သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အလေးထားလုပ်ဆောင်ပေးဖို့ သမ္မတအိမ်ဖြူရှေ့တောင်းဆို


မြန်မာ့အရေး လှုပ်ရှားသူများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြကြစဥ် (မှတ်တမ်းပုံ) (Photo: Anti Dictatorship in Burma - DC Metro Area)
မြန်မာ့အရေး လှုပ်ရှားသူများ အိမ်ဖြူတော်ရှေ့ ဆန္ဒပြကြစဥ် (မှတ်တမ်းပုံ) (Photo: Anti Dictatorship in Burma - DC Metro Area)

မြန်မာ့အရေး အလေးထားလုပ်ဆောင်ပေးဖို့ သမ္မတအိမ်ဖြူရှေ့တောင်းဆို

မြန်မာနိုင်ငံမှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းခဲ့တဲ့ (၃)နှစ်ပြည့်အဖြစ် နိုင်ငံတကာရောက် ြမန်မာနိုင်ငံသားတွေ ဆန္ဒပြနေကြရာမှာ − ဝါရှင်တန်ဒီစီ မေရီလန်း ဗာဂျီးနီးယားပြည်နယ် တဝိုက်က မြန်မာတွေကလည်း အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့ သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် အာရုံစိုက် လုပ်ဆောင်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန်ကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ချင်းတိုင်းရင်းသား ဦးဒွန်ခပ်က VOA ကို ပြောပါတယ်။

" အိမ်ဖြူတော်ရှေ့ကို ရွေးပြီးတော့မှ ကျနော်တို့ ဆန္ဒပြပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ အမေရိကန်အစိုးရကနေပြီးတော့မှ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးမှာ ဆောင်ရွက်ပေးတာက တော်တော်လေးကို နည်းပါတယ်။ အားမလို အားမရဖြစ်စရာတွေလည်း အများကြီးပါပဲ။ ပြီးတော့ BURMA ACT ဆိုရင်လည်း အသက်ထပ်မဝင်တော့သလို ဖြစ်နေတယ်။ ပြီးတော့ NDAA ဆိုရင်လည်း ဟုတ်တိပတ်တိ မရှိဘူး။ အဲဒါတွေကို ကျနော်တို့ အိမ်ဖြူတော်ကို သွားပြီးတော့မှ သမ္မတ ဘိုင်ဒင်နဲ့ အမေရိကန်အစိုးရကို ကျနော်တို့ ထောက်ပြတဲ့သဘော ၊ အကူအညီတောင်းတဲ့သဘောနဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ "

အလားတူ နယူးယောက်မြို့မှာလည်း NYCBC အဖွဲ့က ဦးစီးပြီး စစ်အာဏာသိမ်း ( ၃ ) နှစ်ပြည့် ဆန္ဒပြပွဲကို Father Duffy Square မှာ ပြုလုပ်ခဲ့ပြီး ထမီသပိတ်၊ သံပုံးတီးသပိတ် စတဲ့ သရုပ်ဖေါ်မှုမျိုးနဲ့ နယူးယောက်အပြင် အခြား အနီးအနားပြည်နယ်တွေကပါ လူရာချီ တက်ရောက်လှုပ်ရှားခဲ့ကြပါတယ်။ NUG နိုင်ငံြခားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်း ဒီပွဲကို တက်ရောက် စကားပြောခဲ့ပါတယ်။

ဥရောပတိုက်ထဲက နယ်သာလန်နိုင်ငံမှာတော့ အမ်စတာဒမ်မြို့မှာ မြန်မာတွေ စုပေါင်းပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေ ဈေးရောင်းပွဲတရပ် ကျင်းပခဲ့ပါတယ်။ စျေးရောင်းပွဲမှာရရှိတဲ့ ယူရိုငွေ ၃,၇၀၀ ကို လိုအပ်တဲ့နေရာတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG