သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ မြန်မာ့အရေး ဦးစားပေး ဆွေးနွေးဖွယ်ရှိ


၂၀၂၃ အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး
၂၀၂၃ အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ကြီးထွားနေပြီး မြန်မာစစ်တပ်ဘက်က စခန်းတွေ လက်လွှတ်‌ဆုံးရှုံးနေရတဲ့ အခြေအနေနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် ဒေသတွင်း အငြင်းပွားမှုတွေဟာ ဒီသီတင်းပတ်ကုန် လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ Retreat သီးသန့် အစည်းအဝေးမှာ အဓိက ပြောဆို ဆွေးနွေးနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ Luang Prabang မြို့ မှာ ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှာပါ။ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရာမှာ နှောင့်နှေး ကြန့်ကြမှုတွေ ရှိနေတဲ့အပေါ် ဝေဖန်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ ဒေသတွင်း အသေးဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတခုဖြစ်တဲ့ လာအိုနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်ကာလမှာ မြန်မာ့အရေး အကျပ်အတည်းကို အောင်မြင်အောင် ဖြေရှင်းပေးဖို့ဆိုတာ ဖြစ်နိုင်ခြေ သိပ်နည်းတယ်ဆိုပြီး သုံးသပ်နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်းမှာတောင် မြန်မာ့အရေး ဒေသတွင်းနိုင်ငံတွေရဲ့ကြိုးပမ်းမှုတွေ မျှော်လင့်ထားသလောက် အရာမရောက်ခဲ့ဘူးဆိုပြီး ပြောဆိုနေပါတယ်။ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ စာရင် မြန်မာစစ်ကောင်စီနဲ့ ပိုပြီး ထိတွေ့ဆက် ဆက်ဆံရေးကို လိုလားတယ်လို့ အကဲခတ်တွေက လက်ခံထားပါတယ်။

ဇန်နဝါရီလ ဒုတိယပတ်အတွင်းကတော့ လာအိုနိုင်ငံက မြန်မာ့အရေး အထူး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ မစ္စတာ Alounkeo Kittikhoun နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးခုကို အကောင်အထည်ဖေါ်နိုင်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး ဆက်လက် တာဝန်ယူသွားမယ်လို့ မစ္စတာ Alounkeo Kittikhoun က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG