သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဆီက ဒေါ်လာသန်း ၅၀၀ ကျော်ဖိုး အကူအညီ NUG တောင်းခံ


အမေရိကန် ကွန်ဂရက်
အမေရိကန် ကွန်ဂရက်
NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကနေ ဒရုန်းတွေ၊ သံချပ်ကာမော်တော်ယာဉ်တွေ၊ ရေဒါစောင့်ကြည့်မှုကိရိယာတွေ ဝယ်ယူဖို့အပါအဝင် လက်နက်မဟုတ်တဲ့ အကူအညီနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် စုစုပေါင်း ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မြန်မာအရေးဟာ အမေရိကန်အစိုးရပိုင်းရော လွှတ်တော်မှာပါ သိပ်ပြီး အားမကောင်းလှတာကြောင့် ဒီအကူအညီတောင်းခံမှုတွေရပါ့မလားဆိုတာကို တော့ ဝါရှင်တန်နိုင်ငံရေးသုတေသီတွေကတော့ သံသယရှိကြပါတယ်။
ဒီအကူအညီတွေဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွက် ကြီးကြီးမားမားအထောက်အပံ့ဖြစ်သလို၊ ဒီအကူအညီကြောင့် စစ်ကောင်စီကို အလွန်အမင်းအားနည်းသွားစေမှာဖြစ်တယ်လို့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်လွှတ်တော်အက အတည်ပြုပေးခဲ့တဲ့ 2023 ခုနှစ်၊ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ထဲမှာ Burma Act လို့ လူသိများကြတဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ပေးဖို့ ပြဌာန်းချက်တွေလည်း ပါဝင်ခဲ့တာပါ။ အဲဒီ ဥပဒေထဲ အသုံးအနှုန်းအားဖြင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးနောက်ပိုင်း ဖွဲ့စည်းလာတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမည်နဲ့တကွ ဖော်ပြပြီး လက်နက်မဟုတ်တဲ့ အကူအညီတွေထောက်ပံ့ပေးဖို့ဆိုပြီး အစိုးရကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။
ဒီအတွက် လက်နက်မဟုတ်တဲ့ အကူအညီ ဒေါ်လာ ၂၀၀ အပါအဝင် စုစုပေါင်း အကူအညီဒေါ်လာ ၅၂၅ သန်းကို လာမယ့် ဘဏ္ဍာရေးနှစ်မှာ ထောက်ပံ့ကူညီဖို့ အမေရိကန်လွှတ်တော်ကို NUG က တောင်းခံထားတာလို့ သိရပါတယ်။ ဒီအထဲအများစုကတော့ တိုက်ပွဲတွေကြောင့် ပြေးလွှားနေရကြတဲ့ စစ်ပြေးဒုက္ခသည် ၁.၅ သန်းကို အကူအ ညီပေးဖို့ဖြစ်ပါတယ်။ လက်နက်မဟုတ်တဲ့ အကူအညီ ဒေါ်လာ သန်းနှစ်ရာမှာ ဒရုန်းတွေ မော်တော်ယာဉ် တွေ၊ ရေဒါစောင့်ကြည့်ရေးကိရိယာတွေအပြင် ဆက်သွယ်ရေး ပစ္စည်းကိရိယာ ဆောက်လုပ်ရေး ဆိုင်ရာ ပစ္စည်းကိရိယာနဲ့ စစ်ဖက်သုံးဆေးဝါးပစ္စည်းတွေ ဝယ်ယူဖို့ ပါဝင် တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ
စစ်အုပ်စုကိုဖယ်ရှားပြီး ဖယ်ဒရယ်ဒိမိုကရေစီစနစ်ထူထောင်ဖို့နဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့ လက်တွေ့ကျကျနဲ့ မဟာဗျူဟာကျကျ အသေအချာ စီစစ်တွက်ချက်ထားတဲ့ အစီအစဉ်အတွက် အကူအညီတောင်းခံထားတာဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သိရှိပြီး ရှောင်လွှဲနိုင်ဖို့ စောင့်ကြည့်အချက်ပေးစံနစ်တွေ သူတို့မှာ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
လာမယ့် ဘဏ္ဍာရေးနှစ်အတွက် လွှတ်တော်မှာပြင်ဆင်ဆောင်ရွက်နေဆဲရှိပေမယ့်၊ Burma Act နဲ့ လက်နက်မဟုတ်တဲ့အကူအညီတွေအတွက် ဘတ်ဂျတ်ဥပဒေကြမ်းထဲမှာ အတိအကျသတ်မှတ် ပေးမယ့် ပုံတော့မရှိဘူးလို့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျုဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနက Michael Martin က ဗွီအိုအေကို ပြောပါတယ်။
အသေးစိတ်ဘတ်ဂျတ်လျာထားမှုဟာ အစိုးရပိုင်း အထူးသဖြင့် နိုင်ငံခြားရေးဌာနက ဆောင်ရွက်မယ့်အနေ အထား ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ ဆီးရီးယားနဲ့ ယူကရိန်းအတွက် လက်နက်မဟုတ်တဲ့အကူအညီ အဖြစ် ကျည်ကာဝတ်စုံတွေ၊ ရေဒါစနစ်တွေနဲ့ စစ်သုံးမော်တော်ယာဉ်တွေကို အမေရိကန်က အကူအညီ ပေးခဲ့ပေမယ့် မြန်မာနဲ့ပတ်သက်လို့ Burma ACT ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲဆိုတာ နိုင်ငံခြားရေး ဌာနမှာ ငြင်းခုံဆွေးနွေးနေဆဲဖြစ်တယ်လို့လည်း Martin က ပြောပါတယ်။
လက်နက်မဟုတ်တဲ့အကူအညီစာရင်းမှာပါတဲ့ ပစ္စည်းတိုင်းဟာ စစ်ဖက်၊ အရပ်ဖက် နှစ်ဖက်စလုံးသုံးရတဲ့ ပစ္စည်းမျိုးတွေ ဖြစ်နေတယ်လို့လည်း ဝါရှင်တန် စစ်ဖက်ကောလိပ်က ပါမောက္ခ Zachary Abuza က ပြောပါတယ်။ ဒါကြောင့်လည်း အခုတောင်းခံထားတဲ့အကူအညီ ရဖို့တော့မလွယ်ဘူးလို့ Abuza ရော Martin ကပါ သူ့အမြင်ကို ပြောပါတယ်။
အမေရိကန်အစိုးရကရော နိုင်ငံခြားရေးဌာနကပါ လွှတ်တော်ပိုင်းမှာပါ ယူကရိန်းစစ်နဲ့ တရုတ်နဲ့ ယှဉ်ပြိုင်ရေးက အဓိကလွှမ်းမိုးနေရာယူထားပြီး မြန်မာနိုင်ငံရဲ့ ခုခံတော်လှန်စစ်ဟာ သိပ်ပြီး အားမရှိလှဘူးလို့ Abuza က သူ့အမြင်ပြောပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG