သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားရောက် ရိုဟင်ဂျာတွေ အကာအကွယ်ပေးဖို့ HRW တောင်းဆို


အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

အင်ဒိုနီးရှား အာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေတွေကို ကမ်းကပ်ခွင့်မပေးဘဲ ပင်လယ်ထဲ ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ဖို့၊ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ရေး စုံစမ်း စစ်ဆေးပေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ခိုလှုံခွင့်ရဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာတွေကို အနီးဆုံး ဘေးကင်းလုံခြုံမှုရှိတဲ့ ဆိပ်ကမ်းကို ကပ်ခွင့်ပြုပြီး အကာအကွယ်ပေးဖို့နဲ့ စာနာမှုဆိုင်ရာ အကူအညီပေးတာတွေအပြင် အွန်လိုင်းပေါ်မှာ သူတို့အပေါ် အမုန်းတရားပွားလာအောင် သွေးထိုး လှုံ့ဆော်နေတာတွေကိုလည်း စုံစမ်း ဖော်ထုတ်ပေးဖို့ HRW က တောင်းဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်မြို့တော် Banda Aceh မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာ ၁၃၇ ယောက်ကို ယာယီ နေထိုင်ခွင့်ပေးထားတဲ့နေရာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျောင်းသား ၁၀၀ ကျော်က ရဲတွေရဲ့ အတားအဆီးတွေကို ဖျက်ဆီး ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း စုံစမ်း ဖော်ထုတ်ပေးဖို့ HRW က တောင်းဆိုထားပါတယ်။ ကျောင်းသားတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကိုယ်ထိလက်ရောက် စော်ကားတာ၊ နှုတ်အားဖြင့်စော်ကား ပြောဆိုတာတွေ ပြုလုပ်ပြီး ထရပ်ကားတွေနဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်လာပြီး သူတို့ကို နေရပ်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အာချေးပြည်နယ်အတွင်းက တခြားဒေသတွေမှာလည်း ဒေသခံတွေက ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ စက်လှေတွေကို ကမ်းကပ်ခွင့်မပေးဘဲ ပင်လယ်ထဲ ပြန်မောင်းထုတ်တာတွေ ရှိခဲ့သလို ကမ်းခြေမှာ သူတို့ ယာယီနေထိုင်တဲ့ တဲတွေကို ဝိုင်းထားပြီး တခြားနေရာကို ပြောင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလအတွင်း စက်လှေ ၁၁ စင်းနဲ့ ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး ၁,၇၀၀ လောက် ရောက်လာတာမှာ ဒါဟာ တလအတွင်း အများဆုံး စံချိန်တင် ရောက်ရှိလာခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG