သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google ကြောင့် စစ်ကောင်စီ အကျိုးရှိနေကြောင်း Burma Campaign UK ဝေဖန်


Google ရုံးချုပ်ရှေ့ဆိုင်းဘုတ်
Google ရုံးချုပ်ရှေ့ဆိုင်းဘုတ်

Google ကုမ္ပဏီဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်လို့ ပြောနေပေမဲ့ တကယ့်လက်တွေ့မှာတော့ မြန်မာစစ်တပ်ကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေတဲ့ MyTel ၊ OKPar (အိုကေပါ) စတဲ့ ကုမ္ပဏီတွေရဲ့ Application တွေကို လက်ခံ​ အသုံးပြုခွင့်ပေးနေတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။​

အခုလို မြန်မာစစ်တပ်ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေရဲ့ Apps တွေကို လက်ခံ​ အသုံးပြုခွင့်ပေးထားတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းရာမှာ အကြောင်းပြန်ကြားခြင်း မရှိခဲ့တဲ့အတွက် Google ကို မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေတဲ့ Dirty List အမည်မဲစာရင်းထဲ Burma Campaign UK အဖွဲ့က ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။​

မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ Apps တွေကို Google က လက်ခံ အသုံးပြုခွင့်ပေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ချီးမွှမ်းတဲ့စာနဲ့ ဝေဖန်တဲ့စာ ၂ မျိုး အကြောင်းပြန်ပေးဖို့ Burma Campaign UK အဖွဲ့က Google ရဲ့ AI (Artificial Intelligence) App တခုဖြစ်တဲ့ Gemini ကို မေးခွန်း ၂ ခု မေးမြန်းခဲ့တာမှာ - မြန်မာစစ်တပ်ဟာ နိုင်ငံသားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးတွေ ချိုးဖောက်နေကြောင်း၊ အဲဒီလို ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် Google အနေနဲ့ ချီးမွှမ်းတဲ့စာကို ရေးပေးဖို့မဖြစ်နိုင်ကြောင်း တောင်းပန်စာ ပြန်လည် ရေးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဝေဖန်တဲ့စာ ရေးပေးဖို့ တောင်းဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့တော့ - မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ Apps တွေကို Google က လက်ခံ​အသုံးပြုခွင့်ပေးထားတာဟာ Google အနေနဲ့ တာဝန်မဲ့ရာရောက်သလို သန်းပေါင်းများစွာသော မြန်မာပြည်သူတွေ ခံစားနေရတဲ့ကိစ္စတွေမှာ Google က ကြံရာပါအဖြစ် ပါဝင်နေကြောင်း၊ Google နဲ့ Google Play Store တွေမှာ အဲဒီ Apps တွေကို လက်ခံ အသုံးပြုခွင့်ပြု ပြုထားတဲ့လုပ်ရပ်ဟာ အတိုက်အခံတွေကို ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေ ကျူးလွန်မှုတို့အပြင် အခြေခံ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အထောက်အကူပြုရာ ရောက်စေတယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ Burma Campaign UK အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။​

Google ရဲ့ AI က အလိုလျောက်အကြောင်းပြန်ခဲ့တဲ့ စာ ၂ ခုကို ကြည့်ခြင်းအားဖြင့် Google ရဲ့ AI ဟာ Google ကုမ္ပဏီထက် အခြေခံ လူ့အခွင့်အရေးတွေကို ပိုပြီး နားလည်ကြောင်း၊ ဒါကြောင့် Google ကုမ္ပဏီအကြီးအကဲ Sundar Pichai မြန်မာစစ်တပ်ကို ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးနေတဲ့ Apps တွေရဲ့ကိစ္စနဲ့ပတ်လို့ သူ့ကုမ္ပဏီရဲ့ AI ပြောစကားကို နားထောင် လိုက်နာသင့်ကြောင်း Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG