွှတ်တော်ရဲ့လျာထားချက်မှာတော့ အရင်နှစ်ကထက် နည်းနည်းပိုပေးထားပါတယ်။ အဲတော့ အထက်လွှတ်တော်ကပေးဖို့လျာထားတဲ့ ဘတ်ဂျက်ထက်ပိုပြီးရဖို့ ကျနော်တို့မျှော်လင့်ထားပါတယ်။ ဘတ်ဂျက်ကိစ္စကို အမေရိကန်လွှတ်တော်မှာ နောင်နှစ် ဇန်နဝါရီလလယ်မှာ တခါဆွေးနွေးကြဖို့ရှိပြီး ဖေဖေါ်ဝါရီမှာ နောက်တခါ ဆွေးနွေးကြဖို့ရှိပါတယ်။ မြန်မာကိစ္စကိုတော့ ဖေဖေါ်ဝါရီလမှာ ဆွေးနွေးမယ့်အချိန် ထည့်သွင်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့ဘက်ကတော့ ဖြတ်တောက်မှုမရှိဘဲ ဘတ်ဂျက်ငွေတွေ ပိုပြီးရနိုင်ဖို့ အကောင်းမြင်ထားပါတယ်။ အဲဒီအတွက်လည်း အထက်လွှတ်တော်ရဲ့ဘတ်ဂျက်ခွဲဝေရေးကော်မတီမှာ အဓိကပါနေတဲ့ တက္ကဆက်၊ ဝါရှင်တန်ပြည်နယ်နဲ့ မိန်းပြည်နယ်တွေက အထက်လွှတ်တော်အမတ်တွေကိုဖိအားပေးဖို့ အဲဒီပြည်နယ်တွေမှာရှိနေတဲ့ မြန်မာနဲ့ တိုင်းရင်းသားတွေကို ကျနော်တို့ အသိပေးလှုံ့ဆော်ထားပါတယ်။”

အင်ကြင်းနိုင်။ ။ အဲတော့ BURMA ACT အရ မြန်မာနိုင်ငံဆိုင်ရာ အကူအညီတွေကို ဒီမိုကရေစီအင်အားစုတွေ၊ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုနည်းလမ်းနဲ့ ပေးသွားမှာလဲ။

Mike Haack- “မြန်မာအဖွဲ့အစည်းတွေကို အကူအညီဘတ်ဂျက်ငွေတွေ ပေးမယ့်ပုံစံကလည်း အခြားနိုင်ငံတကာကို ပေးနေတဲ့ နည်းလမ်းအတိုင်းပဲဖြစ်မှာပါ။ ဘာမှကွာခြားမှာမဟုတ်ပါဘူး။ USAID၊ IRI စတဲ့ အမေရိကန်အင်စတီကျူးရှင်းတွေက တဆင့်သွားမှာပါ။ ဒါပေမယ့် Burma Act ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် တကယ့်အောက်ခြေမှာလှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့လက်တွေလုပ်ဆောင်ရာမှာ အမေရိကန်အဖွဲ့အစည်းတွေအတွက် အရင်လို ဥပဒေကန့်သတ်ချက်တွေမရှိဘဲ ပိုမိုလွယ်လွယ်ကူကူ ပူးပေါင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”

အင်ကြင်းနိုင်။ ။ အမေရိကန်အစိုးရဘက်က NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနိုင်တဲ့အလားအလာကိုရော ဘယ်လိုမြင်ပါလဲ။

Mike Haack- “ရေတိုကာလအတွင်း ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။ မြန်မာနိုင်ငံထဲမှာ အခြေအနေတွေ အပြောင်းအလဲဖြစ်သွားရင်တော့ အခြေအနေတွေ တမျိုးဖြစ်လာနိုင်ပါတယ်။ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲကသာ အဆုံးအဖြတ်ဖြစ်မယ်လို့ ကျနော်မြင်ပါတယ်။”

အင်ကြင်းနိုင်။ ။ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ Mike Haack တို့ တွေ့ဆုံကြတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေသိမ်း လက်နက်ကိုင် စစ်ဆင်ရေးတွေအပေါ် သူတို့ရဲ့ သဘောထားအမြင်တွေ ဘယ်လို သိခဲ့ရလဲ။

Mike Haack- “ယေဘုယျအားဖြင့် တော်လှန်ရေးလှုပ်ရှားမှုတွေရဲ့ အမြင်တွေနဲ့ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ အမြင်တွေ တူညီတယ်လို့ ပြောရမှာပါ။ နောက်ပြီး ဒီလှုပ်ရှားမှုတွေဟာ တိုးတက်မှု နည်းလမ်းကောင်းအဖြစ် သတင်းမီဒီယာတွေက ဖေါ်ပြ သုံးသပ်ချက်တွေအတိုင်း သူတို့ရဲ့အမြင်တွေလည်း အဲဒီအတိုင်းတွေ့ရပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေဟာ စောင့်ကြည့်စရာ၊ စိတ်လှုပ်ရှားစရာအဖြစ်လည်း မြင်ကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခနောက်ခံအကြောင်းအရင်းကိုတော့ အမေရိကန်အမတ်တွေအနေနဲ့ ယေဘုယျလောက်သိထားပြီး အသေအချာသိနားလည်ဖို့ မလိုဘူးလို့တော့ ကျနော်မြင်ပါတယ်။ သူတို့မှာက အခြားကမ္ဘာမှာ ဖြစ်နေတဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေကိုလည်း အာရုံစိုက်နေရလို့ဖြစ်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG