သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးပေါတဲ့ တရုတ်ထုတ် ကားပစ္စည်းတင်သွင်းမှု ပိတ်ပင်ဖို့ ကန်လုပ်ငန်းရှင်တွေ တောင်းဆို


တရုတ်ပြည်တွင်းထုတ် BYD လျှပ်စစ်ကားကို ဝယ်ယူလိုသူတွေ ကြည့်ရှုစစ်ဆေးနေစဥ်။
တရုတ်ပြည်တွင်းထုတ် BYD လျှပ်စစ်ကားကို ဝယ်ယူလိုသူတွေ ကြည့်ရှုစစ်ဆေးနေစဥ်။

အမေရိကန်အစိုးရ အနေနဲ့ မက္ကဆီကိုနိုင်ငံကတဆင့် တင်သွင်းတဲ့ တန်ဖိုးနည်း တရုတ် မော်တော်ယာဥ်တွေနဲ့ အစိတ်အပိုင်းတွေကို ပိတ်ပင်သင့်တယ်လို့ အမေရိကန် ကားထုတ်လုပ်သူများအရေး ဆောင်ရွက်နေတဲ့အဖွဲ့က သောကြာနေ့က တောင်းဆိုလိုက်ပြီး ဒီတန်ဖိုးနည်း တရုတ်ကားတွေက အမေရိကန် ကားကုမ္ပဏီတွေရဲ့ ရပ်တည် ရှင်သန်နိုင်စွမ်းကို ခြိမ်းခြောက်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

"တရုတ်အစိုးရရဲ့ ဓန ငွေကြေးအင်အားနဲ့ ထောက်ပံ့မှုတွေကြောင့် ဈေးပေါပေါနဲ့ ထုတ်လုပ်နိုင်စွမ်းတဲ့ တရုတ်မော်တော်ကားတွေက အမေရိကန်ကား ထုတ်လုပ်ရေး လုပ်ငန်းကို မျိုးသုဉ်းသွားစေနိုင်တယ်" လို့ Alliance for American ကုန်ထုတ်လုပ်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြောက်အမေရိက လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်စာချုပ်ကို အသုံးချပြီး မက္ကဆီကိုမှာ အခြေလာစိုက်ထားတဲ့ တရုတ်ကားကုမ္ပဏီတွေက အမေရိကန်ကို လွယ်လွယ်ကူကူ ကားတင်သွင်းခွင့်ရနေပြီး ဒါကို တားဆီးပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုတာပါ။ " အမေရိကန်ပြည်ထောင်စုမှာ ကားစက်ရုံတွေ ပိတ်သိမ်းရပြီး အလုပ်အကိုင် ဆုံးရှုံးမှုတွေ မဖြစ်သေးခင်မှာ အချိန်မီ တရုတ်မော်တော်ယာဥ် တင်သွင်းနိုင်နေတဲ့ နောက်ဖေးပေါက် တံခါးကို ပိတ်သင့်တယ်" လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ထုတ်လုပ်တဲ့ မော်တော်ယာဉ်တွေနဲ့ အစိတ်အပိုင်းတွေဟာ အမေရိကန်-မက္ကစီကို-ကနေဒါ ကုန်သွယ်ရေး သဘောတူညီချက်အရ အထူးအခွင့်အရေးတွေ ရနေပြီး EV လို့ခေါ်တဲ့ လျှပ်စစ်ကားတွေဆိုရင် ဝယ်သူတွေအနေနဲ့ ဒေါ်လာ ၇,၅၀၀ အခွန်ကင်းလွတ်ခွင့်လည်း ရနေတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဝါရှင်တန် တရုတ်သံရုံးကတော့ “တရုတ်ရဲ့ ပြည်ပ ကားတင်သွင်းမှုက တရုတ်နိုင်ငံ တခုလုံးရဲ့ ကုန်ထုတ်လုပ်ငန်းရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်နေမှုနဲ့ ဆန်းသစ်တီထွင်နိုင်မှုကို ထင်ဟပ် ပြသနေပြီး တရုတ်မော်တော်ယာဥ်လုပ်ငန်းက အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်နေကာ ကမ္ဘာကို စရိတ်သက်သာတဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေေပံ့ပိုးပေနေတယ်”လို့ တုံ့ပြန်ထားပါတယ်။

Forum

XS
SM
MD
LG