သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကိုကျော်ပြီး တရုတ်ရဲ့ ကားတင်ပို့မှု ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ


ရေကြောင်းကနေတဆင့် ပြည်ပကိုတင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေကို ရှမ်ဒေါင်းပြည်နယ် Yantai ဆိပ်ကမ်းမှာ တွေ့ရစဉ် (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
ရေကြောင်းကနေတဆင့် ပြည်ပကိုတင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေကို ရှမ်ဒေါင်းပြည်နယ် Yantai ဆိပ်ကမ်းမှာ တွေ့ရစဉ် (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

တရုတ်ပြည်ဟာ ၂၀၂၃ခုနှစ်မှာ ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာ့ကားတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ တရုတ်ကားလုပ်ငန်းအဖွဲ့အစည်းတွေက ဆိုလိုက်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ ဈေးကွက်နဲ့ တကမ္ဘာလုံး လျှပ်စစ်ကားဝယ်လိုအားမြင့်လာမှုတို့ကြောင့်ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်အတွင်း တရုတ်မှာ ကားထုတ်လုပ်ရေးက အစီးရေ သန်း ၃၀ ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိပြီး ဒီထဲက ၄.၉၁ သန်းဟာ ပြည်ပကိုတင်ပို့တာဖြစ်တယ်လို့ ကားထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး China Daily တရုတ်အစိုးပိုင်သတင်းစာက ဖော်ပြပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်ကတင်ပို့တဲ့ ၃.၁၁ သန်းနဲ့စာရင်း ၅၈% တိုးလာတာဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ ဂျပန်ကို ကျော်တက်သွားတယ်လို့ ဆိုပါတယ်။

ဂျပန်ရဲ့ NHK သတင်းဌာနကတော့ နိုဝင်ဘာလအထိ ဂျပန်ရဲ့ကားတင်ပို့မှုက ၃.၉၉ သန်းအရေအတွက်ရှိကြောင်းဖော်ပြထားတာကြောင့် ဒီဇင်ဘာအထိ ထုတ်လုပ်တဲ့အရေအတွက်ကို တရားဝင် မသိရသေးပေမယ့်လည်း တရုတ်ကို လိုက်မီဖို့အတွက် ဖြစ်နိုင်ချေနည်းသွားတာလည်းဖြစ်ပါတယ်။

အခုလို တင်ပို့မှု ရုတ်တရက်ခုန်တက်သွားတာဟာ တင်ပို့မှုအများဖြစ်တဲ့ ရုရှားဈေးကွက်ရဲ့ အဓိကဝယ်လိုအားကြောင့်ဖြစ်ပြီး အရေအတွက် အစီးရေ ၈ သိန်းလောက်ရှိတယ်လို့ China Passenger Car Association (CACA) အဖွဲ့အစည်းရဲ့ အထွေထွေအတွင်းရေးမှူး Cui Dongshu က ဆိုကြောင်း The Wall Street Journal သတင်းစာက ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်စစ်စတင်တဲ့အတွက် ရုရှားနိုင်ငံထဲကနေ အနောက်နိုင်ငံက ကားကုမ္ပဏီတွေ ထွက်ခွာချိန်မှာ တရုတ်ကားကုမ္ပဏီတွေက ရုရှားဈေးကွက်ကို အလျင်အမြန် ဝင်ရောက်နေရာယူလာတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ပထမဆုံး ၁၁ လအတွင်း တရုတ်အကောက်ခွန်ဌာန အချက်အလက်တွေအရေ ရုရှားကို တရုတ်ရဲ့ ကားတင်ပို့မှုဟာ အရင်နှစ်ကထက်စာရင် ၅၄ % တက်သွားခဲ့တာဖြစ်ပြီး စုစုပေါင်း အစီးရေ ၈၄၀,၀၀၀ နဲ့ တရုတ်ရဲ့ ဝယ်လိုအားအမြင့်ဆုံး ဖောက်သည်ဖြစ်လာတာပါ။

ဒါ့အပြင် လျှပ်စစ်ကား (EV) နဲ့ စွမ်းအင်နှစ်မျိုးသုံး (hybrid) ကားတွေလို စွမ်းအင်သစ်သုံးယာဉ် (NEVs) လို့ခေါ်တဲ့ယာဉ်တွေကလည်း ထုတ်လုပ်မှုနဲ့ တင်ပို့မှုကို ပိုအားကောင်းစေတာပါ။

ဒီ NEVs တွေထုတ်လုပ်မှုက ၂၀၂၃ ခုနှစ်မှာ ၉.၅၉ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက်စာရင် ၃၆% မြင့်တက်လာကာ နိုင်ငံရဲ့ကားထုတ်လုပ်မှု သုံးပုံတပုံနီးပါးနဲ့ ပြည်ပတင်ပို့မှုရဲ့ လေးပုံတပုံကို နေရာယူလာတာဖြစ်ပါတယ်လို့ တရုတ်ကားထုတ်လုပ်ရေးအသင်းက ဇန်နဝါရီ ၁၁ ရက်နေ့က ဆိုပါတယ်။ ဒီအမျိုးအစားကားတွေရဲ့ ပြည်ပကို တင်ပို့ရမှုအရေအတွက်ဟာ ၁.၂ သန်းနီးပါးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက်စာရင် ၇၇% တိုးတက်လာကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ဘီလျံနာသူဌေးကြီး Warren Buffett ရဲ့ Berkshire Hathaway ကုမ္ပဏီက ကျောထောက်နောက်ခံမှုရထားပြီး တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးမှာ ဦးဆောင်နေတဲ့ BYD ကုမ္ပဏီဟာ မနှစ်က နောက်ဆုံး ၃လပတ်အတွင်း အစီးရေ ၅၂၆,၄၀၀ ရောင်းချခဲ့ပြီး ဒီကာလအတွင်း အမေရိကန်လျှပ်စစ်ကား ကုမ္ပဏီ Tesla ရဲ့ ရောင်းချမှုအစီးရေ (၄၈၄,၅၀၀) ကို ပထမဆုံးအကြိမ်အဖြစ်ကျော်တက်သွားပါတယ်။

၁၉ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာကားပြပွဲမှာတွေ့ရတဲ့ တရုတ်နိုင်ငံ BYD ကားကုမ္ပဏီထုတ် BYD EA1 Xdream လျှပ်စစ်ကား (ဧပြီ ၁၉၊ ၂၀၂၁)
၁၉ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာကားပြပွဲမှာတွေ့ရတဲ့ တရုတ်နိုင်ငံ BYD ကားကုမ္ပဏီထုတ် BYD EA1 Xdream လျှပ်စစ်ကား (ဧပြီ ၁၉၊ ၂၀၂၁)

၂၀၂၃ ခုနှစ် တနှစ်လုံးအတိုင်းအတာနဲ့ ယှဉ်ရင်တော့ Tesla ဟာ အစီးရေ ၁.၈ သန်းနဲ့ BYD ဟာ အစီးရေ ၁.၆သန်းရှိတာကြောင့် Tesla က ပိုများနေသေးပေမယ့် တရုတ်နဲ့ အမေရိကန်လျှပ်စစ်ကားရောင်းချရမှုကြားက ကွာဟချက်ဟာ အချိန်တိုအတွင်းမှာပဲ ကျဉ်းမြောင်းလာနေပါတယ်။ Tesla ရဲ့ အကြီးဆုံးကာထုတ်လုပ်ရေးစက်ရုံက တရုတ်ပြည် ရှန်ဟိုင်းမှာရှိပြီး တကမ္ဘာလုံးထုတ်လုပ်မှုအရေအတွက်ရဲ့ တဝက်ကျော်ကို ထုတ်ပေးနေတာလည်းဖြစ်ပါတယ်။

ဈေးကွက်ကျွမ်းကျင်သူတွေကတော့ အခုလို လျှပ်စစ်ကားဈေးကွက် အလျှင်အမြန်တိုးတက်လာပြီး တင်ပို့မှုမြှင့်လာတာက တရုတ်အစိုးရရဲ့ အင်တိုက်အားတိုက်ငွေကြေးထောက်ပံ့တာကြောင့်ဖြစ်တယ်လို့ အသိအမှတ်ပြုကြပါတယ်။

ဒီလိုတရုတ်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှုတွေက လျှစ်စစ်ကားကုမ္ပဏီတွေကို ဒီဇိုင်း၊ ထုတ်လုပ်ရေးနဲ့ အရေးပါတဲ့ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) ဘက်ကို ပိုအာရုံစိုက်နိုင်စေခဲ့တယ်လို့ ဝါရှင်တန်အခြေစိုက် Dentos Global Advisors ကုမ္ပဏီက တရုတ်နဲ့ နည်းပညာ မူဝါဒဆိုင်ရာလေ့လာသူ Paul Triolo က ဗွီအိုအေကို ပြောပါတယ်။ "အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံအစိုးရတွေကတော့ ဆယ်စုနှစ်အလွန်က ကြိုးစားမှုတွေ မအောင်မြင်ဖြစ်ပြီးကတည်းက လျှပ်စစ်ကားတွေရဲ့ ဘက်ထရီထုတ်လုပ်ရေးကွင်းဆက် (supply chains) ရဲ့ ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးဖို့ နောက်ကျခဲ့တာဖြစ်ပါတယ်။"

တရုတ်အစိုးရကတော့ လျှပ်စစ်ကားတွေထုတ်လုပ်မှု ပိုအာရုံစိုက်ရေး ပြည်တွင်းထုတ်ကားကုမ္ပဏီတွေကို အားပေးခဲ့ဖို့ ၂၀၀၉ ခုနှစ်မှာ ငွေကြေးထောက်ပံ့ရေးအစီအစဉ်နဲ့ ကင်းလွတ်ခွင့်တွေ ချမှတ်ဖော်ဆောင်ခဲ့ပြီး ဘက်ထရီအားသွင်းဖို့လိုအပ်တဲ့ အခြေခံအဆောက်အဦတွေနဲ့ လျှပ်စစ်ကားဝယ်သူတွေကို အခွန်ကင်းလွတ်ခွင့်တွေ တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။

အကြံပေးအဖွဲ့တခုဖြစ်တဲ့ AlixPartners ကတော့ တရုတ်ရဲ့ လျှပ်စစ်နဲ့ hybrid ကားတွေအတွက် အစိုးရထောက်ပံ့ကြေးငွေဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဒေါ်လာ ၅၇ ဘီလျံရှိကြောင်းခန့်မှန်းပါတယ်။ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်း စွမ်းအင်သစ်ယာဉ်တွေအတွက် ဒေါ်လာ ၇၂ ဘီလျံကျော်ပမာဏရှိမယ့် အခွန်ကင်းလွတ်ခွင့်တွေကိုလည်း တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ ဇွန်လက ကြေညာခဲ့ပါတယ်။

လိုအပ်ချက်တိုးလာနေတဲ့ ဈေးကွက်ထဲ အမေရိကန်နဲ့ ဥရောပ လျှပ်စစ်ကားကုမ္ပဏီတွေဟာ တရုတ်ကုမ္ပဏီတွေနောက်မှာ အတော်လေးကျန်ခဲ့ပြီလို့ Triolo က သုံးသပ်ပါတယ်။

"ကမ္ဘာ့တောင်ပိုင်းနဲ့ အရှေ့တောင်အာရှလို ဒေသတွေမှာ တရုတ်ကုမ္ပဏီတွေက ဈေးကွက်နေရာယူထားမှာ သေချာသလောက်ပါပဲ။ ဒီနိုင်ငံတွေမှာ အနောက်ကုမ္ပဏီတွေ ဝင်တိုးဖို့ခက်ပါလိမ့်မယ်။"

ဘေကျင်းမှာကျင်းပတဲ့ နိုင်ငံတကာကုန်စည်ပြပွဲအတွင်း တွေ့ရတဲ့ အမေရိကန်ကုမ္ပဏီထုတ် Tesla လျှပ်စစ်ကားများ (ဇန်နဝါရီ ၅၊ ၂၀၂၄)
ဘေကျင်းမှာကျင်းပတဲ့ နိုင်ငံတကာကုန်စည်ပြပွဲအတွင်း တွေ့ရတဲ့ အမေရိကန်ကုမ္ပဏီထုတ် Tesla လျှပ်စစ်ကားများ (ဇန်နဝါရီ ၅၊ ၂၀၂၄)

ဒါပေမယ့် ပြည်တွင်းကုမ္ပဏီတွေကြီးစိုးနေတဲ့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက ဈေးကွက်နေရာအတွက်တော့ တရုတ်လျှပ်စစ်ကားတွေ ရုန်းကန်နေရဆဲပါ။ တရုတ်ရဲ့ လျှပ်စစ်သုံးယာဉ်တွေက ဥရောပဈေးကွက်ရဲ့ ၈% အထိ ရောက်လာချိန်မှာတော့ ဥရောပနဲ့ အမေရိကန်အစိုးရတွေဘက်က စတင်တုန့်ပြန်လာပါတယ်။

ဥရောပကုမ္ပဏီတွေထက် ၂၀% လောက်ဈေးပိုသက်သာတဲ့ တရုတ်ကလာတဲ့ လျှပ်စစ်ကားတွေအပေါ် ဥရောပသမဂ္ဂဟာ ၁၀% တင်သွင်းခွင့် အခွန်ကောက်ခံခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ဈေးပေါတဲ့ တရုတ်လျှပ်စစ်ကားတွေဟာ ကမ္ဘာ့ဈေးကွက်ကို အလျှံအပယ်ဝင်ရောက်လာနေတယ်လို့ စက်တင်ဘာလက မှတ်ချက်ပြုဖူးပါတယ်။ သူကပဲ " ဒီဈေးနှုန်းတွေက တရုတ်အစိုးရရဲ့ ထောက်ပံ့ငွေတွေနဲ့ တမင်သက်သက်သက်သာအောင်လုပ်ထားတာဖြစ်ပြီး ကျွန်မတို့ ဈေးကွက်ကို ထိခိုက်စေပါတယ်" လို့ဆိုပါတယ်။

အခုလို တရုတ်အစိုးရရဲ့ ထောက်ပံ့မှုတွေအပေါ်စုံစမ်းမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ် လာမယ့်သီတင်းပတ်တွေအတွင်းမှာ ဥရောပကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးသူတွေက တရုတ်လျှပ်စစ်ကားကုမ္ပဏီတွေကို စစ်ဆေးသွားမှာဖြစ်ပြီး ဒီတွေ့ရှိချက်တွေကနေ သွင်းကုန်အခွန်တွေ ပိုတိုးချမှတ်တာ ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားပါတယ်။ တရုတ်အစိုးရကတော့ ဒီကိစ္စအပေါ် "ပြည်တွင်းလုပ်ငန်းကာကွယ်ရေး ဗြောင်ကျကျလုပ်ဆောင်ချက်"အဖြစ် စွပ်စွဲ ဝေဖန်ထားပါတယ်။

အမေရိကန်ကတော့ တရုတ်လျှပ်စစ်ကားတွေအပေါ်လက်ရှိ တင်သွင်းခွင့်အခွန် ၂၇.၅% ကောက်ခံထားပြီး ဒီနှစ်မှာ ထပ်တိုးနိုင်တယ်လို့ ပြီးခဲ့တဲ့လကပဲ ဘိုင်ဒန်အစိုးရက အရိပ်အမြွက်ပြောထားပါတယ်။ ဒီနှစ်ကစလို့ တရုတ်မှာ ထုတ်လုပ် (သို့မဟုတ်) တပ်ဆင်ထားတဲ့ ဘက်ထရီနဲ့ အမေရိကန်ထဲမှာ လာထုတ်တဲ့ကားတွေကိုလည်း ဒေါ်လာ ၇၅၀၀ ထိ ပေးမယ့် အခွန်ကင်းလွတ်ခွင့်ရတော့မှာ မဟုတ်ကြောင်း ဒီဇင်ဘာလက ကြေညာခဲ့သေးတာပါ။

ဒါပေမယ့် အခုလို သွင်းကုန်အခွန်တိုးကောက်တာတွေက မက္ကဆီကိုလိုနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအတွင်းမှာတောင် တရုတ်ကုမ္ပဏီတွေ စက်ရုံလာဖွင့်တာကိုတော့ တားနိုင်မှာ မဟုတ်ကြောင်း လေ့လာသုံးသပ်သူ Triolo က ဗွီအိုအေကိုပြောပါတယ်။ အကယ်၍ BYD လို ကုမ္ပဏီတွေက အနောက်တိုင်း ဈေးကွက်ကို ကြီးစိုးလာမယ်ဆိုရင်တော့ တရုတ်ဖုန်းကုမ္ပဏီ Huawei တုန်းက ဖြစ်ရပ်လို အမျိုးသားလုံခြုံရေးကို ထိခိုက်လာစေနိုင်တဲ့အဆင့်အထိပါရောက်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။

"တဘက်ကကြည့်မယ်ဆိုရင် Smart လျှပ်စစ်ကားတွေဟာ စမတ်ဖုန်းတွေကိုဘီးတပ်ပေးထားတာနဲ့ တူပါတယ်။ ကားပေါ်မှာ တပ်ဆင်ထားတဲ့ အာရုံခံ sensor တွေနဲ့ ကွန်ပြူတာစွမ်းအားအရ ဒီကားတွေက အချက်အလက်ရယူစုဆောင်းတာနဲ့ ဖြန့်ဝေတာလို စိုးရိမ်စရာအခြေအနေတွေ လုပ်ဆောင်နိုင်ပါတယ်။"

XS
SM
MD
LG