သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ Nasser ဆေးရုံမှာ အောက်စီဂျင်ပြတ်လို့ လူနာတချို့သေဆုံး


Nasser ဆေးရုံရောက်လာတဲ့ ကလေးငယ်တဦး (ဇန်နဝါရီ ၁၂၊ ၂၀၂၄)
Nasser ဆေးရုံရောက်လာတဲ့ ကလေးငယ်တဦး (ဇန်နဝါရီ ၁၂၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Khan Yunis မြို့က အစ္စရေးစစ်တပ် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ Nasser ဆေးရုံမှာ အောက်စီဂျင်ပြတ်ပြီး လူနာတချို့ သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဆေးရုံမှာ မီးဖြတ်ခံထားရသလို အစ္စရေးတို့ စီးနင်းခဲ့ပြီးနောက် မီးစက်တွေလည်း အလုပ် မလုပ်တော့တဲ့အတွက် ဒီနေ့ သောကြာနေ့မှာ လူနာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာကို အုပ်ချုပ်နေတဲ့ Hamas အစိုးရ ကျန်းမာရေးဌာနက ပြောပါတယ်။

ဂါဇာဒေသထဲမှာ ဆက်လက်လည်ပတ်နေဆဲ တခုထဲသော ဆေးရုံထဲမှာ မနှစ် အောက်တိုဘာ ၇ ရက်က Hamas စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ၊ ဓါးစာခံအလောင်းတွေရှိနေတယ်လို့ ယုံကြည်ရတဲ့ ထောက်လှမ်းရေးသတင်းအရ ဆေးရုံထဲကို ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရက ကြာသပတေးနေ့က ပြောကြားပြီး တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ ဆေးရုံကို ဝင်စီးပြီးနောက်မှာတော့ ဓါးစာခံတွေကို မတွေ့ဘဲ လက်နက်တွေ၊ လက်ပစ်ဗုံးတွေ တွေ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဆေးရုံဝန်းကို အစ္စရေးစစ်တပ် ဆက်လက်ထိန်းချုပ်ထားတာနဲ့အတူ အထဲက အရေးပေါ် လူနာတွေ၊ ကလေးငယ်တွေနဲ့ ဆေးရုံဝန်ထမ်းတွေရဲ့ ကံကြမ္မာဟာ အစ္စရေးစစ်တပ်လက်ထဲရောက်နေတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဌာနက ပြောကြားခဲ့ပါတယ်။ ဂါဇာတောင်ပိုင်းက Rafah မြို့ကိုလည်း အစ္စရေးစစ်တပ်က ဝင်ရောက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာပဲ Rafah မြို့နဲ့ကပ်နေတဲ့ အီဂျစ်နိုင်ငံဘက်က တံတိုင်းကာရံနေတယ်လို့ ယုံကြည်ရတဲ့ ဂြိုလ်တုဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

အီဂျစ်အစိုးရဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။ ဂါဇာကမ်းမြောင်ဒေသနဲ့ ထိဆက်နေတဲ့ အီဂျစ်နိုင်ငံ Sinai ကျွန်းဆွယ်ဘက်ကို ပါလက်စတိုင်းဒုက္ခသည်တွေ အလုံးအရင်း ရောက်လာခဲ့ရင် ပါလက်စတိုင်းတွေ၊ အီဂျစ်တွေနဲ့ ငြိမ်းချမ်းရေးအတွက် ပိုဆိုးတဲ့အခြေအနေတွေဖြစ်လာမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Filippo Grandi က Reuters သတင်းဌာနကို ဒီနေ့ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG