သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္သာရီဒေသ ဒုက္ခသည်တွေ စစ်ဒဏ်ကြောင့် နေရပ်ပြန်ဖို့ အခက်ကြုံ


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ

တနင်္သာရီမြို့နယ်မှာရှိတဲ့ ကျေးရွာတချို့က စစ်ရှောင်သူတွေဟာ သူတို့နေရပ်မှာ အခုချိန်ထိ ထိတွေ့တိုက်ပွဲနဲ့ လက်နက်ကြီးဒဏ် အပါအဝင် စစ်ကြောင်းထိုးခံရတဲ့ အခြေအနေတွေကြောင့် မပြန်နိုင်ဖြစ်နေပါတယ်။ နှစ်နဲ့ချီ စစ်ရှောင်နေရသူတွေအတွက် စားသောက်ရေးကို အဓိကဦးစားပေးပြီး ဆောင်ရွက်နေတယ်လို့ ကူညီသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို မခင်ဖြူထွေးပြောပြမှာပါ။

မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြားက ထိတွေ့တိုက်ပွဲတွေ ဆက်ပြီးရှိနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေမှာလည်း နေရပ်စွန့်ထွက်ပြေး တိမ်းရှောင်နေရတာပါ။ စစ်ရှောင်သူတွေဟာ အခက်အခဲတွေ ကြုံနေရပေမယ့် သူတို့ရဲ့နေရပ်မှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးကျရောက်တာတွေ ဆက်ပြီးရှိနေသေးလို့ အိမ်ပြန်မနေရဲသေးဘူးလို့ သူတို့ကို ကူညီပေးနေတဲ့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

"ဒီလအတွင်းမှာတော့ စစ်ရှောင်အားလုံးပေါင်း ၆၀၀ ကျော်လောက်ကို ရိက္ခာဝေနေပါတယ်။ ဆန်၊ ဆီ၊ ပဲ၊ ဆားရယ်ပေါ့။ စစ်ရှောင်နေသူတွေက သူတို့ရွာကို သူတို့ပြန်ဝင်လို့ မရသေးဘူး။ စစ်ရှောင်နေတဲ့ အနေအထားပဲပေါ့။ အခုလောလောဆယ် ငြိမ်နေတုန်း ရွာကိုဝင်ပြီးတာနဲ့ သူတို့မှာ လုပ်စရာရှိတာ ကွမ်းပင်နဲ့ ကွမ်းသီးပေါ့။ အဲဒါတွေကို သွားကြည့်တာလောက်တော့ ရှိတယ်။"

စစ်ရှောင်နေသူတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ ရွာပေါင်း ၈ ရွာက စစ်ရှောင်နေရသူ ၆ ထောင်ဝန်းကျင်လောက် ရှိနေပါတယ်။

"တရွာနဲ့ တရွာတော့ မတူဘူးခင်ဗျ။ လယ်သစ်အရှေ့နဲ့ အနောက်ဆိုရင်တော့ ၂ နှစ်ရှိပြီပေါ့နော်။ ဘန်းလမွတ်၊ ရမ်းဖိုဆို ၁၀ လ၊ ၁ နှစ်လောက်တော့ ရှိပြီ။ တမုတ်ချုန်းဆိုလည်း ၁ နှစ်လောက် ရှိပြီပေါ့နော်။ ရေဖြူကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်။ စားနပ်ရိက္ခာကိုပဲ အဓိက ဦးစားပေးပြီးတော့ လုပ်ပေးနေရတယ်။ အဲဒါက ပိုပြီးတော့ အရေးကြီးနေတာပေါ့နော်။"

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီကြားက ထိတွေ့တိုက်ပွဲတွေက မကြာခဏဆိုသလို ရှိနေပြီး၊ စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲလို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ထိ စစ်ရှောင်ထွက်ပြေးလာရ သူတွေလည်းရှိတယ်လို့ သိရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူတို့အတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိနေပါတယ်။ စစ်ရှောင်နေရတဲ့ အခြေအနေမှာ အဓိက စီးပွားရေးဖြစ်တဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေလည်း လုပ်ကိုင်ဖို့ခက်ခဲလို့ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုကိုပဲ အဓိကအားပြုပြီး စားသောက်နေထိုင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG