သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၈ ထောင်ကျော်က နံရံပန်းချီ


တောင်အမေရိကတိုက်ရဲ့ အစောဆုံး အုတ်ဂူနံရံပန်းချီကို အာဂျင်တီးနားနိုင်ငံ Patagonia ဒေသက ကျောက်ဂူတွေထဲမှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင် Dr. Guadalupe Romero Villanueva ။ (REUTERS)
တောင်အမေရိကတိုက်ရဲ့ အစောဆုံး အုတ်ဂူနံရံပန်းချီကို အာဂျင်တီးနားနိုင်ငံ Patagonia ဒေသက ကျောက်ဂူတွေထဲမှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင် Dr. Guadalupe Romero Villanueva ။ (REUTERS)

တောင်အမေရိကတိုက်မှာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိတဲ့ အုတ်ဂူနံရံပန်းချီတွေကို အာဂျင်တီးနားနိုင်ငံ Patagonia ဒေသမှာ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။

အာဂျင်တီးနားနိုင်ငံ Patagonia ပါတာဂိုးညာ ဒေသက Huenul ဟွယ်နော ဂူတွေထဲမှာ တောင်အမေရိကတိုက်ရဲ့ အစောဆုံး အုတ်ဂူနံရံပန်းချီလို့ တွက်ဆရတဲ့ အနုပညာလက်ရာတွေကို အာဂျင်တီးနားနဲ့ ချီလီ ရှေးဟောင်းသုတေသန ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။ လေ့လာမှုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၂၀၀)လောက်က လက်ရာတွေလို့ ဆိုပါတယ်။ (ဟွယ်နော) ဂူထဲမှာ နံရံပန်းချီ (၈၉၅)ခုတွေ့ရပါတယ်။ စတုရန်းမီတာ (၆၃၀)ကျယ်ဝန်းတဲ့ အဲဒီကျောက်ဂူဟာ အာဂျင်တီးနားမြို့တော် Buenos Aires ရဲ့ အနောက်တောင်ဘက် မိုင်(၆၈၀)ကျော် Neuquen နိုကင်းမြို့နားမှာ တည်ရှိတာပါ။

Dr. Guadalupe Romero Villanueva ဟာ အာဂျင်တီးနားက ရှေးဟောင်းသုတေသန ပညာရှင် ဖြစ်ပါတယ်။

“ ဒီမှာတွေ့ရတဲ့ ငှက်မွှေးတောင်ပုံစံ ၊ ထပ်တလဲလဲ အကွက်ဖေါ်ထားတဲ့ နံရံပန်းချီကို မီးသွေးနဲ့ ရေးဆွဲခဲ့တာပါ။ ဘယ်တုန်းက ရေးဆွဲခဲ့သလဲဆိုတဲ့ အချိန်ကာလကို ကျမတို့ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တောင်အမေရိကားတိုက်မှာ အစောဆုံး အုတ်ဂူ−နံရံပန်းချီလို့တောင် ဆိုနိုင်ပါတယ်။ Huenul cave (ဟွယ် နော ဂူ)မှာ တွေ့ရတဲ့ ဒီ ပန်းချီ လက်ရာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း (၈)ထောင်လောက်က ဆွဲခဲ့တဲ့သဘောပါ။ ”

ဒေါက်တာ (Guadalupe ဂွါလာလူ့ပေ့)ဟာ အဆင့်မြင့်သိပ္ပံဂျာနယ်မှာ သုတေသန စာတမ်းတွေရေးသားနေသူပါ။ ဟွယ်နော ဂူတွေထဲမှာတွေ့ရတဲ့ အချို့သော သီးခြားပုံစံ ပန်းချီလက်ရာတွေက အနည်းဆုံး နှစ်(၃၀၀၀) လောက်ထဲက ဆွဲခဲ့တာလို့ သူကဆိုပါတယ်။

“ ဒီ နံရံပန်းချီတွေနဲ့ သူတို့ဆွဲခဲ့တဲ့ ကာလကို ဆက်စပ် လေ့လာကြည့်တဲ့အခါ အဲဒီအချိန်က ဒီဒေသမှာ မိုးနည်း ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ခဲ့တာမို့ နေထိုင်တဲ့လူဦးရေ ကျဲပါးခဲ့ပုံရပါတယ်။ ပုံတွေပေါ်အခြေခံပြီး ကျမတို့ ကောက်ချက်ဆွဲနိုင်တာက နေရာရွှေ့ပြောင်း သွားလာတတ်တဲ့ အမဲလိုက်အုပ်စုက ရာသီဥတုဒဏ်ကို ကျော်လွှားဖို့ ဒီဂူတွေထဲမှာ ခေတ္တခိုအောင်း နေသွားခဲ့ဖူးတဲ့ သဘောပါ။ အာဂျင်တီးနား မြောက်ဘက်ပိုင်းမှာရှိတဲ့ ဒီ Patagonia (ပါတာ ဂိုးညာ)ဒေသဟာ အဲဒီအချိန်က အရမ်းကို ခြောက်သွေ့ပြီး လူမနေတဲ့ လွင်တီးခေါင်ပြင်ဖြစ်ပါတယ်။ ”

ကမ္ဘာ့သမိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁ သောင်း ၁ထောင်)လောက်က စခဲ့တဲ့ Holocene (ဟော်လိုစင်း)ခေတ်ရဲ့ ခေတ်လယ်လို့ ဆိုနိုင်မယ့် ၊ အကြမ်းဖျင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်(၅ ထောင်)နဲ့(၇ ထောင်)ကြားကာလ ၊ အာဂျင်တီးနားရဲ့ ဒီဒေသ ဂူတွေထဲမှာ အမဲလိုက်အုပ်စုတချို့ နေထိုင်သွားခဲ့တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ သူတို့တွေ ရာသီဥတုကို ဘယ်လို ရင်ဆိုင်ခဲ့ကြသလဲဆိုတာ နံရံပန်းချီတွေဆွဲရင်း သတင်းစကားထားခဲ့တဲ့သဘောလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

Forum

XS
SM
MD
LG